www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၄ အောက်တိုဘာ ၂၀၁၉

Mizzima Burmese

ကြည့်ချင်ပွဲ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ကျွန်တော်တို့ငယ်ငယ်က အခုလိုရာသီ ရောက်လာပြီဆိုလျှင် မန္တလေးတစ်မြို့လုံး ဆိုင်းသံဗုံသံညံလာစေဖို့ တာစူနေတဲ့ ကာလအဖြစ် အမှတ်ရနေကြပြီ။ ၀င်းထိပ်၊ လမ်းထိပ် သစ်ပင်ကြီးတွေ၊ ဓာတ်တိုင်တွေမှာ စတင် ကျင်းပတော့မယ့် ဘုရားပွဲများအတွက် ကြော်ငြာပိုစတာများ ချိတ်ဆွဲလာကြတဲ့ ကာလဖြစ် တယ်။ အငြိမ့်တွေ၊ ဇာတ်တွေကလည်း နယုန်ဆိုလျှင် အငြိမ့်ခေါင်း ဇာတ်ခေါင်းကွဲကြပြီ။ ၀ါဆိုမှာ အဖွဲ့ သစ် ပြန်ဖွဲ့ကြတယ်။ ဒီအဖွဲ့သစ်တွေက သီတင်းကျွတ် ဘုရားပွဲတွေမှာ သေတ္တာဖွင့် ကပြကြတာပါ။ ဒီနေ ရာမှာ ဇာတ်ခေါင်းကွဲ၊ သေတ္တာဖွင့်ဆိုတဲ့ စကားလုံးတွေနဲ့ ပတ်သက်ပြီး ပြောချင်တာတစ်ခု ရှိလာပါတယ်။ ဂျာနယ်တွေ အပြိုင်းအရိုင်း ထွက်လာတဲ့ကာလ တပည့်မ တစ်ယောက်က “မန္တလေးတွင် ယခုနှစ်သီတင်း ကျွတ် ဘုရားပွဲတော်များ၌ အငြိမ့်အဖွဲ့များ သေတ္တာဖွင့်ကပြရန် တီးလုံးတိုက် ပြင်ဆင်လျက်ရှိ” ဆိုပြီး သ တင်းတစ်ပုဒ် တင်ပါတယ်။ ဒီသတင်းကို ရန်ကုန်က အယ်ဒီတာမင်းများက “သေတ္တာဖွင့်”ဆိုတာ ဘာလဲ လို့ ကျွန်တော့်ကို လှမ်းမေးပါတယ်။ ကျွန်တော်က “ပွဲဦးထွက်အဖြစ် စတင် ကပြတာကို
သေတ္တာဖွင့်ကပြ တယ်”လို့ ခေါ်ဆိုကြောင်း ရှင်းပြပါတယ်။ ဒီတင်အယ်ဒီတာမင်းက “ဒီလိုလူနားမလည်တဲ့ စကားလုံး
တွေကို မသုံးပါနဲ့”လို့ ပြောတယ်။ ဒီတော့ ကျွန်တော်က “ဒီစကားလုံးဟာ လူတိုင်းသိတဲ့ စကားလုံးဖြစ်တယ်။
သေတ္တာဖွင့်၊ သေတ္တာပိတ်၊ သေတ္တာမှောက်ဆိုတာ သဘင်အသိုင်းအ၀ိုင်းမှာ ရှေးကတည်းက သုံးခဲ့ပြီး ဒီအသုံးအနှုန်း ကို အရပ်သူအရပ်သားကလည်း နားလည်ကြပါတယ်။ အရင်က မြန်မာစာသင်ရိုးညွှန်းတမ်းမှာတောင် ပါခဲ့သေးတာပဲ” လို့ ရှင်းပြပါတယ်။ ဒါပေမဲ့ အယ်ဒီတာမင်းကလည်း အယ်ဒီတာမင်းပီပီ(ငယ် ရွယ်နုနယ်သေးသူဆိုတော့) အလျှော့ မပေးပါဘူး။ “ဟာ ...အစ်ကိုကလည်း ဒါကအများဖတ်မယ့်သတင်း ဂျာနယ်လေ။ အများသိမယ့်စကားလုံး သုံးရမှာပေါ့။ အဲဒီ “သေ​တ္တာဖွင့်” ဆိုတဲ့ စကားလုံးကို ကျွန်တော် တောင် မသိတာ၊ စာဖတ်သူက အလကား သိပါ့မလား” တဲ့။ ဟုတ်ကဲ့ခင်ဗျာ...ဒီတော့လည်း (အဲဒီအချိန် က) စာရေးသက် နှစ် ၂၀ ကျော်က သည်းမခံနိုင်တော့ဘဲ “အေး မင်း မသိတာက မင်းညံ့လို့၊ စာဖတ်ပရိ သတ်အားလုံးက မင်းထက်သိသူ တတ်သူတွေချည်းပဲ”လို့ ပွဲကြမ်းလိုက်ရတာကို သတိရလို့ပါ။ ကိုင်း ... ထားပါတော့။

ကောင်းပြီ။ မန္တလေးမှာ မကြာခင် သီတင်းကျွတ်လဆန်းကတည်းက စတင် ကျင်းပတဲ့ ဘုရားပွဲတွေမှာ ဖျော်ဖြေမှုနဲ့ တွဲပြီး အစဉ်အလာပွဲလမ်းတွေ ပါတတ်ပါတယ်။ ဘုရားပွဲအ၀င်ညမှာ ဘုရားနဲ့အနီးဆုံးနေရာမှာ စည်တော်ကြီးအဖွဲ့
နေရာယူပါတယ်။ စည်တော်ကြီးဆိုတာက မန္တလေးရတနာပုံနေပြည်တော်ခေတ်မှာကတည်းက ထီးသုံးနန်းသုံးအနေနဲ့ ရှိခဲ့တာပါ။ ပါတော်မူပြီးနောက် နန်းတော်အတွင်းမှာ အစဉ်အလာအရ တီးမှုတ်ခဲ့တဲ့ စည်တော်ကြီးသမားစဉ် ပညာတွေ ကို အဆက်ဆက် လက်ဆင့်ကမ်း သင်ကြားပြီး မင်္ဂ လာစည်တော်အဖွဲ့အနေနဲ့ နန်းတော်ရှေ့ရပ်မှာ ဆက်လက် တည်ရှိခဲ့ပါတယ်။ ရှေ့တော်တီး စည်ဆရာ ဖြစ်တဲ့ ဦးကျောက်လုံးထံကနေ ဆရာဇင်က စည်တော်ပညာ သင်ယူခဲ့ ပါတယ်။ ဆရာဇင်ထံကနေ နန်း တော်ရှေ့က ကိုဘဦးတို့၊ ကိုဘကွန်းတို့က ပညာအမွေ ယူခဲ့ပြန်တယ်။ ဒါကြောင့် ကျွန်တော်တို့ သိမီတဲ့ ခေတ်မှာ ဦးဘဦးရဲ့ နန်းတော်ရှေ့ မဟာမင်္ဂလာစည်တော်ကြီးအဖွဲ့က ဘုရားပွဲတိုင်းမှာ ပွဲဦးက နေရာယူ ခဲ့ပါတယ်။ အခု မန္တလေးမှာ တစ်ဖွဲ့တည်းသာ ကျန်တော့တဲ့ စည်တော်ကြီးအဖွဲ့လည်း ဖြစ်ပါတယ်။ ဦး ဘဦးရဲ့သား အသက် ၉၀ နီးပါးအရွယ်ရှိတဲ့ ဦးချို ဦးစီးနေတာပါ။ စည်တော်ကြီးအဖွဲ့က ဘုရားပွဲညမှာ စည်တော် သမားစဉ်အတိုင်း ရာဇ၀င်ခင်းကျင်းပြီး စည်တော်တီးခတ်တယ်။ ကျွန်တော်တို့ သိမီတဲ့ခေတ်မှာပဲ စည်တော်အဖွဲ့တွေ က အခြားတူရိယာတွေဖြည့်ပြီး မင်းသားတွေ၊ မင်းသမီးတွေ ပါလာသေးတယ်။ ဒီစည်တော်အဖွဲ့က မနက်ဘုရားပွဲ ဆွမ်းတော်ကြီးလောင်းတော့ တီးခတ်ကြသေးတယ်။ ရာချီရှိတဲ့ ဆွမ်း ခံသံဃာတော်တန်းကြီးနဲ့ စည်တော်ကြီးသံဟာ မနက်ခင်းမှာ အင်မတန် ကျက်သရေရှိနေပါတယ်။ မန္တ- လေးဘုရားပွဲတွေက သီတင်းကျွတ်လဆန်းတာနဲ့ စတင်ကြတော့ အငြိမ့်တွေ၊ ဇာတ်တွေက ပွဲဦးထွက် သေတ္တာဖွင့် ကပြကြတယ်။ အများအားဖြင့် ဘုရားပွဲတွေက
နှစ်ရက် နှစ်ည ကျင်းပကြတာပါ။ အငြိမ့်တွေ က အဲဒီနှစ်ညမှာတစ်ညစီ ကပြကြပေမယ့် ဇာတ်တွေကတော့ ဘုရားပွဲ
နှစ်ညစလုံး ကပြကြတယ်။ အငြိမ့် က ကမယ့်ညမရောက်ခင် နေ့လယ်လောက်မှ အငြိမ့်စင်လာချပြီး အသင့်ပါ ပစ္စည်းတွေနဲ့ ချက်ချင်း ဆောက်နိုင်တယ်။ ညနေစောင်းတော့မှ အငြိမ့်ကားရောက်လာပြီး ပစ္စည်းဆင်၊ မီးဆင်တယ်။ ည ၇ နာရီ လောက်ရောက်တော့ အငြိမ့်တီးဝိုင်းက ယိုးဒယားကရောင်းရိုက်ပြီး ဧည့်ခံတီးလုံးတီးတယ်။ ည ၈ နာရီ
လောက် အငြိမ့်စထွက်၊ ပထမ ဧည့်ခံသီချင်း၊ ပြီးရင် အော်ပရာအစီအစဉ်၊ နောက်... ရှေ့ထွက်မင်းသမီး၊ ပြီးရင် ယိမ်းထွက် တန်ထွက်၊ ပြီးမှ အလယ်ထွက်၊ နောက် တစ်ခန်းရပ်၊ နောက် ခေါင်းဆောင်မင်းသမီး၊ အသိမ်းမှာ ပြဇာတ်။ ဒါဆိုရင် သန်းခေါင်ကျော် နာရီပြန်တစ်ချက်၊ နှစ်ချက် ရောက်ပါပြီ။ အငြိမ့်သိမ်းပါပြီ။ အငြိမ့်က လမ်းဘေးမှာမို့ အစအဆုံး ကြည့်ကြမယ့် အရပ်ခံတွေက ဖျာတွေ၊ ခုံရှည်တွေ ခင်းပြီး ကြည့်ကြ တယ်။ ကျန်ပရိသတ်က ကြိုက်တဲ့ အချိန် မိုးတိုးမတ်တပ် ၀င်ကြည့်၊ ကြိုက်တဲ့အချိန် ပြန်ရုံပါပဲ။ နည်းနည်း ကြာကြာကြည့်ချင်ရင် စင်ရှေ့က ထိုင်ကြည့်ကြ တဲ့ ဖျာပရိသတ်ကြား တိုးဝှေ့ကြည့်ကြတာပါ။

နောက်ပိုင်း ဘုရားပွဲတွေမှာ မန္တလေးမြို့ခံ တီးဝိုင်းတွေလည်း ထည့်လာကြတယ်။ မန္တလေးမှာက မြို့မတူရိယာ အသင်းလိုပဲ၊ မိုးကေသီတဲ့၊ သိင်္ဂီတဲ့၊ သင်္ဂပါတဲ့၊ နုယဉ်တဲ့၊ ဂီတလုလင်တဲ့၊ ဗဟိုတဲ့၊ ယဉ်မွန်တဲ့ ... ရှိ တယ်။ ခေတ်ပေါ် အနေနဲ့ Shell တဲ့၊ Music Boy တဲ့ ရှိသေးတယ်။ ဒီတီးဝိုင်းတွေကလည်း ဘုရားပွဲခင်း ထဲ စင်ထိုးပြီး ဖျော်ဖြေတာပါ။ တစ်ခါတစ်ရံ ရန်ကုန်က နာမည်ကြီးအဆိုတော်တွေလည်း ပါတတ်တယ်။ ဒါပေမဲ့ မန္တလေးမှာ အစဉ်အဆက်အနေနဲ့ တီးဝိုင်းတွေမှာ အငြိမ့်ခန်းပါတတ်ပါတယ်။ ရှေ့ပိုင်းမှာ တီးဝိုင်း က အဆိုတော်တွေနဲ့ ဖျော်ဖြေပြီးရင် နောက်ပိုင်းမှာ တီးဝိုင်းက တိမ်ထိုးတီးလုံးတီးပြီး အငြိမ့်ခန်း ပါတတ် တယ်။ အထူးသဖြင့် မြို့မနဲ့ဆိုရင် အငြိမ့်ခန်းပါခဲ့တာ ဟိုးရှေးရှေး ...လေဘာတီမမြရင်တို့ ခေတ်ကတည်း ကပါ။

တချို့ဘုရားပွဲကဇာတ်တွေကလည်း ဘုရားနဲ့ မလှမ်းမကမ်း လမ်းဘေး လွတ်ရာနေရာမှာ ၀ါးတွေနဲ့ဇာတ် စင်အခိုင်အမာဆောက်ပြီး ဘုရားပွဲနှစ်ညစလုံး ကပြဖျော်ဖြေတယ်။ တော်တော်များများ ဇာတ်အဖွဲ့တွေက မင်းစင် ထိုးပြီး ကကြတယ်။ မင်းစင်ဆိုတာ ဇာတ်ခုံရှေ့ပွဲခင်းမှာပဲ ၀ါးတွေ၊ ၀ါးကပ်တွေနဲ့ ပွဲကြည့်စင် တွေထိုးတယ်။ ပြီးရင်
လေးပေပတ်လည်လောက် အမှတ်အသားပြုပြီး အဲဒီစင်ကို ပွဲကြည့်သူက ၀ယ် ကြည့်ရတာပါ။ များသောအားဖြင့် အဲဒီရရှိတဲ့မင်းစင်ဖိုးတွေက ဘုရားပွဲရဲ့ ဖျော်ဖြေရေးအစီအစဉ်အတွက် တီးဝိုင်း၊ အငြိမ့်၊ ဇာတ်ငှားခတွေ တစ်စုံတစ်ရာ အသုံးတည့်တာပေါ့။

ဘာပဲပြောပြော မန္တလေးဘုရားပွဲတွေဟာ အခကြေးငွေ တစ်ပြားမှ ပေးစရာမလိုဘဲ တီးဝိုင်းတွေ၊ အငြိမ့်တွေ ကြည့်နိုင် ကြတယ်။ ဒါဟာ လူထုသဘောဆောင်တဲ့ လူထုဖျော်ဖြေမှုပုံရိပ်တွေပါပဲ။ ဒါကို မန္တလေးက တစ်လျှောက်လုံး သုံးစွဲခဲ့တဲ့ စကားလုံးက “ကြည့်ချင်ပွဲ”တဲ့လေ။