www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၂၁ အောက်တိုဘာ ၂၀၁၉

Mizzima Burmese

Home > အာဘော်နှင့်အမြင် > သဘောထားအမြင် > စကားဝိုင်း ယဉ်ကျေးမှုသစ် (သို့မဟုတ်) ၀န်ရိုးတစ်ခု ပြောင်းလဲခြင်း

စကားဝိုင်း ယဉ်ကျေးမှုသစ် (သို့မဟုတ်) ၀န်ရိုးတစ်ခု ပြောင်းလဲခြင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

                                                                    (က)

၁၉၉၃-ခု၊ “မယ်စာရင်းရန်းမှ သောလဲထရွာခရီး။ ထိုင်းနိုင်ငံ။

“ကိုခင်မောင်ဝင်း” (ယခု - ဒု - ညွှန်မှူး၊ ဒီမိုကရက်တစ် မြန်မာ့အသံ) ပေးဖတ်ထားသည့် “စာတမ်း” ကို ကျွန်တော် ဖတ်ကြည့်သည်။ စာရွက်များကို လက်ကကိုင်ထားရင်းက၊ ခန္ဓာကိုယ်ကို ကားဖင်ထိုင်ခုံပေါ် တွင်အလိုက်သင့် ယိမ်းခါ ထိန်းမတ်ရင်းက၊ စာလုံးများကို ဖတ်နိုင်အောင် ကြိုးစားနေရ၏။ သို့သော် စာ တွေကို ကောင်းစွာဖတ်လို့မရ။ ကားက စမ်းချောင်းတစ်ခုထဲကိုပင် ကြိမ်ဖန်များစွာ ဖြတ်ကျော်နေခဲ့၏။ ကားဘီးများမှာ ချိုင့်များ၊ ခဲများကို တကျွီကျွီ တဂျောင်းဂျောင်းနှင့် ကျိတ်နင်းသွားနေခဲ့၏။ “ကိုခင်မောင် ၀င်း” ဆီကလိုလိုလားလား လှမ်းတောင်းပြီး ကားစီးရင်း ဖတ်ကြည့်မည်ဟု စိတ်ကူးခဲ့သမျှ ကျွန်တော့်မှာ လက်လျှော့ရမလို ဖြစ်လာရ၏။ အမှန်စင်စစ်၊ လမ်းကြမ်းပေါ်ကားစီး လိုက်ပါရင်း စာဖတ်လို့မရနိုင်ခဲ့သည် ထက်တချို့စာမျက်နှာများ၊ တချို့စာပိုဒ်များမှာ ကျွန်တော် လုံးဝနားမလည်သော စာကြောင်းများ ဖြစ်နေ ၏။ အင်္ဂလိပ်စာအားနည်းလှသော ကျွန်တော့်မှာအင်္ဂလိပ်လိုရေးထားသော “ကိုခင်မောင်ဝင်း” ၏စာတမ်း ကိုလုံးစေ့ပတ်စေ့ ဘယ်လိုမျှနားမလည်နိုင်ခဲ့။ လမ်းကြမ်းသဖြင့် စာဖတ်လို့မရနိုင်ရသည့်အထဲ စာတွေက လည်းခက်ခဲလွန်းသောအခါ ကျွန်တော့်မှာ “ကိုခင်မောင်ဝင်း” ၏စာတမ်းကို အမြည်းသဘောသာ တို့ထိ နိုင်ခဲ့လေ သည်။

“ကိုခင်မောင်ဝင်း”ရေးခဲ့သော စာတမ်းမှာ “သုညမဟုတ်ဂိမ်း” (Non - Zero – Sum Game) ကို မိတ် ဆက်ထားခြင်း
ဖြစ်သည်ဟုသာ ကျွန်တော်နားလည်နိုင်ခဲ့လေသည်။

                                                             (ခ)

ကမ္ဘာ့ခေါင်းဆောင်များ အချင်းချင်းတွေ့ဆုံစကားပြောကြသည့် အကြောင်းများကို ကျွန်တော်ငယ်စဉ်ကတည်းက သဘောကျခဲ့ဖူးပါသည်။ အထူးသဖြင့် အယူဝါဒချင်းဆန့်ကျင်ဘက်ဖြစ်သူများဟု ကမ္ဘာက အသိအမှတ်ပြုထားသူများ အချင်းချင်း တွေ့ဆုံကြ၊ စကားပြောကြသည့် သတင်းများကိုကြားရစဉ်က၊ သူတို့ဘယ်လိုများ စကားပြောကြပါလိမ့်၊ တစ်ယောက်၏ “ဘာသာဗေဒ” ကို နောက်တစ်ယောက်က သဘောပေါက်နိုင်ပါ့မလား။ သူတို့တတွေ စကားစစ်ထိုးနေ ကြမလား။ သူတို့တစ်တွေ စကားတွေနှိုက်ကြ မလား။ သူတို့တစ်တွေ သံတမန်ရေးယဉ်ကျေးမှုအောက်ကနေပြီး သူ့ဘက် ကိုယ့်ဘက် အကဲခတ်နေကြ မလား။ တစ်ချိန်လုံးလိုလို ကျွန်တော်စဉ်းစားနေခဲ့မိသည်။

၁၉၆၂ ခုနှစ် အတွင်းတုန်းကဖြစ်သည်။ “ကာရစ်ဘီယံပင်လယ်ကွေ့” တွင် ရုရှားတို့က ဆမ်ဒုံးကျည်စခန်း လာချပြီး
နောက် ရုရှနှင့် အမေရိကန်တို့ စကားပြောကြရ၏။ အမေရိကန်သမ္မတ “ကနေဒီ” နှင့်ဆိုဗီယက် ရုရှားသမ္မတ “ခရူးရှော့” တို့ စကားပြောကြ၏။ တယ်လီဖုန်းထဲမှတစ်ဆင့် ပြောကြခြင်းသာ ဖြစ်သည်။ သူတို့နှစ်ဦး အခုလို စကားမပြောခင်၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ကြီးရဲ့ အတွင်းရေးမှူးချုပ် “ဦးသန့်” သည် နှစ်ဖက်သဘောထား၊
နှစ်ဖက်စကားများကို တစ်ဖက်နှင့်တစ်ဖက် နားလည်လွယ်စေရန် ကြားဝင်ဆောင် ရွက်ပေးခဲ့၏။ ထိုစဉ်က “ဦးသန့်” ၏ “အမေရိကန် နှင့်ဆိုဗီယက်” စကားပြောနိုင်ရေးကြိုးပမ်းသည့် နည်းနာမှာ ထိပ်တိုက်ရင်ဆိုင်ရေးကို အခြေမခံ။
တွေ့ဆုံအဖြေရှာရေးကိုသာ အခြေခံ၏။ “တတိယဘာသာ စကားအသစ်” ကိုအသုံးပြု၏။ ထို့ကြောင့် ဆိုဗီယက်တို့က ဒုံးကျည်စခန်းများကိုရုပ်သိမ်းသွားပြီး အမေရိ ကန်တို့က ကျူးဘားကို ပိတ်ဆို့ထားမှု ရုပ်သိမ်းပေးခဲ့၏။ ထိုစဉ်က ဦးသန့်သည် “သုညမဟုတ်ဂိမ်း” သီဝရီကို လက်တွေ့အသုံးချခွင့်ကြုံခဲ့သည့် သဘောဟုယူဆရမလိုရှိ၏။ သို့သော် ထိုစဉ်ကမူ ကမ္ဘာကြီးပေါ်တွင် “သုညမဟုတ်ဂိမ်း” “သီဝရီ”မှာ “သီဝရီ” တစ်ခု (သို့မဟုတ်) ပြဿနာဖြေရှင်းရေး နည်းလမ်းတစ်ခု” အဖြစ်တွင်ကျယ်ခြင်း အလျဉ်းမရှိသေး။

                                                               (ဂ)

“ရာဇ၀င်တွင်မယ့်စကားဝိုင်းများ” စာအုပ်တွင် ကျွန်တော်သည် “မော်စီတုံး” နှင့် “နစ်ဆင်” ပါဝင်သည့် စကားဝိုင်း များကို နှစ်သက်၏။ စာအုပ်၏နောက်ပိုင်း အရှေ့အလယ်ပိုင်း ပြဿနာဖြေရှင်းရေး စကားဝိုင်းများကိုမူ ကျွန်တော် သိပ်ပြီး ဘ၀င်မခိုက်လှပါ။ “မော်စီတုံး” နှင့် “နစ်ဆင်” တို့ပါဝင်သည့် “စကားဝိုင်း” များ မှာ “ဒဿန” အပေါ်အခြေခံ သည့် “စကားဝိုင်း”များ ဖြစ်နေခဲ့၏။ သည်ကြားထဲကမှ “နယ်ရုပ်များ”၊ “ကွင်း” များကို ကျွန်တော်တို့ ထောင့်ဖြတ် သဘောတွေ့လိုက်ရခြင်းသာ ဖြစ်သည်။

“ခင်ဗျားတို့ နိုင်ငံရေးမှာ ကျွန်တော်ကလက်ဝဲကို မကြိုက်ဘူးဗျ၊ လင်္ကျာကို ပိုကြိုက်တယ်”သည်စကား မှာတရုတ်ပြည် ကွန်မြူနစ်ပါတီဥက္ကဋ္ဌကြီး “မော်” က အမေရိကန်သမ္မတကြီး “နစ်ဆင်” ကို ပြောလိုက် သောစကား ဖြစ်၏။ ကွန်မြူနစ်တစ်ယောက်က လက်ယာပါတီတစ်ခုကို ကြိုက်သည်ဟု အခုလိုပြော လိုက်သည်မှာ မူအရမဟုတ်ဘဲ၊ “ဒဿန” ကို အခြေခံခြင်းမဟုတ်ဘဲ “အကျိုးစီးပွား” ကို အခြေခံပြီးမှ ပြောသည့်စကား ဖြစ်၏။ ထိုစဉ်က အမေရိကန် လက်ဝဲများက တရုတ်နှင့်မသင့်မြတ်လှသည့် ဆိုဗီယက် တို့ဘက်သို့ ယိမ်းနေသောကြောင့် ဖြစ်၏။ ထိုအခါ အကျိုး စီးပွားအရ “လက်ယာ”သည်ပင် တရုတ်လက်ဝဲ ကွန်မြူနစ်တို့အဖို့ “မဟာမိတ်” ဖြစ်လာရ၏။ “ဟီးဂဲလ်” ၏ “နိုင်ငံရေးတွင် ထာဝရမိတ်ဆွေ၊ ထာဝရရန်သူ ဟူ ၍မရှိဘဲထာဝရ အကျိုးစီးပွားသာရှိသည်”ဟူ စကားမှာ မှတ်သားဖွယ်ကောင်းလေသည်။

“မော်” နှင့် “နစ်ဆင်” တို့ပါဝင်သော “စကားဝိုင်း” များမှာ အကျိုးစီးပွားနှင့် ယှဉ်သောစကားဝိုင်းများ ဖြစ်၏။ နှစ်ဖက် စလုံးအကျိုးရှိမည့် “ဘုံအကျိုးစီးပွား” ကိုရအောင်ရှာယူရင်း သီးခြားအကျိုးစီးပွားများကို အကာအကွယ်ပေးဖို့ ကြိုးစား ခဲ့ကြ၏။ အပေးအယူရှိ၏။ အလျှော့အတင်းရှိ၏။ အသေမဟုတ်။

“စကားဝိုင်း” တစ်ခုစတော့မည်ဆိုလျှင် “အဓိကပြဿနာတွေက စရမလား၊ သာမည ပြဿနာတွေက စရမလား၊ ဒါမှမဟုတ် အဓိကပြဿနာအပေါ်အခြေခံပြီးမှ သာမညပြဿနာကို စဉ်းစားကြမလား၊ ဒါမှ မဟုတ် နှစ်ဖက်စလုံး အကျိုးမရှိသည်ကို တွေ့အောင်ရှာ၊ နှစ်ဖက်စလုံးအကျိုးရှိမည့်နေရာအထိ ရှေ့တိုး လုပ်ကြမလား၊ “စကားဝိုင်း” လုပ်ရင် နှစ်ဖက်စလုံးမရှုံးဘူး။ နှစ်ဖက်စလုံးမနိုင်ဘူးဆိုတာ တကယ်ပဲလား။ “ရာဇ၀င်တွင်ရစ်မယ့် စကားဝိုင်းများ” စာအုပ်က ကျွန်တော့်ခေါင်းထဲကို ကြွက်တစ်ကောင်ထည့်ပေးလိုက် လေသည်။

                                                             (ဃ)

ယနေ့တွင်မတော့ “စကားဝိုင်း ယဉ်ကျေးမှု” သည် ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲ ဖြစ်စဉ်၏ ၀န်ရိုးသစ်ဖြစ် လာခဲ့ပြီ
လောဟု မေးခွန်းထုတ်စရာဖြစ်လာခဲ့ပြီ။ “စကားဝိုင်း ယဉ်ကျေးမှုသစ်” ဟူသော စကားသည်ပင် ရှိလာခဲ့ပြီ။

ကျွန်တော်တို့သည် “စကားဝိုင်းယဉ်ကျေးမှု” ဒီရေလှိုင်းကိုစီးကာ ၂၁-ရာစုအတွင်း ၀င်လာခဲ့ကြပြီ။ ယင်း ဒီရေလှိုင်းပေါ် တွင် တချို့မှာ လှိုင်းမူးလျက်။ တချို့လှိုင်းထိပ်တွင်ရပ်လျက်။ တချို့လှိုင်းနှင့်ဝေးရာ။ တချို့လှိုင်းအောက်။

မည်သို့ပင်ဖြစ်စေ “စကားဝိုင်းယဉ်ကျေးမှုသစ်” က၊ ကျွန်တော်တို့ကို ဖိတ်ခေါ်လျက်ရှိသည်ဟုတော့ အခိုင်အမာ ယုံကြည်နေမိ၏။