www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ကြာသပတေး, ၂၂ သြဂုတ် ၂၀၁၉

Mizzima Burmese

ပီတိမျက်ရည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ပန်းကလေးများ လန်းစေချင်၊
လောက ကမ္ဘာမြေတစ်ခွင်၊
မိဝေးဖဝေး ဒီကလေး
ပြုစုပျိုးထောင် ကျွေးမွေးပေး။
နွေးသောလက်ဖြင့် ပွေ့ဖက်ကာ၊
ဝိုင်းပါ ကူပါ စောင့်ရှောက်ပါ၊
မေတ္တာရေအေး တိုက်ကာကျွေး၊
နေခြည်နွေးနွေး ပန်းမွှေးမွှေး၊
မေတ္တာရနံ့ သင်းပျံ့အေး။

ကျွန်တော်ရေးဖွဲ့ခဲ့တဲ့ ကဗျာလေးကို ဗီနိုင်းလုပ်ပြီး ကျောင်းနံရံမှာ ချိတ်ဆွဲထားတာတွေ့ရတော့ တကယ်ပဲ ကျွန်တော့် မှာ ပီတိမျက်ရည် ဖြာဝေခဲ့ရပါတယ်။ ဆရာတော်ဘုရား ဘယ်မှာလဲလို့ မေးတော့၊ သံဃာတော်တစ်ပါးက ကျောင်းထဲ ကို လက်ညှိုးထိုးပြတာမို့ ဆရာတော် သီတင်းသုံးရာကို သွားရောက် ဖူးမြော် လိုက်ပါတယ်။ ကျောင်းခန်းထဲကို ၀င်ဝင် ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်တော့်ရင်ထဲမှာ ဖော်ပြ ထားခြင်းငှာ မစွမ်းသာသော ခံစားမှုတစ်မျိုး ဖြစ်ပေါ် လာပါတယ်။

ကျွန်တော် ဆရာတော်ရှေ့မှာ ၀ပ်တွားဦးချလိုက်တော့ ဆရာတော်က နှစ်လိုကြည်ညိုဖွယ်ရာပြုံးပြီး နှုတ်ဆက် ပါတယ်။

“လာ လာ ဒကာကြီး၊ ကျုပ်ဖြင့် ဒကာကြီးကို မျှော်လိုက်ရတာ၊ ဒကာကြီးလည်း ခုမှ ပေါ်လာတော့တာပဲ”

“တပည့်တော် လာပါတယ်ဘုရား။ ဆရာတော် ခရီးထွက်နေတယ်ဆိုလို့ပါ”

“အေး ဟုတ်တော့ ဟုတ်သားကွယ်၊ ကျုပ်လည်း ဒီက ကလေးတွေ ကျွေးနိုင် မွေးနိုင်အောင် ရှာရဖွေရ သေးတယ်”

“အဲ့” ခနဲ့ အသံကြောင့် ဆရာတော်က စကားဖြတ်ပြီး၊ ဘေးနားကစားပွဲပေါ်ရှိ နို့ဗူးကိုလှမ်းယူပြီး၊ ရင်ခွင်ထဲက ကလေးငယ်ကို နို့ဗူးတိုက်ကျွေးလိုက်ပါတယ်။ ကလေးငယ် လသားလေးကတော့ ဆရာတော်ဘုရားရဲ့ ရင်ခွင်ထဲမှာ
မှေးပြီး နို့ဗူးကို အငန်းမရ စို့နေရှာပါတယ်။

ဒကာကြီးရေးပေးတဲ့ ကဗျာလေးကို ဖတ်ပြီး ကျုပ်ဖြင့် မျက်ရည်တောင် ကျမိတယ်ဗျာ၊ ဒကာကြီးသိတဲ့ အတိုင်းပဲ ကျုပ် ကလေးတွေကို ချစ်တယ်၊ သနားတယ်၊ ခုလည်းကြည့်လေ တစ်ရက်က မနက်စောစောစီးစီး ကျောင်းပေါက်ဝမှာ
ခွေးတွေ ထိုးဟောင်နေသံကြားရလို့ ကပ္ပိယကို သွားကြည့်ခိုင်းလိုက်တော့ လက်ဆွဲခြင်းထဲထည့်ပြီး ပစ်ထားတဲ့ ကလေးကို တွေ့လိုက်ရတယ်၊ ကလေးက အနှီးတွေနဲ့ အထပ်ထပ် ထုတ်ထားတာ၊ ကပ္ပိယကြီးက ယူပေးတော့ ကလေးက ငိုလိုက်တာ အသံတွေကို ပြာနေတာပဲ။ ကျုပ် လက်ထဲရောက်မှပဲ တိတ်သွားတော့တယ်။ သနားစရာ
ကောင်းလိုက်တာ၊ ကျောင်းပေါက်က ၀င်းတံခါး တိုင်မှာချိတ်ပြီး ပစ်ထားခဲ့တာလေ။ လောကမှာ မိဘမေတ္တာ အကြီးမားဆုံးဗျာ၊ အဲဒီ အကြီးမားဆုံးမေတ္တာ ကိုတောင် လွန်ပြီး ပစ်ထားရက်တယ်ဆိုတော့ ဒကာကြီးပဲ စဉ်းစားကြည့်
လေ၊ သူတို့မှာ ဘယ်လို ကြီးမား တဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရမှန်းမှ မသိတာ၊ မိဘက သဘောမတူလို့ပဲလား၊ အလိုမတူဘဲ စော် ကားခံရလို့ပဲလား၊ ကလေးတစ်ယောက်တောင် မကျွေးနိုင် မမွေးနိုင်အောင် ဆင်းရဲတွင်းနက်လို့ ပဲလား မဆိုနိုင်ဘူးဗျ နော် ...

ဆရာတော်က ပြောရင်း အသံတွေက ရင်ထဲထိ နစ်ဝင်သွားပါတော့တယ်။ ဆရာတော်ဘုရားရဲ့ ရင်ခွင်ထဲက ကလေးက အိပ်ပျော်သွားပြီမို့ ဒကာကြီးတစ်ယောက်က ယူပြီး ပုခက်ထဲ သွားသိပ်ပါတယ်။

မှန်ပါတယ်။ ဆရာတော်ဘုရားက မေတ္တာဓါတ် ကြီးမားလွန်းလှပါတယ်။ ဆရာတော်ရဲ့ ဘွဲ့အမည်က ဘဒ္ဒန္တမေဒါဝီပါ။ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊စက်မှု(၁) ဘုံပျံတောရကျောင်းတိုက်၊ ရတနာအောင် မြေပရဟိတကျောင်းမှာ သီတင်းသုံးနေထိုင်တော်မူပါတယ်။ မြို့သစ်တွေတည်ခါစ (၁၉၉၁/၉၂)လောက် က ဒီနေရာဟာ တောခေါင်ခေါင်ပါ။ ဆရာတော် စရောက်တော့ အိမ်ခြေက ကျဲကျဲ၊ ကျောင်းတိုက်နဲ့ သံ ဃာတော်က နည်းနည်းပါ။ မိဘမဲ့ ကလေးတွေကို
နှစ်ယောက် သုံးလောက် သနားလို့ ခေါ်ယူမွေးစားရင်း ကျွေးမွေးရင်း၊ ဟိုကအပ်ကြ၊ ဒီကလာအပ်ကြနဲ့ ကျောင်းသား
တွေ များပြားလာပါတယ်။ဆရာတော်ဘုရား က မေတ္တာဓါတ်ကြီးမားလွန်းတော့၊ မိမဲ့ဖမဲ့ကလေးမှန်ရင် ဘယ်ကလေးမှ
ငြင်းပယ်ခြင်းမပြုဘဲ ဒုက္ခခံမွေး စား ကျွေးမွေးခဲ့ပါတယ်။ မိဘမဲ့ မိန်းကလေးများကိုတော့ ကျောင်းနဲ့မအပ်စပ်လို့ လုံးဝ (လုံးဝ) လက်ခံခြင်း မပြုပါဘူး။ ခုဆိုရင် မိဘမဲ့ကလေးပေါင်း နှစ်ရာနီးပါးကို ဆရာတော် လက်ခံ ကျွေးမွေးရုံမက ပညာပါသင် ကြားပေးခဲ့ပါတယ်။

ဆရာတော်ရဲ့ကျောင်းမှာ စာပေပညာသင်ကြားပေးဖို့ အခြေအနေမပေးတဲ့အတွက် သက်ဆိုင်ရာက အခြေခံ မူလတန်းကျောင်းတွေ အလယ်တန်း၊ အထက်တန်းကျောင်းတွေကို ပြန်လည်အပ်နှံပညာသင်ကြား စေခဲ့ပါတယ်။ ခုဆိုရင်တော့ ရန်အောင်မြေ မိဘမဲ့ကျောင်းမှာ ဘွဲ့ရကျောင်းသားတွေ မွေးထုတ်နိုင်သလို၊ တက္ကသိုလ်ဝင်တန်းမှာ (၁၀)ယောက်၊ အခြေခံက အလယ်တန်းထိ ကျောင်းသား (၁၀၀)ကျော်ကို လက် ရှိ ကျောင်းထားပေးဆဲ ဖြစ်ပါတယ်။ သာမဏေ ကိုရင်ဝတ် ငါးပါး ပါ,ပါတယ်။ တချို့ ကျောင်းစာသင်ဖို့ ၀ါ သနာမပါတဲ့ ကလေးတွေကိုလည်း သူတို့ ၀ါသနာပါမယ့် ကားဝပ်ရှော့၊ ဆိုင်ကယ်ဝပ်ရှော့ စတဲ့ဆီတွေမှာ စုံစမ်း အပ်နှံပေးရပြန်တယ်။

ဆရာတော်ရဲ့ ကုန်ကျစရိတ်က နည်းနည်းနောနောမဟုတ်ပါ။ အ၀တ်အစားဆင်၊ ပညာသင်၊ ကျွေးမွေးရုံမျှမက
ကျောင်းမှာ မျက်နှာမငယ်ရအောင် ကျောင်းဝတ်စုံ၊ လွတ်အိတ် တူညီဦးထုပ်များကိုလည်း ဆင်ရပါတယ်။ ကျောင်း သွား ရင်လည်း မူလတန်းကလေး ကျပ်(၂၀၀) အလယ်တန်းကလေး ကျပ် (၅၀၀) အထက်တန်းကျောင်းသား ကျပ် (၁၀၀၀) စတဲ့ နေ့စဉ်မုန့်ဖိုးလည်း ပေးရပါသေးတယ်။

“ဆရာတော် ဒီကုန်ကျစရိတ်တွေ ဘယ်လို သွားရှာသလဲဘုရား”လို့မေးတော့ “ဒီလိုပဲ အတိုးယူ ချေးငှားပြီး လုပ်ရတာ
ပေါ့ ဒကာကြီးရယ်တဲ့။ ဒါဖြင့် ဘုန်းဘုန်း ဒီအကြွေးတွေ ပြန်ဆပ်ဖို့ကြတော့ရောဘုရား” လို့ မေးလျှောက်တော့ ဆရာတော် ဘုရားက သက်ပြင်းချပြီး မိန့်ပါတယ်။

အလှူခံရ၊ ဟောရပြောရ နယ်လှည့်သင့်လည်း လှည့်ရတာပေါ့ ဒကာကြီးရာ၊ လည်ချောင်းတွေလည်းနာ အသံတွေ လည်း ၀င်လို့ပါပဲ၊ ၀ါတွင်းရောက်လို့ ဥပုသ်ဇရပ်က အလှူခံရတာလေးတွေ၊ ကထိန်က ကောက်ခံရတာလေးတွေနဲ့ ဖဲ့ဆပ်ရတာပေါ့။ ဒါပေမဲ့ မန္တလေးမှာ အရင်လို ကထိန်သိပ်မရတော့ဘူး ဒကာကြီးရ၊ မန္တလေးမြို့ပေါ်မှာ ဗမာတွေ မရှိတော့သလို၊ မြို့သစ်က ကိုရွှေဗမာတွေကျတော့လည်း အဝေးနယ်သွား ပြီး ကထိန်တွေခင်းနေကြတာ၊ ကျုပ်လို
ဒေသခံဆရာတော်တွေကိုတော့ သာရေး၊ နာရေးရှိမှပဲ သတိရ ကြတာဗျာ”တဲ့။

ဆရာတော်ဘုရားနဲ့ နာရီဝက်လောက် စကားစမြည်ပြောပြီး ကျောင်းထဲက ပြန်ထွက်လာတော့ ကျောင်းဝင်းထဲက မိဘမဲ့ကလေးတွေရဲ့ အော်ဟစ်စကားပြောသံတွေ စာအံသံတွေကို ကြားနေခဲ့ရပါတယ်။ လောကမှာ မေတ္တာတရား ဆိုတာ ကိုယ်ချင်းစာစိတ်က ဆင်းသက်လာတာလည်း ဖြစ်နိုင်ပါတယ်။ ဆရာ တော်ဘုရားက ကိုယ်ချင်းစာစိတ်နဲ့
မေတ္တာကို မွေးတဲ့သူ။ မေတ္တာကို ထိန်းသိမ်းတဲ့သူ။ မေတ္တာပွားများ တဲ့သူ။ လူသားတွေ အခုလို စားရမဲ့မဲ့၊ ခိုကိုးရာမဲ့
ဖြစ်ကြရတာကို ဒီအတိုင်း လက်ပိုက်ပြီး ကြည့်မနေရက် နိုင်သူ။ ဒီတော့ကာ တစ်ဖက်က တရားဘာဝနာ ပွားစီးတဲ့ အလုပ်ကို လုပ်ရင်းက တစ်ဖက်ကလည်း အခု လို လူမှုရေး ကောင်းမှုအလုပ်ကို ဦးစီးပြီး လုပ်ကိုင်နေရတဲ့ သဘော
ဖြစ်ပေမယ်လို့ ကျွန်တော် တွေးမိပါ တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်အနေနှင့်တော့ ဆရာတော်ရဲ့မေတ္တာကို အခြေခံတဲ့ သည်လူမှုပရဟိတ အလုပ်ကလေး အတွက် အခုလို ဆောင်းပါးရေးပြီး လူအများ ကုသိုလ်ဘာဝနာပွားများနိုင်ရေး၊ သာဓုခေါ်နိုင်ရေး ၀င်ရောက် ဒါနပြုခွင့် ရတာကိုပဲ မျက်ရည်ဝဲလုမတတ် ကျေနပ် ဂုဏ်ယူရပါတယ်။