www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၈ ဖေဖေါ်ဝါရီ ၂၀၁၉

Mizzima Burmese

Home > အာဘော်နှင့်အမြင် > အယ်ဒီတာ့အာဘော် > ရှစ်လေးလုံး မဟာအရေးတော်ပုံစိတ်ဓာတ် အဓွန့်ရှည်ပါစေ

ရှစ်လေးလုံး မဟာအရေးတော်ပုံစိတ်ဓာတ် အဓွန့်ရှည်ပါစေ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မကြာခင် “၈ ရက် ၈ လ ၈၈ ဒီမိုကရေစီမဟာအရေးတော်ပုံ” နှစ်ပတ်လည်နေ့ကို ရောက်တော့မည်ဖြစ်သည်။ ထူးခြားလာသည့် အခြေအနေများအပေါ်မူတည်ကာ မြန်မာတစ်ပြည်လုံး ရှစ်လေးလုံး အထိမ်းအမှတ်အခမ်းအနား
များ ကျင်းပနိုင်ရေး ကြိုးပမ်းပြင်ဆင်နေသော သတင်းများလည်း ကြားနေရသည်။ လက်ရှိအခြေအနေကို ခန့်မှန်း
ပြောဆိုရလျှင် ရှစ်လေးလုံး အထိမ်းအမှတ်အခမ်းအနားများမှာ ယေဘုယျအားဖြင့် တစ်နိုင်ငံလုံးနှင့်ချီ၍ ကျင်းပ
ပြုလုပ်နိုင်ဖို့ရာ အခြေအနေပေးလျက်ရှိသည်ဟု ယူဆရပါသည်။ မင်္ဂလာအခြေအနေ မင်္ဂလာသတင်းများပင်ဖြစ်ပါ
သည်။

ရှစ်လေးလုံး အခမ်းအနားများကျင်းပခြင်းသည် ကောင်းပါသည်။ ရှစ်လေးလုံးအခမ်းအနားများ ကျင်းပခြင်းသည် လိုအပ်ပါသည်။ သို့သော် ရှစ်လေးလုံးအခမ်းအနားများသည် မှန်ကန်လေးနက်သော နိုင်ငံရေး ရည်မှန်းချက်အပေါ်
တွင် အခြေခံဖို့ကပိုပြီး အရေးကြီးသည်ဟုယူဆသည်။ ရှစ်လေးလုံး အရေးတော်ပုံကြီး၏ နိုင်ငံရေးရည်မှန်းချက်သည် အဘယ်နည်း။

၂၆ နှစ်တာ တစ်ပါတီအာဏာရှင်စနစ်သည် တိုင်းပြည်၏ နယ်ပယ်အသီးသီးကို ပျက်စီးသွားစေခဲ့သည်ကို အားလုံး
အသိပင်ဖြစ်သည်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူ့အခွင့်အရေး ကောင်းမွန်ပြီး လိုလည်း လိုအပ်သည့် အရေးကိစ္စဟူသမျှကို တစ်ပါတီအာဏာရှင်စနစ်က ဖျက်ဆီးပစ်ကာ တစ်ပါတီအာဏာရှင် စနစ်သက်ဆိုးရှည်ရေးကို
သာ အဓိကထားခဲ့သဖြင့် ၂၆ နှစ်တာကာလအတွင်း တိုင်းပြည်သည် ဆင်းရဲမွဲတေခြင်း သံသရာလည်ခဲ့ရသည်။ ယင်းအခြေအနေများကို ပြည်သူတစ်ရပ်လုံးက ကျေနပ်လက်ခံနိုင်ခြင်း မရှိနိုင်ခဲ့ပါ။

ကျောင်းသား၊ အလုပ်သမား၊ လယ်သမားနှင့် ရဟန်းတော်များသည် ပြည်သူတို့၏ အထွေထွေ မခံမရပ်နိုင်မှုများ
အတွက် ပြည်သူတို့၏ နစ်နာမှုများကို ဖော်ပြရန်နှင့် မတရားဖိနှိပ်အုပ်ချုပ်သူများကို ဆန့်ကျင်ကြောင်း ထုတ်ဖော်
ပြသရန် လမ်းတွေပေါ်သို့ တက်လာခဲ့ကြရ၏။ ယင်းသို့ သဘောထားထုတ်ဖော်ပြသကြသည့် လူထုကို အာဏာရှင်
စနစ် လိုလားသူတို့သည် လက်နက်အားကိုးဖြင့် အကြမ်းဖက် ဖြိုခွင်းနှိမ်နင်းခြင်းဖြင့် သူတို့၏ သဘောထားကို အဖြေပေးခဲ့၏။ ထို့ကြောင့်ထိုစဉ်က ပြည်သူတို့၏ ဒီမိုကရေစီရေး၊ အာဏာရှင်ဆန့်ကျင်ရေး နိုင်ငံရေးရည်မှန်းချက်မှာ အကောင်အထည် မဖော်နိုင်ခဲ့ဘဲရှိခဲ့၏။

နှစ်ပေါင်း ၂၅ နှစ် ရှိခဲ့ပြီ။ ယင်း ၂၅ နှစ်အတွင်း ရှစ်လေးလုံးအရေးတော်ပုံအခမ်းအနားများ တရားဝင်လုပ်ဖို့ရာ
အခွင့်မသာခဲ့။ ယခုအခါ ယင်းဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားများ တစ်နိုင်ငံလုံးနှင့်ချီ၍ ကျင်းပနိုင်ရန် အခွင့်
အခါသာစပြုပြီဟု ယူဆရသည်။ ထိုအခါ မိမိတို့သည်လွန်ခဲ့သော ၂၅ နှစ်က လမ်းတွေပေါ် တက်ကာ သဘောထား ထုတ်ဖော်ပြသရင်း အသက်သွေးများ ပေးဆပ်သွားခဲ့ကြရသည့် ပြည်သူတို့၏ ရည်မှန်းချက်ကို မှန်ကန်စွာထင်ဟပ်
ဖော်ပြနိုင်သည့် အခမ်းအနားဖြစ်ရန်သာ အရေးကြီးသည်။

ရှစ်လေးလုံးအရေးသည် ဒီိမိုကရေစီရေးဖြစ်သည်။ လူ့အခွင့်အရေး ဖြစ်သည်။ ညီညွတ်ရေးငြိမ်းချမ်းရေး ဖြစ်သည်။ ထို့ကြောင့် မိမိတို့၏ ၂၅ နှစ်မြောက် ဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားများသည် ဒီမိုကရေစီရေး၊ လူ့အခွင့်
အရေး၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ရည်မှန်းချက်များမှလွဲချော်စေမည့် မည်သည့်အခြေ အနေမျိုးကိုမျှ လမ်းခင်း
မပေးမိစေရန်မှာ အရေးအကြီးဆုံးသောအချက်ဖြစ်ကြောင်း အကြံပြုအပ်ပေသည်။