www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
အင်္ဂါ, ၁၅ အောက်တိုဘာ ၂၀၁၉

Mizzima Burmese

သို့...လူငယ်များ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အခုလတ်တလော ပြောင်းလဲလာတယ် ထင်ရတဲ့နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ ပညာရှင်တွေ၊ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီ
တွေနဲ့ နိုင်ငံခြားက လာရောက်လေ့လာနေသူတွေ အားလုံးရဲ့ ကျွန်တော်တို့နိုင်ငံအပေါ်မှာ စိုးရိမ်နေတဲ့ အချက်တစ်ခု က အရည်အသွေးမီ လုပ်သားအင်အား မရှိဘူးဆိုတာလည်း တစ်ချက်အပါ အ၀င်လို့ ကျွန်တော် မြင်ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ မြွေမသေတုတ်မကျိုး အပြောင်းအလဲဖြစ်စဉ်ဟာ တုတ်ကလဲ လေထဲမှာ တန်းလန်း မြွေကလည်း ပါးပျဉ်းထောင်လျက်တန်းလန်းဖြစ်နေတဲ့ လေထဲတန်းလန်းဖြစ်စဉ်မျိုး အပြောင်းအလဲဖြစ်နေတဲ့အတွက် အချို့နေရာ
တွေ၊ နယ်ပယ်တွေမှာ အခွင့်အရေးသမားနဲ့ လူစွန့်စား၊ သူရဲကောင်းနဲ့ လူအလဲ အပြောင်း ကစားသမားတွေဟာ ကာလာခွဲမရ ဖြစ်နေတာလည်း အချက်တစ်ချက်ဖြစ်မယ် ထင်တယ်။

လူငယ်တွေဟာ မျိုးဆက် တစ်ဆက်နီးပါး လောင်းရိပ်မိ၊ အနင်းခံ ဖြစ်ခဲ့ရတဲ့ အကျိုးဆက်နဲ့ မြွေမသေ တုတ်မကျိုး အပြောင်းအလဲရဲ့ အကျိုးဆက်လို့ထင်တာပါဘဲ။ နောက်ပြီး လူငယ်တွေကို ကိုယ်စားပြုသင့်တဲ့ လေးစားလောက်ဖွယ်၊ ဦးဆောင်နိုင်ဖွယ် ရှိတဲ့လူတွေ ကိုယ်တိုင်ကလည်း လူငယ်တွေကို ဘယ်လိုဦး ဆောင်မောင်းနှင်ရလဲ၊ လမ်းကြောင်းချ
ပေးရမလဲ မစဉ်းစားဘဲ အမြတ်ထုတ်ဖို့၊ အသုံးချဖို့နဲ့ ဦးဆောင်မှု မှားနေတာ၊ ဘက်ပါနေတဲ့ ဦးဆောင်မှုမျိုးနဲ့ သွားမိနေ တာဟာလည်း လူငယ်တွေကိုေ၀၀ါးပြီး အယုံကြည် မဲ့မှုတွေကို ဦးတည်စေတာပါဘဲ။

နောက်ပြီး လူမှုအဆောက်အအုံတွေ ကိုယ်တိုင်လည်း လက်သင့်ရာစားတော်ခေါ်နေရတုန်း အချိန်မို့ လည်း လူငယ်တွေ၊ တကယ် လုပ်သင့်လုပ်ခွင့်ရမယ့် လူငယ်တွေအတွက် နေရာ၊ ပျောက်ဆုံးပြီး လူငယ် လူတော်တွေ
ဖြစ်လာမယ့် သူတွေအတွက် နေရာပျောက်နေတာဟာလည်း စိတ်မကောင်းစရာပါ။

နောက်ပြီး နိုင်ငံရေးနဲ့ လူမှုရေးကို လေနဲ့ဝမ်းမကွဲဘဲ ခေါင်းစဉ်တစ်ခုတည်းအောက်ရောသိပ်ချင်နေတဲ့တစ်ရောင်တည်း ချယ်တွေရဲ့ ပြဿနာကလည်း ကိုယ့်လမ်းနဲ့ကိုယ်၊ ကိုယ့်ယုံကြည်ရာနဲ့ကိုယ် သွားချင် ရှာတဲ့ လူငယ်တွေရဲ့ လမ်းကို
ဝေေ၀၀ါးဝါးဖြစ်နေစေ ပါတယ်။ ဒီနေရာမှာ နိုင်ငံရေးဆိုတဲ့ စကားလုံးသုံး လိုက်တာက ခုလတ်တလော လူတွေ သိပ်အာတွေ့တဲ့ အသုံးအဖြစ်ရယ်၊ နိုင်ငံရေးဆိုတာကို ဆန့်ကျင် ကန့်လန့်တိုက်ခြင်းဆိုတဲ့ အသိတစ်ခုတည်းနဲ့ သွားနေ သူတွေ သုံးတဲ့ နိုင်ငံရေးအသုံးအဖြစ် နားလည်ပေး စေချင်တယ်။ တကယ့် နိုင်ငံ့အရေးလုပ်နေတဲ့ လွှတ်တော်တွင်း၊ လွှတ်တော် ပြင်ပကလူတွေသိရှိခံယူ ထားတဲ့ နိုင်ငံရေးဆိုတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။

လူငယ်အင်အားကို အသုံးချချင်ရင်၊ လူငယ့်လုပ်အားကို တကယ်မြေတောင်မြှောက်ပေးချင်ရင် ကျွန် တော်တို့နိုင်ငံက လူငယ်တွေရဲ့ တစ်ဦးချင်းမှသည် တစ်ဒေသချင်းစီအထိရဲ့ ဘ၀နောက်ခံတွေ၊ ဖြတ် သန်းခဲ့ရမှုတွေကို နားလည်
ပေးနိုင်ရမှာ ဖြစ်သလို တီးမိခေါက်မိရှိရမယ်။

တစ်ခါက ကျွန်တော်နဲ့ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်က ပြည်တွင်းနိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်တွေအတွက် ဒီထဲမှာ ခရာကျကျလုံးပန်းခဲ့တဲ့ သူတွေထဲက လူငယ်တွေနဲ့ စကားပြောချင်တဲ့ နိုင်ငံတကာ အခြေပြုအဖွဲ့အစည်း တစ်ခုက သူ့ကိုအကူအညီတောင်းလာတာကို ကျွန်တော့်ကို ဘယ်လိုအဖွဲ့တွေရှိ လဲလို့မေးလာပါတယ်။ ဒါနဲ့ ဘယ်လို လူတွေကို တွေ့ကြည့်ပါလားဆိုပြီး မိမိသိဖူး၊ ကြားဖူးသမျှ အဖွဲ့အကြီး ကြီးတွေမှသည် ပိစိလေးတွေအထိ မိမိသိသမျှ လူတွေကို စာရင်းနဲ့တကွ သူတို့ကိုပြောပြလိုက်ပါတယ်။ သူတို့တွေ သွားတွေ့ပြီးတဲ့နောက်မှာ သူတို့တွေ့ဆုံပွဲမှာ ဘာသာပြန်ပေးရတဲ့ မိတ်ဆွေက ပြောလာ၊ ညည်းတွားလာပါတယ်။ တချို့သူတွေက နိုင်ငံရေး အတင်းတွေ၊ အစိုးရ မကောင်း သတင်းတွေ၊ မိမိကိုယ် ရေးကိုယ်တာ ခံစားမှုတွေ၊ မိမိတို့ဘက်တူ ရဲဘော်ရဲဘက် အတင်းတွေချည်း
လျှောက်ပြောပြသွားကြ တယ်တဲ့။ သူတို့ကိုယ်သူတို့ ဘာတွေလိုအပ်နေတယ်။ ဘာတွေမြှင့်တင်ရင် ဘယ်လို အကျိုးဆက်တွေ ရရှိလာနိုင်မယ်ဆိုတာမျိုး တောင်းခံနိုင်တဲ့ သူမရှိဘူးဆိုပြီး ထိုအဖွဲ့တွေက မှတ်ချက်ပြုသွားပါတယ်တဲ့။
တစ်နေ့ကလည်း အရှေ့ တောင်အာရှ နိုင်ငံတွေထဲက မိမိတို့နိုင်ငံထက် နှစ်အနည်းငယ်စောပြီး ဒီမိုကရက် တစ်စနစ်
ပြောင်းနဲ့ တိုးတက်မှု အရှိန်ရနေပြီးဖြစ်တဲ့ နိုင်ငံတစ်ခုက လူငယ်တွေကိုယ်စားပြုအဖွဲ့ အစည်းတစ်ခုနဲ့ မိတ်ဆွေ တစ်ယောက်ရဲ့ တစ်ဆင့်ခံကျေးဇူးနဲ့ အကြောင်း အားလျော်စွာသွားဆုံဆည်းမိ ကြတယ်။ အဲဒီဆုံဆည်းမှုမှာ ကျွန်တော်တို့ ဆီက နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်စားမပြုသည့်တိုင် လူငယ် အရေးအရာတွေနဲ့ လူမှုလုပ်ငန်းတွေကို တက်တက်ကြွကြွ လုပ်နေတဲ့ နယ်ပယ်စုံက လူငယ် အချို့လည်း ပွဲတက်လာတာ တွေ့ရတယ်။ အဲဒီမှာ စစချင်းပဲ ဧည့်သည်နိုင်ငံခြားသား အဖွဲ့ခေါင်းဆောင် က မေးတယ်။ မင်းတို့နိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အပြောင်းအလဲအတွင်းမှာ လူငယ်တွေအတွက် ဘာတွေ အဓိကလိုအပ်နေလဲ။ ဘာတွေက ခက်ခဲနှောင့်နှေးနေစေလဲလို့ မေးလာပါတယ်။ အဲဒီမှာ လူငယ်ကိုယ် စားပြုလို့ မိမိကိုယ်ကို မိတ်ဆက်ပြီး သူ့အပြောအရ နိုင်ငံခြားတိုင်းပြည်တွေကိုလည်း လူငယ်ကိုယ်စား လှယ်တစ်ဦးအနေနဲ့ သွားလာဖူးတဲ့ လူငယ်တစ်ယောက် အဖြေက Everything (အားလုံးပဲ) ဆိုတဲ့ တော်တော်လေးကို
ယေဘုယျဆန်တဲ့ အဖြေမျိုးထဖြေလိုက်တာ ကြားရပါတယ်။

စိတ်မကောင်းစရာဖြစ်သလို၊ ရှက်စရာလည်း ကောင်းပါတယ်။ ကျွန်တော်တို့ဟာ မိမိတို့ကျင်လည်ရာမှာကို ဘာလိုနေ လဲ၊ ဘာတွေ ဖွံ့ဖြိုးတိုးတက်ဖို့လိုနေသလဲဆိုတာ မသုံးသပ်တတ်သေးတာကို နိုင်ငံတကာအဆင့် ဆက်ဆံနေကြတဲ့ လူငယ်တွေမှာပါ တွေ့နေရတာဟာ တော်တော်လေး စိုးရိမ်စရာဖြစ်ပါတယ်။ တကယ်ဆို ငါတို့မှာ ဒီလိုအခက်အခဲတွေ ရှိနေတယ်။ ဒီလောက် ရာခိုင်နှုန်းလောက်ရှိနေတယ်။ ဒါတွေ မြှင့်တင်ဖို့လိုအပ်တယ်ဆိုတာမျိုးတွေ၊ ငါတို့မှာ ဘယ်လို အသုံးချတန်ဖိုးတွေ ရှိနေတယ်။ လူ့စွမ်းအား၊ သဘာဝအရင်းအမြစ်တွေ ရှိနေတယ်။ ငါတို့အတွက် ဘယ်လိုအကူအညီ
တွေ လိုနေတယ် စတာမျိုးတွေ ကို ချက်ကျကျလက်ကျကျ မဖြေနိုင်တာတွေချည်းပဲ တွေ့နေရတယ်။

နောက် ဘယ်လိုပွဲတွေမှာ တွေ့တွေ့အစိုးရကို ပြစ်တင်လှောင်ပြောင်ပြီး မိမိကိုယ်ကို ရှေ့တန်းရောက်တဲ့ သူတွေ
ဖြစ်အောင် လုပ်ချင်သူတွေချည်း တွေ့နေရတာ၊ အစိုးရဘာပြောပြော၊ ဘာလုပ်လုပ် ကြောင်းကျိုးကို သုံးသပ်ဝေဖန် ပိုင်းခြားမှုမျိုး မလုပ်ပြပဲ မည်းမည်းမြင် မုန်းစိတ်နဲ့ အလုပ်လုပ်နေကြတဲ့ လူတွေကို အဖွဲ့ အသင်း ကိုယ်စားပြု ဦးဆောင်သူ နေရာတွေမှာ အထူးတလည် နေရာပေးပြီး ခရီးဆက်နေကြတာလည်း နည်းနည်း ပြန်လည်သုံးသပ် သင့်ကြပါပြီ။

လူငယ်ခေါင်းဆောင်တွေဟာ မိမိတို့လုပ်နေတဲ့ အလုပ်ဟာ လူသိများထင်ရှားဖို့လား၊ အလုပ်ဖြစ်ဖို့လားဆိုတာ ခွဲခြားသိဖို့ လိုပါတယ်။ လူချစ်လူခင်ပေါတာမျိုးကိုလိုချင်ရင် ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်သာ လုပ်ဖို့ကြိုးစားပါ။
နိုင်ငံနဲ့ချီတဲ့ လုပ်ငန်းစဉ် တစ်ခုခု၊ နိုင်ငံရဲ့ ကိုယ်စားပြုအသင်းအဖွဲ့ရဲ့ ကိုယ်စားပြု လူငယ်တွေဟာ မိမိတစ်ဦးတည်း
ပေါ်ပြူလာဖြစ်ရေး၊ လူကြိုက်များရေးအတွက် အခြားအရာတွေ၊ပူးပေါင်း ပါဝင်သူတွေ၊ မိမိအဖွဲ့အစည်း၊ ကိုယ်စားပြု လူထုတွေကို ချမနင်းစေချင်ဘူး။ အဲလိုအကျင့်တွေကိုလည်း အတုမခိုးစေချင်ပါဘူး။ လုပ်မိနေပြီလားဆိုတာကိုလည်း
ပြန်သုံးသပ်သင့်ပါတယ်။

လွတ်လပ်ရေးသမိုင်းမှာ အသက်ငယ်ငယ်နဲ့ ကိုယ့်ရှေ့က နိုင်ငံရေးဝါသဘာတွေမှာ သာလွန်တဲ့ လူတွေကိုကျော်ပြီး လူထုလေးစားအားကိုးမှု ရရှိခဲ့တဲ့ ကိုအောင်ဆန်းဟာ ပေါ်ပြူလာစကားတွေ ပြောပြီး လူချစ် လူခင်ပေါအောင်
လျှောက်လုပ်သွားလို့ မဟုတ်ပါဘူး။ အင်္ဂလိပ်အစိုးရကိုလည်း မည်းမည်းမြင်ထိုင်ဆဲလုပ် ခဲ့တဲ့သူ မဟုတ်ပါဘူး။ သူ့ အသံထွက်ဖို့လိုအပ်တဲ့နေရာတွေမှာ ချက်ကျလက်ကျ ထွက်ပါတယ်။ သူ့ရုပ်ပြ ဖို့လိုတဲ့ နေရာတွေမှာ ဘယ်လိုနေရာမျိုး ကိုမဆို ရောက်အောင်သွားပြီး ပြခဲ့ပါတယ်။ လိုအပ်လို့ အင်္ဂလိပ်နဲ့ တစ်စားပွဲတည်းထိုင်ပြော၊ အခြားနိုင်ငံရေးသမား၊ စာပေသမားတွေနဲ့ ဆွေးနွေးတဲ့အခါမှာလည်း သူယုံ ကြည်ရာကို ချက်နဲ့လက်နဲ့ တိတိကျကျဆိုနိုင်၊ ချေနိုင်သူ လူငယ်တစ်ယောက်ပါ။ သူ့ခေတ်နဲ့ သူ့အခါမှာ သူအယုံကြည်ဆုံးအလုပ်ကို ချက်ကျကျ၊ လက်ကျကျ ယုံယုံကြည်ကြည် လုပ်ပြသွားလို့ သူ့ထက်နိုင်ငံ ရေးဝါ၊ စာပေ၀ါကြီးတဲ့ သူများပင် သူ့ကိုယုံကြည်ဝန်းရံပေးရတဲ့အထိ အောင်မြင်လာသလို၊ လွတ်လပ်ရေး ကိုပါ ဆောင်ယူပေးလာနိုင်တဲ့ ခေါင်းဆောင်ကြီး ဖြစ်လာရတာပါ။

ဒါပေမဲ့ သူ့ခေတ်သူ့အခါနဲ့ ကိုက်ညီတဲ့ လူထုလူတန်းစားတွေကို တကယ်ကိုယ်စားပြုတဲ့ ဥာဏ်ပညာရှေ့ ဆောင် လူငယ်တွေဖြစ်အောင် လုပ်စေချင်၊ ကြိုးစားကြစေချင်ပါတယ်။ ပရောဂျက်စား လူငယ်ကိုယ်စား လှယ်တွေ၊ လက်ဝှေ့ စင်ပေါ်မှာ လက်ပန်းပေါင်း တခတ်ခတ်၊ ဒူးတစ်မြှောက်မြှောက်လုပ်ပြီး စင်အောက် က ထိုးနိုင်သူ၊ မထိုးနိုင်သူ ဘယ်သူ့ကို မဆို စိန်ခေါ်မိုက်သွေးကြွပြနေတဲ့ လူငယ်ခေါင်းဆောင်တွေ မဖြစ် စေချင်ပါဘူး။ အထူးသဖြင့် အသင်း အဖွဲ့တွေနဲ့ နိုင်ငံကိုယ်စားပြုနေတဲ့ လူငယ်ခေါင်းဆောင်တွေတိုင်း မိမိ တို့ကိုယ်မိမိတို့ ဒီထက်ပိုတိုးတက်လာအောင်၊ မရှိသုံးမဖြစ်လေအောင် ကြိုးစားကြစေချင်လို့ တိုက်တွန်း လိုက်ရတာပါ။ အချို့အချို့သော လူကြီးတွေလည်း လူငယ်တွေကို မြေတောင်မြှောက်ဝန်းရံ ပေးစေချင် ပါတယ်။ အမဲရိုးကျွေးတာမျိုးဆန်ဆန် မြှောက်ပေးတာမျိုးတွေ ရပ်တန်းက ရပ်သင့်နေပါပြီ။