www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
စနေ, ၂၃ နိုဝင်ဘာ ၂၀၁၉

Mizzima Burmese

Home > အာဘော်နှင့်အမြင် > သဘောထားအမြင် > မြစိမ်းရောင် ခရီးသွားလုပ်ငန်း

မြစိမ်းရောင် ခရီးသွားလုပ်ငန်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ကိုကိုလတ်က မြန်မာနိုင်ငံတွင် အစိမ်းရောင်ခရီးသွားလုပ်ငန်းကိစ္စနှင့် ပတ်သက်၍ အလေးပေး ပြောနေသည်။ သူက မြန်မာနိုင်ငံ ခရီးသွားလမ်းညွှန်များအဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သည့်အလျှောက်၊ နိုင်ငံအတွင်းရှိ သဘာဝတောရိုင်းဥယျာဉ် ၃၄ ခုအနက်၊ ၂၂ ခုမှာ “ဧည့်သည့်များအတွက် မြစိမ်းရောင် ခရီးသွားလုပ်ငန်း နေရာများ” ဟု ပြောဆိုခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံက ဆယ်စုနှစ်များစွာကြာ တံခါးပိတ်နေထိုင်ခဲ့ပြီးနောက် ခရီးသွား လုပ်ငန်းအတွက် တံခါးဖွင့်လာခဲ့ရာ၊ ယခုအချိန်တွင် နိုင်ငံက ခရီး သွားလုပ်ငန်းအဖို့ မည်မျှ စိမ်းလန်းနေလိမ့်ဦးမည်၊ ဤအခြေအနေကို မည်သည့်အချိန်တိုင် ရေရှည်ဆက် လက် ထိန်းသိမ်းနိုင်လိမ့်မည်ကို ခန့်မှန်းပြောဆိုရ ခက်နေ
သေးသည်။

သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရက အနောက်တိုင်း ခေတ်သစ်ဖွံ့ဖြိုးရေး အယူအဆ ဝေါဟာရများကို
ရွေးချယ်သုံးနှုန်းသည်ကတော့ တော်သည်ဟု ပြောရမည်။ အထူးသဖြင့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးရေး အယူအဆများနှင့် ကော်ပိုရေးရှင်းကြီးများ၏ လူမှုရေးအရ တာဝန်ရှိမှု (CSR) ကိစ္စများကို ပြောဆိုလာခဲ့သည်။
နိုင်ငံရပ်ခြားသို့ ထိတွေ့နိုင်ရန် နိုင်ငံကို တံခါးဖွင့်လာသည့်အချိန်၌၊ အစိုးရက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို လည်း နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မောင်းနှင်ပေးမည့် အလားအလာကောင်း တစ်ခု၊ နိုင်ငံခြား
ငွေရှာပေးမည့် လုပ်ငန်းတစ်ခုအဖြစ် ရှုမြင်ထားသေးသည်။ ၂၀၁၃ ခုနှစ်တွင် နိုင်ငံခြားဧည့်သည့် တစ်သန်းမျှ လာရောက်ခဲ့ကြပြီး၊ ၂၀၁၅ ခုနှစ်တွင် သုံးသန်းမျှ ရှိလိမ့်မည် ဟုလည်း ခန့်မှန်းထားသည်။ သို့သော်လည်း ခရီးသွား လုပ်ငန်း နယ်ပယ်အနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲ ရေး အိုင်ဒီယာနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိလာရေး အတွက် စွန့်စားလုပ်ကိုင်ရေးဟူသော အယူ အဆများအကြား လွန်ဆွဲနေလျက် ရှိသည်။ အလှူရှင်များကတော့ ပိုမိုကောင်းမွန်သည့် နည်းလမ်းဖြင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်လုပ်ကိုင်ရန် လိုလားနေကြသည်။

သို့သော်လည်း နှစ်,နှစ်တာကာလအတွင်း ဧည့်သည့် သုံးဆမျှတိုး၍ ၀င်ရောက်လာမည်ဆိုလျှင် ရေရှည် တည်တံ့
စေမည့် နည်းလမ်းများဖြင့် လုပ်ဆောင်ရန် ဖြစ်နိုင်ပါဦးမည်လော၊ မေးခွန်းထုတ်ရန် ရှိနေပါသည်။ ဤမေးခွန်းမှာ အထူးသဖြင့် ယခုကာလတွင် ပို၍သက်ဆိုင်မှု ရှိနေသည်။ APEC အဖွဲ့ ၂၀၁၃ ခုနှစ်အစည်း အဝေး၏ အဓိက
ဆွေးနွေးချက်အကြောင်း ဖြစ်သလို၊ “ရေရှည်တည်တံ့ ဖွံ့ဖြိုးမှုနှင့် ခရီးသွားလုပ်ငန်း အထူးအလေးပေးသည့်
ဆွေးနွေးမှုဆိုင်ရာ နိုင်ငံတကာ ညီလာခံ” တို့က အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် အောက်တိုဘာ ၅-၆ ရက်များတွင် ကျင်းပသည့် အစည်းအဝေး၌ ရေရှည်တည်တံ့သည့် သဘာ၀၀န်းကျင် နှင့် လျော်ညီသော ခရီးသွားလုပ်ငန်း ကိစ္စကို ရှေးရှု ဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် ယခုအခွင့် အလမ်းကို ရေရှည်တည်တံ့အောင် အခွင့်ကောင်းယူ ဆောင်ရွက်မည်လောဟု အရေးတကြီး မေးမြန်းရန် ရှိနေပါသည်။ သို့မဟုတ် အခြားနိုင်ငံအများစု ဖွံ့ဖြိုးတိုးတက်လမ်း ရှာခဲ့ကြသလို အလားတူ အမှားမျိုး ထပ်ကျူးလွန်ဦးမည်လော။ မေးမြန်းဖို့ ရှိနေသည်။ ယခုအခါ သဘာဝပတ်ဝန်းကျင်များစွာ ပျက်စီးဆုံးရှုံး နေရပြီး၊ ဧည်သည့်အများက ဤကိစ္စများကိုပင် လာ၍ ကြည့်ရှုနေ ကြရပါသည်။

မပျက်မစီး ကျန်ရှိနေသေးသည်။
သို့သော် မည်မျှခံမည်နည်း

ပင်ပန်းနွမ်းနယ်နေကြသည့် ခရီးသွားများက လူသူ မရောက်မပေါက်သေးသည့် ဆိပ်ကမ်းများ၊ သို့မဟုတ် ပတ်ဝန်းကျင် မပျက်မသုဉ်း ရှိနေသေးသည့် မြန်မာနိုင်ငံ၏ ကျေးလက်များကို အံ့အားသင့်ဖွယ် လာရောက် မြင်တွေ့
နိုင် ပါသေးသည်။ တစ်နည်းဆိုရသော် ခေတ်နောက်ကျ သည်၊ မဖွံ့ဖြိုးဘဲ ကျန်ရစ်နေသည်ဟုဆို နိုင်သော်လည်း၊ အသိရှိရှိဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုများကို ကာကွယ်ထိန်းသိမ်းထားသောကြောင့် ကျန်ရှိနေခြင်း လည်း ဖြစ်ပါသည်။

နိုင်ငံခြားခရီးသွားများ၏ ဧည့်လမ်းညွှန် တစ်ဦးပြောသလို မြန်မာနိုင်ငံတွင် လူသူမရောက် ပေါက်သေးသည့် သဘာဝ ပင်လယ်ကမ်းခြေများကို တွေ့နိုင်သလို၊ ခေတ်သစ်ကမ္ဘာနှင့် အထူးတလည် မထိတွေ့ရ သေးသည့် ယဉ်ကျေးမှုများ ကို ရှုမြင်နိုင်မည်ဟု ဆိုပါသည်။ ခရီးသွား ဧည့်လမ်းညွှန်တစ်ဦးအဖို့ ဤလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း
ပြုနေသည်နှင့်အညီ၊ နှိုင်းယှဉ်ချက်အရ ပို၍သာသည့် ကောင်းမွန်သည့် နေရာများကို အလွယ်တကူ ခေါ်ပြနိုင် ပါသည်။ သို့သော်လည်း ဧည့်လမ်းညွှန်က ဤသို့ ပြောဆိုသည်မှာ အဓိပ္ပါယ်ရှိပါသည်။

အလွယ်တကူဆိုရလျှင် မြန်မာနိုင်ငံက ၎င်းကို သမုတ်ခေါ်ဆိုနေကြသည့်အတိုင်း သဘာဝအလှတရား၊ ယဉ်ကျေးမှုနှင့် ပတ်သက်လာလျှင် “ရွှေမြေ” (Golden Land) ပင် ဖြစ်သည်။ ပြီးခဲ့သည့် နှစ်,နှစ်တာ ကာလအတွင်း ကျင်းပခဲ့ကြသည့် ရေရှည်တည်တံ့ခိုင်မြဲမည့် ခရီးသွားလုပ်ငန်းဆိုင်ရာ ညီလာခံအများ၏ ဆွေးနွေးချက်များအရ ဆိုရလျှင် ဤလုပ်ငန်း ကဏ္ဍတွင် ပတ်သက်နေကြသည့် အစိုးရများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များအားလုံးက ခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်မည့် မြန်မာနိုင်ငံ၏ အလှအပများကို အလေးထား အသိအမှတ်ပြု ထားကြပါသည်။ ၎င်းတို့ကိုလည်း ရေရှည် ဆက်လက်ထိန်းသိမ်းလိုသည့် သဘောထား ရှိနေကြပါသည်။

သို့သော် ရေရှည်တည်တံ့အောင် ထိန်းသိမ်းထားရသည်မှာ ပြဿနာတစ်ခုပင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်း အလားအလာနှင့်ပတ်သက်၍ လူအများက စိုးရိမ်ပူပန်မှုများ ထုတ်ဖော်ပြောဆိုနေကြသလို၊ အဓိကကျသည့် အခြေခံအဆောက်အအုံ ပြဿနာများနှင့်ပတ်သက်၍လည်း ဖြေရှင်းနိုင်ရန် ကြိုးပမ်း အားထုတ်နေကြပါသည်။ ရန်ကုန်တွင် ဟိုတယ်များနှင့် အခန်းများ အကန့်အသတ် ရှိနေသည့် ပြဿနာမျှသာ မဟုတ်ဘဲ၊ အနည်းဆုံး တည်းခို ခန်းခများ ဈေးနှုန်း အလွန်အမင်း ကြီးမြင့်နေသည့် ကိစ္စ များလည်း ပါဝင်သည်။ ခရီးသွားဧည့်သည်များ အများဆုံး မျက်စိကျကြသည့် အင်းလေးကန်နှင့် ပုဂံကဲ့သို့ သော နေရာများတွင် ပို၍ကောင်းမွန်သည့် အခြေခံ အဆောက်အအုံ များ တိုး၍ ဆောက်လုပ်နေကြပြီး၊ ဟိုတယ်နှင့် တည်းခိုခန်းများလည်း တိုး၍ ဆောက်လုပ်နေကြသည်။

ယခုတိုင် အပျိုစင်သဖွယ်ရှိနေဆဲ
ခရီးသွားလုပ်ငန်း အသင်းအဖွဲ့ ခေါင်းဆောင် ကိုကိုလတ် ထောက်ပြပြောဆိုသကဲ့သို့၊ ရေရှည်တည်တံ့သည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဆိုသည်မှာ မြန်မာနိုင်ငံတွင် မွေးကင်းစအခြေအနေသာ ရှိနေသေးသည်။ ရေရှည် တည်တံ့မည့် ချည်းကပ်ဆောင်ရွက်မှု အတွက် မျက်နှာစာတစ်ခုမှာ ဂေဟစနစ်ဆိုင်ရာ ခရီးသွားလုပ်ငန်းဖြစ်ပြီး၊ နည်းမျိုးစုံဖြင့် ဆောင်ရွက်နိုင်သည်ဟု ဆိုပါသည်။ ၎င်းတို့တွင် သဘာဝပတ်ဝန်း ကျင်နှင့် လျော်ညီသည့် အားလပ် အပန်းဖြေရက် ဟိုတယ် အပန်းဖြေစခန်းများ ဆောက်လုပ်ခြင်း၊ လမ်း လျှောက် တောင်တက်ခြင်း၊ စက်ဘီးစီးခရီး၊ ဆင်စီး၍ လေ့လာရေးခရီးထွက်ခြင်း၊ ပင်လယ် သန္တာကျောက် တန်းများနှင့် ဇီဝသတ္တမျိုးများကို ထိန်းသိမ်းကာ
ရေငုပ်လုပ်ခြင်း ဆောင်ရွက်ခြင်း၊ စသည်တို့ နှင့် ကာဘွန် ထွက်ရှိမှုကို လျော့နည်းစေသော အခြားအပန်းဖြေရက် လှုပ်ရှားမှုများပင် ဖြစ်သည်ဟု ဆိုသည်။

“မြန်မာနိုင်ငံမှာက ဂေဟစနစ် ခရီးသွားလုပ်ငန်းက မဖွံ့ဖြိုးသေးပါဘူး” သူက ပြောသည်။ “ဒါပေမဲ့ အစိုးရနဲ့ ခရီးသွား လုပ်ငန်းကဏ္ဍထဲက အချို့သော လုပ်ငန်းရှင်တွေက ဒီလုပ်ငန်း နယ်ပယ်ကို ဖွံ့ဖြိုးအောင် လုပ်လိုကြပါတယ်။ ဂေဟ စနစ် ခရီးသွားလုပ်ငန်းသာမကပါဘူး၊ အခြား ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း၊ ရေရှည်တည်တံ့တဲ့ ခရီးသွား လုပ်ငန်းတွေ အပါအ၀င်ပါ”။

မြန်မာအစိုးရက ခရီးသွားလုပ်ငန်းကဏ္ဍတွင် ရေရှည်တည်တံ့ ဖွံ့ဖြိုးမှုအတွက် အစည်းအဝေးများ၊ ညီလာခံ အများ အပြားကို အိမ်ရှင် အဖြစ်လက်ခံ၍ ကျင်းပခဲ့သည်။ ထို့အပြင် ဤသို့ ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ခြင်း အားဖြင့် ယခု ခရီးသွားလုပ်ငန်းကဏ္ဍမှ ၀င်ငွေနှင့် အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်းလည်း လူသိရှင်ကြားထုတ်ဖော် ပြောဆိုခဲ့သည်။ ခရီးသွားအများအပြားလည်း တစ်ချိန်က အထည်းတည်းနေထိုင်ခဲ့သည့် ဗီဇာနှင့် ပြည်ဝင်ခွင့်တင်းကျပ်စွာ ရှိနေခဲ့သည့် နိုင်ငံသို့ လာရောက် လည် ပတ်ခဲ့ကြသည်။

သို့သော် အစမျှသာ ရှိသေးသည်။ ကိုကိုလတ်က ပြောဆိုရာ၌ မြန်မာနိုင်ငံ၌ ခရီးသွားလုပ်ငန်း စီစဉ်ပေးရင်း တစ်စိတ်တစ်ပိုင်းအဖြစ် ဂေဟစနစ်ခရီးသွားလုပ်ငန်းကို ၀န်ဆောင်ပေးနေသည့် ကုမ္ပဏီအများအပြား ရှိနေသည်ဟု ဆိုသည်။ သူက ဥပမာပေးပြောဆိုရာ၌ Journey ခရီးသွား ကုမ္ပဏီ၊ ဟိမလာယာကုမ္ပဏီတို့ကို ဥပမာဖော်ပြ
ပြောဆိုခဲ့သည်။ ၎င်းတို့က နိုင်ငံ၏မြောက်ပိုင်းရှိ တောင်တန်းဒေသများသို့ ခရီးစဉ်များ စီစဉ်ပေးပြီး၊ ခရီးသွား လုပ်ငန်းနယ် ပယ်တွင် လူသူအရောက်အပေါက် နည်းသေးသည့် ဒေသများဟု ဆိုရပါလိမ့်မည်။

“ဂျပန်တိုးရစ်အများစုက ချင်းပြည်နယ်ကို လာလည်ကြတယ်။ သူတို့က တောင်တက်တာ၊ ငှက်ကြည့်တာတွေ၊
တောရိုင်းတိရစ္ဆာန် ကြည့်တာတွေ၊ အိမ်မှာ အတူနေတာတွေ (Home stay) လုပ်ကြတယ်” သူက ပြောပြသည်။ သို့ရာတွင် အိမ်တွင် အတူနေထိုင်ခြင်း ဟူသည့် (Home stay) လည်ပတ်မှုမျိုးမှာ နူးညံ့ ညင်သာသည့် ၀န်ဆောင်မှု မျိုးပေးရန် လိုအပ်ပြီး ဧည့်သည်များကို ဒေသခံများ၏ အိမ်တွင် ယဉ်ကျေးမှု ဆိုင်ရာ အတွေ့အကြုံများ ပေးရန်ပင်
ဖြစ်သည်။

မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံတွင် APEC 2013 ခုနှစ် ညီလာခံနှင့် တိုက်ဆိုင်၍ ကျင်းပခဲ့သည့် ရေရှည်တည်တံ့ ခိုင်မြဲမှုဆိုင်ရာ ညီလာခံတွင်၊ ကိုယ်စားလှယ်များက ဘာလီ ကျွန်းပေါ်ရှိ ဂေဟစနစ် ခရီးသွားလုပ်ငန်း နေရာများနှင့် ယဉ်ကျေးမှုဆိုင်ရာ နေရာများကို သွားရောက်လည်ပတ်ခွင့်ရကြပြီး အရေးပါသည့် ဆွဲဆောင်မှုများ ကြုံကြိုက်ခဲ့ကြ ရသည်။

“ကျွန်တော်တို့က အင်ဒိုနီးရှား၊ မလေးရှား နိုင်ငံတွေနဲ့ နှိုင်းယှဉ်တဲ့အခါ သူတို့ကလည်း ဂေဟစနစ် ခရီးသွားလုပ်ငန်း လုပ်တာပဲ။ ဒါပေမဲ့ သူတို့က ဖွံ့ဖြိုးပြီးသားဖြစ်နေကြပြီ” ဟု ဆိုသည်။ “ကျွန်တော်တို့က ခုမှလိုက်ရမှာ၊ ကျွန်တော်တို့ က အရိုင်းသက်သက် အပျိုစင်လိုပဲ ရှိနေသေးတယ်။ ကျွန်တော်တို့မှာ အားသာချက်တွေ အများကြီးရှိပါတယ်” ဟု
နှိုင်းယှဉ်ပြသည်။

သို့အတွက်ကြောင့် ကိုကိုလတ်က အလေးပေးပြောကြားရာတွင် ၎င်းကဏ္ဍနှင့် ခရီးသွားလုပ်ငန်းတစုံလုံး ဖွံ့ဖြိုး တိုးတက်စေရေးအတွက် မဟာဗျူဟာတစ်ရပ် လိုအပ်သည်၊။ ဥပဒေများကို ပြင်ဆင်ရေးဆွဲရန် လိုသည်။ အစိုးရ၏ ပံ့ပိုးပေးမှုများနှင့် စီးပွားရေးအရ ကျင့်ဝတ်များ လိုက်နာရန် လိုအပ်သည်ဟု ပြောသည်။

အရည်အသွေးနှင့် ယဉ်ကျေးမှု
ကိုအေးမင်းထွန်းကတော့ ခရီးသွားများ ထံပေးနေသည့် ၀န်ဆောင်မှု အရည်အသွေးများအတွက် စိုးရိမ်သည်ဟု ဆိုပါသည်။ OAT ခရီးသွား ကုမ္ပဏီ၏ အစီအစဉ်ဝန်ဆောင်မှု မန်နေဂျာ တာဝန်ယူထားသူတစ်ဦး ဖြစ်သည့် အလျှောက်၊ သူက ရေရှည်တည်တံ့ဖွံ့ဖြိုးမှု အရေးပါပုံကို သိပ်လက်ခံချင်ပုံမရပါ။ သို့သော် မတူကွဲပြားသော ယဉ်ကျေးမှုများလည်း ဆွဲဆောင်မှု တစ်ခုဖြစ်နိုင်ကြောင်း သူက တန်ဖိုးထားပါသည်။

“ဂေဟစနစ်ဆိုင်ရာ ခရီးသွားလုပ်ငန်းနဲ့ တခြားခရီးသွားလုပ်ငန်း ပုံစံတွေက ကွာခြားပါတယ်။ ဥပမာအားဖြင့် “ယဉ်ကျေးမှု ခရီးသွားလုပ်ငန်းဆိုတာက ကျွန်တော်တို့မှာ အကန့်အသတ် မရှိပါဘူး။ ဘယ်လို နောက်ခံအကြောင်းက လာသူဖြစ်စေ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်းကို ခံစားပျော်ရွှင်နိုင်ကြပါတယ်။

ဒါပေမဲ့ ဂေဟစနစ် ခရီးသွားလုပ်ငန်းမှာတော့ အကန့်အသတ် ရှိတယ်။ သူတို့ ရည်မှန်းပစ်မှတ်ထားတဲ့ ခရီးသွား မျိုးတွေ ရှိတယ်။ ဥပမာပြောရရင် သိပ်အိုမင်းတဲ့သူတွေက ဂေဟစနစ်ခရီးသွားမျိုး မဖြစ်နိုင်ဘူး” ဟု သူက ပြော သည်။

သူက ရှာဖွေရခက်ခဲလှသည့် ရွှေသမင် နှင့်ကျားများကို တွေ့နိုင်ရန် ခရီးသွားကြသည့် ကိစ္စမျိုးကို ဥပမာ ပေး၍
ဖော်ပြသည်။ ဤ ခရီးစဉ်က ပရိသတ်များကို ဆွဲဆောင်နိုင်သော်လည်း၊ တောရိုင်းကောင်များကို ရှာဖွေရန် မလွယ်ပဲ ရှိတတ်သည်ဟု ဆိုသည်။ နေရာများစွာတွင် တောအများအပြား ခုတ်ထွင်ခဲ့ကြပြီ ဖြစ်ပြီး၊ တောရိုင်းတိရစ္ဆာန်များ လည်း ရှာဖွေတွေ့ရန် ခက်ခဲနေပြီဟု ဆိုသည်။ ထိုမျှမက စီးပွားရေးလုပ်ငန်းရှင် အများကလည်း ဂေဟစနစ်ဆိုင်ရာ ခရီးသွားလုပ်ငန်းကို နားမလည် သဘောမပေါက်ကြသေး သကဲ့သို့၊ အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုကလည်း အားနည်းသေးသည်ဟု ဆိုပါသည်။

ကိုအေးမင်းထွန်းက သူ၏မိတ်ဆွေ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး မန္တလေးမှ ရှုခင်းသာယာလှသည့် ပြင်ဦးလွင်မြို့သို့
တောတောင်ကိုဖြတ်၍ အစမ်းခရီးထွက်ကြည့်သည့် အတွေ့အကြုံကို ပြောပြသည်။ သူ့မိတ်ဆွေက နိုင်ငံခြားခရီးသွား
နှစ်ဦးနှင့် အတူ သွားကြသည်။ သို့သော် ရဲများက တားဆီး၍ ပြန်ပို့ခံရသည်။ ခဏတာ ထိန်းသိမ်းမှုပင် ခံရသေး သည်ဟု ဆို သည်။ နိုင်ငံခြားခရီးသွားများကို ပြန်လွှတ်ပေးခဲ့သော် လည်း ဧည့်လမ်းညွှန်မှာမူ ခုံရုံးတင်၍ ဒဏ်ငွေရိုက် သည်ကို ခံခဲ့ရသည်ဟု ဆိုသည်။

“အဲဒီမှာ အကန့်အသတ်တွေ၊ အဟန့်အတားတွေ ရှိနေသေးတယ်။ အစိုးရက သူတို့ ဂေဟစနစ် ခရီးသွား လုပ်ငန်း လုပ်မယ်ဆိုတာ သူတို့ကိုယ်တိုင် ရှင်းပုံ မရသေးဘူး” ဟု သူက ဆိုသည်။

ကိုအေးမင်းထွန်းကတော့ ခရီးသွားတွေအတွက် စုစုပေါင်း တိုးတက်လာသည့်အပေါ် ဘာပဲဖြစ်ဖြစ် ၀မ်းသာ ကျေနပ်
နေပါသည်။ “ဒီလိုကြောင့် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်နေကြတဲ့ လူတိုင်းအတွက် အလုပ်အကိုင် အခွင့်အလမ်း
ကောင်းတွေ ဖြစ်လာလိမ့်မယ်။ ဧည့်လမ်းညွှန်တွေ၊ ကုမ္ပဏီတွေ အတွက်သာမကဘဲ သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုပေးနေကြသူတွေရော၊ နောက်ဆုံး ဆိုက်ကားဆရာ တွေပါ၊ လှေမောင်းသူတွေပါ အကျိုးရှိစေပါ လိမ့်မယ်။ ဒါကြောင့်မို့ ခရီးသွားလုပ်ငန်းက ၀င်ငွေတွေက ဒီလူတွေဆီ ရောက် သွားပါလိမ့်မယ်။ ဒါကိုတော့ ကျွန်တော် ကျေနပ်ဝမ်းသာ ပါတယ်” ဟု ဆိုသည်။

သို့သော်လည်း သူက မိမိတို့ ပေးဆောင်နိုင်မည့် ၀န်ဆောင်မှု အရည်အသွေးအတွက် စိုးရိမ်မှု ရှိနေသည်ဟု ဆိုပါသည်။ “ကျွန်တော်တို့မှာ အတွေ့အကြုံရှိတဲ့ ဧည့်လမ်းညွှန်တွေ လိုအပ်နေတယ်။ ဟိုတယ် ကောင်းတွေ လိုအပ်နေတယ်” ဟု ပြောသည်။ သို့အတွက်ကြောင့်ပင် ဧည့်သည်အရေအတွက် များလာလျှင် ခရီးသွားလုပ်ငန်းများ အနေဖြင့် အရည်အသွေးမီ ဖြည့်ဆည်းပေးနိုင်တော့မည် မဟုတ်ဟု သူက စိုးရိမ်နေခြင်း ဖြစ်သည်။ ကျွမ်းကျင်မှု အရည်အသွေးသည်လည်း ပြဿနာတစ်ခုပင် ဖြစ်သည်။

အမည်မဖော်လိုသည့်၊ အဲန်ဂျီအိုအဖွဲ့အစည်းမှ ၀န်ထမ်းတစ်ဦးကမူ ဂေဟစနစ် ခရီးသွားလုပ်ငန်းကြောင့် ၀င်ငွေနှင့် အလုပ်အကိုင်များ တိုးပွားလာမည် မှန်သော်လည်း၊ ၎င်း ခရီးသွားလုပ်ငန်းမှနေ၍ တိုးတက်မှု မည်သို့ မည်ပုံ ဖြန့်ခွဲ လာမည်ကိုပြောရန် အလွန်စောသေးသည်ဟု ဆိုပါသည်။ “ကျွန်တော်တို့က မမြင်၊ မတွေ့ရသေးဘူး” ဟု ပြောသည်။ “ဒါကြောင့် ကျွန်တော်တို့ မှန်းဆလို့ မရသေးဘူး” ဟု ပြောသည်။

နိုင်ငံခြားသားများအဖို့ မြေပုံပေါ်တွင် မြင်တွေ့ရသည့်အပေါ် စိတ်ကူးယဉ်စရာ ကောင်းပေလိမ့်မည်။ သို့သော်လည်း စိတ်ဝင်စားသည့် နေရာများသို့ သွားရောက်လည်ပတ်ရန် ခွင့်ပြုချက်မရနိုင် ဖြစ်ရသည် မျိုးလည်း ရှိနိုင်သည်ဟု သူက ဆိုပါသည်။

“ကျွန်တော်တို့က ဂေဟစနစ် ခရီးသွားလုပ်ငန်းကို အနီးကပ်ကြည့်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတာ တွေ့ရလိမ့်မယ်။ ဂေဟခရီးသွားစနစ်က မြန်မာနိုင်ငံမှာ ၂၀၁၀ လောက်စပြီး ရေပန်းစား လာခဲ့တယ်။ အဲသည်ကိစ္စအတွက် မြန်မာနိုင်ငံက နာမည် ထင်ရှားလာခဲ့တယ်” ဟု သူက ပြောသည်။ သို့ သော်လည်း ယခုတိုင်
ဂေဟစနစ်နှင့် လျော်ညီသည့် ခရီးသွားလုပ်ငန်း ၀န်ဆောင်ပေးနိုင်သည် ဟူ၍ ကုမ္ပဏီများစွာ မရှိလှသေးပါ။ သို့သော် စိတ်ဝင်စားမှုပို၍ တိုးတက်လာကြပါသည်။

ဖြစ်လာနိုင်ခြေရှိသည့် ဂေဟစနစ် ခရီးသွားလုပ်ငန်းတွင် ကောင်းကျိုးရော၊ ဆိုးကျိုး ပါရှိနေသည်ဟု သူက ပြောပြပါ သည်။ “ဂေဟစနစ် ခရီးသွားလုပ်ငန်းရဲ့ ကောင်းတဲ့အချက်က ဒေသခံပြည်သူတွေအတွက် ၀င်ငွေတိုးလာ စေမယ်။ ဗဟုသုတအသစ်တွေ ရစေမယ်။ နောက်ဆုံး သူတို့ဘေးမှာရှိနေတဲ့ သဘာဝ အရင်းအမြစ်တွေကို သူတို့ကိုယ်တိုင် စီမံခန့်ခွဲ အသုံးချလာနိုင်မယ်။ ဂေဟစနစ် ခရီးသွားလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်
ရေးအပေါ် အများကြီး အထောက်အကူ ဖြစ်စေပါလိမ့်မယ်”။

သို့သော် လက်တွေ့ကွင်းထဲတွင် ကြုံတွေ့ ကြရမည့် လက်ငင်းအခြေအနေကများစွာ ရှိ နေသေးသည်။ ဂေဟစနစ် ခရီးသွားလုပ်ငန်းက ခရီးသွားလုပ်ငန်းနယ်ပယ်အတွင်း ကြုံတွေ့ရမည့် ပြဿနာများအတွက် ၉၆-ပါး ပျောက်သော
ဆေးတော့ မဟုတ်ပါ။ “ဆိုးတဲ့အချက်တွေက နိုင်ငံခြားယဉ်ကျေးမှုတွေလည်း ၀င် ရောက်လာကြမယ်။ လူတွေ သယ်ဆောင်လာတဲ့ အညစ်အကြေးတွေကြောင့် တောရိုင်းတိရစ္ဆာန်တွေ အပေါ်လည်း ထိခိုက်သက်ရောက်မှုတွေ ရှိလာမယ်” ဟု သူက ပြောသည်။ “ကျွန်တော်တို့က ဒီလိုဆိုးကျိုး တွေကို ကြိုတင် တွေးထားပြီး၊ ဆိုးကျိုးသက်ရောက် မှုတွေ လျော့နည်းနိုင်အောင် မဟာဗျူဟာတွေ ရေးဆွဲ ထားဖို့လည်း လိုပါတယ်” ဟု အကြံပေးပါသည်။

အင်ဒိုနီးရှားနိုင်ငံမှ သင်ခန်းစာ
မြန်မာနိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံထံမှ သင်ခန်းစာယူရန် ရှိပါမည်လော။  APEC 2013 ခုနှစ် အစည်းအဝေး ကျင်းပသည့် ဘာလီကျွန်းတွင် ပြီးခဲ့သည့်အပတ်ကပင် ရေရှည် တည်တံ့ခိုင်မြဲမှုဆိုင်ရာ ညီလာခံကိုလည်း တစ်ပြိုင် နက်တည်း ကျင်းပခဲ့ကြသည်။ ဘာလီကျွန်းက သူတို့ကိုယ်သူတို့ ရေရှည်တည်တံ့အောင် ပြင်ဆင်ထားသည့် ခရီးသွားနေရာအဖြစ် အစွံထုတ်ခဲ့ကြသည်။ အင်ဒိုနီးရှား တစ်နိုင်ငံလုံးက ရေရှည်တည် တံ့ခိုင်မြဲရေး ကြိုးပမ်းမှုကို အားပေးဆောင်ရွက်နေစဉ်တွင် နိုင်ငံ၏ ခေါင်းဆောင်များကလည်း ခရီးသွား လုပ်ငန်းကဏ္ဍအပါအ၀င် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၌ ပို၍သန့်ရှင်းသော၊ ပို၍အလေးထားသော ဆောင် ရွက်မှုမျိုးကို အားပေးနေကြသည်။

သမ္မတ ဆူဆီလိုဘမ်ဘမ်းယူဟိုယိုနိုက ၂၀၁၂ ခုနှစ်၊ ဇွန်လက ဘရာဇီးလ်နိုင်ငံတွင် ကျင်းပသော ရိုင်ယို အပေါင်း 20 (Rio+20) အစည်းအဝေး မိန့်ခွန်းတွင် အပြာရောင် စီးပွားရေးသို့ နိုင်ငံ၏ ရေရှည်မြော်မြင်ချက်ကို ပြောဆို ခဲ့သည်။ အပြာရောင်စီးပွားရေး (Blue Economy) ဟူသည့် ဝေါဟာရမှာ သဘာဝ အရင်းအမြစ်များကို စီမံခန့်ခွဲ သည့် ချဉ်းကပ်မှုအသစ်ကို ခေါ်ဆိုခြင်းဖြစ်ပြီး၊ ပို၍ ထိရောက်မှု၊ အကျိုးရှိစေမှုမျိုးကို မြှင့်တင်ဆောင်ရွက်ခြင်းပင်
ဖြစ်ပါသည်။ ဤသို့ ချဉ်းကပ်မှုတွင် အခြေခံမူ အများအပြားပါဝင်ပြီး၊ တီထွင် ဖန်တီးမှုရှိခြင်း၊ ဒေသခံရင်းမြစ်များကို အသုံးပြုခြင်း၊ ပစ္စည်းများကို ထုတ်ယူသုံးစွဲခြင်းကြောင့် အညစ် အကြေးများ မကျန်ရစ်စေခြင်းနှင့် သဘာဝ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုတွင် ပို၍ တိုးတက်ကောင်းမွန်အောင် ကျင့်သုံးခြင်းတို့ ပါဝင်ပါသည်။

အလွယ်ကူဆုံး ဆိုရလျှင် အပြာရောင် စီးပွားရေး (Blue Economy) ဆိုသည်မှာ မြစိမ်းရောင်စီးပွားရေး (Green Economy) ထက်ပို၍ ဖွံ့ဖြိုးရေးသို့ ချဉ်းကပ်ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့မှု၊ တန်းတူညီမျှမှု ရှိသည့်နည်းပင်
ဖြစ်ပါသည်။ မြစိမ်းရောင် စီးပွားရေးမှာ ပို၍ကုန်ကျများသည့်သဖွယ် ရှိသည်။ ဥပမာ-စွမ်းအင်အတွက် နေရောင်ခြည် သုံး ဆိုလာပြားများ တပ်ဆင်ရခြင်း၊ ဟိုက်ဘရစ် စပ်ကျကားများ၊ သက် တမ်း ရှည်ကြာခံသည့် မီးသီးများ ... စသည်တို့ ဖြစ်သည်။ အထူးသဖြင့် လူတန်းစား အောက်ဆုံးအလွှာ များအဖို့ ဤသို့ ရေရှည်တည်တံ့သည့်နည်းမျိုး ချဉ်းကပ် ဆောင်ရွက်ရန် လက်လှမ်းမမှီနိုင်သည့် အခြေအနေ ရှိပါသည်။

အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ စီးပွားရေးစနစ် ၀န်ကြီးဌာနက ပြောဆို ရာ၌ ခရီးသွားလုပ်ငန်းတွင် ပို၍ရေရှည် တည်တံ့ခိုင်မြဲသည့်နည်းလမ်းဖြင့် ချဉ်းကပ်ဆောင်ရွက်ပါက အခွင့်အလမ်း များ ပို၍မြင်နေရသည်ဟု ဆိုသည်။ အင်ဒိုနီးရှားက ၂၀၁၃ ခုနှစ်တွင် ခရီးသွားဧည့်သည် ကိုးသန်းကို လျာထားပြီး ၂၀၁၂ တွင် ခရီးသွား ၈ ဒသမ ၀၄ သန်းမျှ သာရှိခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ခရီးသွားလုပ်ငန်းမှ ရရှိသည့် ၀င်ငွေမှာ
ဒေါ်ဘာ ၉ ဒသမ ၁ ဘီလီယံရှိခဲ့သည်။ အင်ဒိုနီးရှားမှာ အာရှနိုင်ငံ များအနက် မကြာသေးခင်နှစ်များအတွင်း ခရီးသွားလုပ်ငန်း အဖွံ့ဖြိုးဆုံးနိုင်ငံ ဖြစ်နေခဲ့ပြီး စီးပွားရေး ကောင်းမွန်နေခြင်းနှင့်အတူ ခရီးသွားလုပ်ငန်းအတွက်
မြှင့်တင် ဆောင်ရွက်နေမှုများကြောင့် ဤသို့အား ကောင်းချက်ရှိနေခြင်း ဖြစ်သည်။ ထို့အပြင် နိုင်ငံကပေးနိုင်သည့် ထူးခြားချက်များလည်း ရှိ၍နေပြန်သည်။

အင်ဒိုနီးရှားအစိုးရအဖို့ ခရီးသွားနေရာများ ဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်သည်နှင့်အညီ၊ သဘာဝပတ်ဝန်းကျင် မပျက်စီးစေရန် နိုင်ငံသားများအတွက် အခွင့်အလမ်း ဖြစ်လာစေရန်၊ တစ်ပြိုင်နက်တည်းမှာပင် ဧည့်သည်များ လာရောက်ကြည့်ရှုရန်နေရာများကို ကာကွယ်ထိန်းသိမ်းထားရန် စသည့်ကိစ္စများကိုလည်း သတိရှိရှိဖြင့်
ဆောင်ရွက်နေသည်။ သို့သော်လည်း ဘာလီတွင် တွေ့ရသည့်နည်းတူ၊ ဂေဟစနစ် ခရီးသွားလုပ်ငန်းလည်း လျော့ရဲ ကျဆင်းလာနေသည်ကို တွေ့ မြင်နေရသည်။ အကြောင်းမှာ အချို့သော ကုမ္ပဏီများက ဂေဟစနစ်ခရီးသွား လုပ်ငန်း အမည်ကိုသုံး၍ ပုံမှန်အတိုင်းပင် ဆောင်ရွက်နေကြသောကြောင့် ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ယဉ်ကျေးမှုများ ကာကွယ်စောင့်ရှောက်ရေး တို့အတွက်လည်း အနည်းငယ်မျှသာ အလေးထား၍
ဆောင်ရွက်နေကြသောကြောင့် ဖြစ်ပါသည်။

မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုပြဿနာများ
သို့ဆိုလျှင် မြန်မာနိုင်ငံ၏အနေအထား မည်သို့ရှိနေပါသနည်း။ နေပြည်တော်ရှိ မြန်မာအစိုးရကမူ မှန်ကန် ဆီလျော် သည့် ထုတ်ဖော် ပြောဆိုချက်များ ရှိနေပြီး ရေရှည်တည်တံ့ သည့် ချဉ်းကပ်မှုဖြင့် ဆောင်ရွက်ကြ ရန် တိုက်တွန်း
နှိုးဆော်သည့် ညီလာခံစည်းဝေးပွဲ များ၊ စီမံကိန်းများ ဆောင်ရွက်နေလျက်ရှိပါသည်။ ခရီးသွားလုပ်ငန်းတွင် ရေရှည် တည်တံ့သည့် ချဉ်းကပ်မှုဖြင့် ဆောင်ရွက်ခြင်းအားဖြင့် ဒေသခံ ပြည်သူများ အတွက် ၀င်ငွေရော၊ အလုပ်အကိုင် အခွင့်အလမ်းများကို ဆောင်ကျဉ်းပေးနိုင်လိမ့်မည် ဖြစ်ပါသည်။ ခရီးသွားလုပ်ငန်း ကဏ္ဍရှိ လူအများအပြားက
မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းအတွက် အရိုင်းထည် လည် ပတ်စရာနေရာများရှိနေသေးသည်ကို အသိအမှတ်
ပြုကြပြီး ၎င်းတို့ကို ရေရှည်တည်တံ့အောင် ချဉ်းကပ်ဖွံ့ဖြိုးစေနိုင်ပါသည်။ သို့သော်လည်း ခရီးသွားဧည့်သည်များ
ရေတံခါး ဖွင့်ချလိုက်သည့်အတိုင်း အစုအပြုံလိုက် ပြိုဆင်းလာနိုင်ရာ ငွေကြေး အမြောက်အမြားကို ကြည့်၍
ဆောင်ရွက်ကြရင်း သဘာဝပတ် ၀န်းကျင်နှင့် ယဉ်ကျေးမှုများ ဆိုးကျိုးထိခိုက် စရာအကြောင်းများလည်း ရှိနေနိုင်ပါသေးသည်။

ဘာလီတွင် ကျင်းပသည့် APEC 2013 ခုနှစ် အစည်းအဝေးတက်ရောက်သည့် ကိုယ်စားလှယ်များကမူ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ခရီးသွားလုပ်ငန်းတွင် ရေရှည်တည်တံ့စေ ရေးအမြင်ဖြင့် ချဉ်းကပ်သင့်ကြောင်း အလေးပေး
ပြောဆိုနေကြပါသည်။ မြန်မာနိုင်ငံသည်လည်း ဤတောင်းဆိုချက်များကို ဖြည့် ဆည်း နိုင်ပါ့မည်လော...။
မေးခွန်းများ ရှိနေပါတော့သည်။

Than Kyaw Soe ရေးသားသည့် 'Green' Tourism: In Myanmar's rush to open the door to tourists, how sustainable will the drive be ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။