မြေမြှုပ်မိုင်းအန္တရာယ်ကြောင့်ဖြစ်ပေါ်လာတဲ့ လူမှုပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ

ပရင့်ထုတ်ရန်

“ဗေဒါနဲ့ရွှေကြာ ဆွေးနွေးခန်း”

ဗေဒါ ။ ။ အစိုးရနဲ့ကေအိုင်အေ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ပြီးတာ ရက်ပိုင်းပဲရှိသေးတယ်။ နမ့်ခမ်းဘက်မှာ မိုင်းနဲ့ တိုက်ခိုက်လို့ တိုက်ပွဲဖြစ်သွားတဲ့အကြောင်း သတင်းတွေ တက်လာနေပြန်ပြီဗျ။

ရွှေကြာ ။ ။ ဟုတ်လား။ ပြီးခဲ့တဲ့ ဆွေးနွေးပွဲမှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ်ကို စွန့်ခွာထွက်ပြေး သွားတဲ့ဒေသခံ
တွေ ကိုယ့်ဒေသခံပြန်နိုင်ရေးနဲ့ နှစ်ဖက်တပ်တွေ စစ်ရှိန်လျှော့ပြီးတော့ တိုက်ပွဲတွေထပ် မဖြစ်ဖို့သဘောတူထားတာက ပူပူနွေးနွေးပဲရှိသေးတယ်။ ထပ်ဖြစ်ပြန်ပြီဆိုတော့ ဂျာအေးသူ့အမေရိုက်၊ မုန့်လုံးစက္ကူကပ်တဲ့ပုံစံ ဖြစ်နေပြီပေါ့ဗျ။

ဗေဒါ ။ ။ လက်နက်ကိုင်ထားတဲ့ သူတွေကြားမှာ အခုလိုမြေမြှုပ်မိုင်းတွေ၊ ဆွဲမိုင်းတွေ ... စတဲ့ မိုင်းမျိုး စုံနဲ့တိုက်ခိုက်
ကြတာက စစ်ပွဲတစ်ပွဲရဲ့နည်းနာအရ လုပ်တဲ့ကိစ္စဖြစ်ပေမယ့် စစ်ပွဲနဲ့မသက်ဆိုင်တဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေ၊ စားဝတ်နေရေးအတွက် ၀မ်းစာရှာတဲ့အများပြည်သူတွေကို ထိခိုက်မယ်ဆိုရင် တော့ဘယ်လိုမှ လက်ခံလို့ မရဘူးဗျ။

ရွှေကြာ ။ ။ ဟုတ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ပြည်တွင်းစစ်သမိုင်း တစ်လျှောက်မှာ မြေမြှုပ်မိုင်းကြောင့် အသက် ဆုံးရှုံးသွားရတဲ့ ပြည်သူလူထုတွေ၊ အသက်မသေပေမယ့်လည်း ဘ၀တစ်လျှောက်လုံး ကိုယ်လက်အင်္ဂါဆုံးရှုံးပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ရှိနေသူတွေဟာ ထောင်၊ သောင်းချီနေပြီလေဗျာ။ လက်ရှိအနေအထားမှာ အစိုးရတပ်
တွေရော၊ တောတွင်းလက်နက်ကိုင် အဖွဲ့တွေပါ လူနေကျဲပါးတဲ့ နယ်စပ်ဒေသတွေမှာ ထောင်ထားတဲ့ မြေမြှုပ်မိုင်း
တွေက ပွစာကျဲနေတုန်းပဲဗျ။ မိုင်းထောင်တယ်ဆိုတာ ကလည်း ကိုယ်ထောင်ထားတဲ့မိုင်းတွေကို စနစ်တကျ မိုင်းမှတ်တမ်း လုပ်ပြီး ထောင်ကြတာမျိုးမဟုတ် တော့အခုချိန်မှာ ဒေသခံတွေအနေနဲ့ ကံကိုယုံပြီး ဆူးပုံနင်းနေ ရသလို ဖြစ်နေတာပေါ့။

ဗေဒါ ။ ။ အရင်တုန်းကနဲ့စာရင် အခုအစိုးရလက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အတော်များများနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ထားလို့ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုတွေနည်းနည်းတော့ လျော့သွားတယ်လို့ ဆိုနိုင်မလားပဲ။

ရွှေကြာ ။ ။ ကျွန်တော်ကတော့ မထင်ပါဘူးဗျာ။ ကမ္ဘာပေါ်မှာ ကျွန်တော်တို့နိုင်ငံဟာ မိုင်းအသုံးပြုမှု အများဆုံးနိုင်ငံ စာရင်းထဲမှာပါနေတာ ဒီကနေ့အထိပဲဗျ။ မနှစ်တုန်းက မြေမြှုပ်မိုင်းတွေ စောင့်ကြည့်လေ့လာတဲ့ နိုင်ငံတကာအဖွဲ့ တစ်ခုဖြစ်တဲ့ Landmine and Cluster Munition Monitor ရဲ့စစ်တမ်းအရဆိုရင် ၂၀၁၀ ပြည့်နှစ်တုန်းက မြေမြှုပ် မိုင်းကြောင့် သေဆုံးသူ ၃၆ယောက်ရှိပြီး ဒဏ်ရာရတဲ့သူတွေက ၂၃၈ ဦးရှိတယ်။ ၂၀၁၁ မှာတော့ အနည်းဆုံး ၈၄ ယောက်သေပြီး ၂၉၃ ယောက်ဒဏ်ရာရတယ်လို့ ဆိုထား တယ်ဗျ။ အဲဒီအထဲမှာ သေဆုံးဒဏ်ရာရတဲ့သူတွေရဲ့ ထက်ဝက်ကျော်ကအရပ်သားတွေ ဖြစ်တယ်လို့ ပြောတယ်။ ဒီသတင်းအချက်အလက်တွေကိုအစိုးရ၊ အင်န်ဂျီအိုနဲ့ သတင်းမီဒီယာတွေရဲ့ အချက်အလက် တွေကိုကိုးကားပြီး လုပ်ထားတယ်ဆိုတော့ အမှန်တကယ်စာရင်းက ဒီထက် အများကြီး ပိုနိုင်တယ်လို့ ပြောလို့ရတယ်။ စစ်တမ်းတွေအရ ဆိုရင် ၁၉၉၉ ခုနှစ်ကနေ၂၀၁၁ခုနှစ် အတွင်းမှာ ကျွန်တော်တို့နိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးတဲ့သူအရေအတွက်ဟာ၃၂၅၀ ဦးရှိတယ်လို့ ဆိုထားတယ်။ ဒါပေမဲ့ လက် တွေ့မှာတော့ ဒီစာရင်းရဲ့ သုံးဆလောက်ရှိနိုင်တယ်လို့ ခန့်မှန်းလို့ရတယ်။

ဗေဒါ ။ ။ ဟုတ်တော့ ဟုတ်တယ်လေ။ ဒါပေမဲ့ ဒီအစိုးရလက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးနောက်ပိုင်းမှာ မိုင်းချထားမှုတွေ အရင်ကထက်ပိုပြီး လျော့နည်းလာတယ်လို့တော့ ယူဆနိုင်တာပေါ့ဗျာ။ ခင်ဗျားပြောတဲ့ မြေမြှုပ်မိုင်းကြောင့် သေဆုံးတဲ့သူတွေများလာ တယ်ဆိုတာက အရင်တုန်းက
ထောင်ထားတဲ့ မိုင်းတွေလည်း ဖြစ်နိုင်တာပဲလေ။ တစ်ခုတော့ ရှိတာပေါ့ဗျာ... ဒီနှစ်,နှစ်လောက်ကာလထဲမှာ
ကေအိုင်အေနဲ့ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်ခဲ့တော့ နှစ်ဖက် စလုံးက မြေမြှုပ်မိုင်းတွေသုံးနိုင်တာပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာ မြေမြှုပ်မိုင်း အန္တရာယ်ဆိုတာက တော့ပဋိပက္ခ နှစ်ဖက်စလုံးကစစ်သားပဲဖြစ်ဖြစ်၊ အရပ်သားပဲဖြစ်ဖြစ် မိုင်းထိပြီဆိုရင် အနည်းဆုံးတော့ တစ်သက်လုံး မသန်စွမ်းဘ၀နဲ့ပဲ လူ့ဘ၀ကြီးထဲမှာနေသွား ကြရတဲ့သူတွေ ဖြစ်သွားကြတာပဲလေ။

ရွှေကြာ ။ ။ ဒါဆိုရင် ခင်ဗျားဆိုလိုတာက အစိုးရတပ်တွေအနေနဲ့ မြေမြှုပ်မိုင်းတွေ အသုံးမပြုတော့ဘူးလို့ ဆိုချင်တာ လား။

ဗေဒါ ။ ။ ဒီလိုတော့ သေသေချာချာ မပြောနိုင်ဘူးပေါ့ဗျာ ...။ ပဋိပက္ခစစ်ပွဲ တွေရှိနေသ၍ကတော့ နှစ်ဖက်စလုံးက သုံးနိုင်တာပဲ။ အခုဆိုရင် နိုင်ငံတကာမှာ မြေမြှုပ်မိုင်းပိတ်ပင်ရေးစာချုပ်ကို လက်မှတ် ထိုးထားတာ နိုင်ငံပေါင်း ၁၆၀
လောက် ရှိနေပြီ။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံအနေနဲ့ ဒီကနေ့အထိ အဲဒီ စာချုပ်ကိုလက်မှတ်မထိုးသေးဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်လောက်ကလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ မိုင်းဆန့် ကျင်ရေးအစည်းအဝေးကိုတော့ သွားတက်ခဲ့တာတွေ့ရတယ်။ ဒါက နိုင်ငံတကာအသိုင်းအ၀ိုင်းကြားမှာ ၀င်ဆံ့လာတယ်လို့ ဆိုနိုင်သလို ပြည်တွင်းစစ်ကြီး မြန်မြန် အဆုံးသတ်နိုင်ရင်
တော့ စာချုပ်ကို လက်မှတ် ထိုးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

ရွှေကြာ ။ ။ အေးဗျာ ...။ ခင်ဗျား ပြောသလို မြေမြှုပ်မိုင်း ပိတ်ပင်ရေးစာချုပ်ကို လက်မှတ်ထိုးထားတာ နိုင်ငံပေါင်း ၁၆၀ လောက်ရှိနေပြီဆိုတော့ နိုင်ငံတွေအကုန်လုံးပါတယ်လို့ ဆိုလိုတာလား။

ဗေဒါ ။ ။ ဒီလိုတော့ မဟုတ်ဘူးဗျ။ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ရုရှ၊ တရုတ်၊အိနိ္ဒယနဲ့ ပါကစ္စတန်
နိုင်ငံတွေက အော်တ၀ါစာချုပ်မှာ အခုချိန်ထိလက်မှတ်မထိုးသေးဘူးလို့ သိရတယ်ဗျ။

ရွှေကြာ ။ ။ ဒါဆိုရင် မြေမြှုပ်မိုင်းတွေ နဲ့ပတ်သက်တဲ့ နိုင်ငံတကာအခြေအနေက ဘယ်လိုတွေရှိတယ် ဆိုတာကိုလည်း
ပြောစမ်းပါဦး။

ဗေဒါ ။ ။ တကယ်တော့ မြေမြှုပ်မိုင်းနဲ့ပတ်သက်တဲ့ သတင်းစကားတွေက အရင်တုန်းကဆိုရင် လူအများက သိပ်စိတ်မ၀င်စားကြဘူးဗျ။ ဒါပေမဲ့ ၁၉၉၇ မှာ မင်းသမီးဒိုင်ယာနာက နိုင်ငံတကာမှာ မြေမြှုပ်မိုင်းပိတ်ပင်ရေးကို လှုံ့ဆော်တဲ့အနေနဲ့ အင်ဂိုလာနိုင်ငံက မြေမြှုပ်မိုင်းတွေမြှုပ်နှံထားတဲ့ မိုင်းကွင်းတစ်ခုကို ဖြတ်လျှောက်ပြပြီးတဲ့
နောက်မှာ မြေမြှုပ်မိုင်းဆန့်ကျင်ရေးလှုပ်ရှားမှုဟာ တစ်ဟုန်ထိုး အောင်မြင်လာ တယ်လို့ ပြောရမှာပေါ့။ ဗြိတိန်နိုင်ငံ
တောင်မှ ဒိုင်ယာနာကွယ်လွန်ပြီးမှ အော်တ၀ါစာချုပ်ကို လက်မှတ် ထိုးခဲ့တာလေ။ အော်တ၀ါစာချုပ်ကို လက်မှတ်ထိုး ထားတဲ့ နိုင်ငံတွေအနေနဲ့ မြေမြှုပ်မိုင်းတွေ ထုတ်လုပ် တာ၊ အသုံးပြုတာနဲ့ သိုလှောင်စုဆောင်းတာတွေ မလုပ်ရဘူးဗျ။ အခုဆိုရင် ဒိုင်ယာနာမိုင်းကွင်းကို ဖြတ် လျှောက်ပြတဲ့ လှုံ့ဆော်မှုလုပ်ပြီးတဲ့နောက်မှာ ဒီကနေ့အထိ မိုင်းအလုံးရေ သန်း ၅၀လောက် ဖျက်ဆီးနိုင် ခဲ့ပြီးတော့ မိုင်းထောင်ထားတဲ့ ဧရိယာစတုရန်းမိုင်ထောင်ချီကျယ်ဝန်းတဲ့ မိုင်းကွင်းတွေ က မိုင်းတွေကို လည်းဖယ်ရှားနိုင်ခဲ့တယ်လေ။ ဒီလို အောင်မြင်မှုတွေကြောင့် ကမ္ဘာမှာမိုင်းနင်းမိလို့သေဆုံးတဲ့ အရေ အတွက်ဟာလည်း တဖြည်းဖြည်းနဲ့ ကျဆင်းလာတာ တွေ့ရတယ်။

ရွှေကြာ ။ ။ မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးတာ၊ မသေရင်တောင်မှ ကိုယ်လက်အင်္ဂါဆုံးရှုံးပြီး တစ်သက်လုံးလူစဉ် မမီဘဲ နေထိုင်သွားရတဲ့သူတွေအကြောင်း မြင်ရ၊ ကြားရရင် စိတ်မသက်မသာဖြစ်မိတာတော့ အမှန်ပဲဗျ။ ကျွန်တော် တို့ နိုင်ငံမှာလည်း မြေမြှုပ်မိုင်းတွေ ဘယ်လောက်အတိုင်းအတာထိ မြေကြီးထဲမှာ ရှိနေသလဲဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်ဘူး။ ဒီလိုအခြေအနေတွေအပေါ်မှာ ခင်ဗျားအနေနဲ့ ဘယ် လိုသုံးသပ်ချင်သလဲ။

ဗေဒါ ။ ။ မြေမြှုပ်မိုင်းတွေ ကျွန်တော်တို့နိုင်ငံမှာ အကုန်လုံးရှင်းလင်းနိုင်ဖို့ဆိုတာက ပြည်တွင်းငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်သရွေ့ကတော့မဖြစ်နိုင်ဘူးလို့ထင်တယ်။ နိုင်ငံတကာမှာလည်း ပြည်တွင်းစစ် ဖြစ်နေတဲ့နိုင်ငံတိုင်း ဟာ မြေမြှုပ်မိုင်းကို မဖြစ်မနေသုံးနေကြရတာပဲလေ။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ပြည် တွင်းငြိမ်းချမ်းရေးရပြီးတဲ့ တိုင်အောင်ဖြစ်ကတတ်ဆန်းထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေကြောင့် မိုင်းရှင်းလင်းရေးလုပ်ငန်းဟာ နှစ်နဲ့ချီပြီး အချိန်ယူ လုပ်ဆောင် နေရဦးမှာပဲလို့ထင်တယ်။ နောက်တစ်ချက်က မြေ မြှုပ်မိုင်းကြောင့် မသန်စွမ်းဖြစ်သွားရတဲ့သူတွေဟာ အများအားဖြင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဒဏ်ရာဒဏ်ချက် တွေကို ကြံ့ကြံ့ခံနိုင်ပေမယ့်အများစုဟာ သူတို့နေထိုင်ကြတဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာ အပယ်ခံ ဘ၀လိုနေထိုင်နေကြရတာ တွေ့ရတယ်။အဲဒီတော့ ဒီလိုအနေအထားမျိုးကို
ကျော်လွန်နိုင်အောင် သူတို့ နဲ့ထိုက်တန်တဲ့ အလုပ်အကိုင်ရရှိအောင် ကူညီထောက်ပံ့ရေးနဲ့ မြေမြှုပ်မိုင်းကြောင့်
သေဆုံးသွားတဲ့သူ တွေရဲ့ကျန်ရစ်သူမိသားစုတွေကို ကူညီထောက်ပံ့နိုင်ရေးအတွက် မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် လူမှု ပြဿနာတွေကို ရင်ဆိုင်နေကြရတဲ့သူတွေကို ကူညီစောင့်ရှောက်ပေးမယ့် လူမှုအဖွဲ့အစည်းတွေ ပေါ်ပေါက် လာဖို့ လိုအပ်နေတယ်လို့ ယူဆပါတယ်။