www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
သောကြာ, ၁၅ နိုဝင်ဘာ ၂၀၁၉

Mizzima Burmese

Home > အာဘော်နှင့်အမြင် > သဘောထားအမြင် > မိန်းမလှကျွန်းပေါ်က ထင်းခုတ်သမား

မိန်းမလှကျွန်းပေါ်က ထင်းခုတ်သမား

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ကောင်းကင်ယံတွင် ကြယ်များ လင်းလက်နေကြသည်။ ကြယ်ရောင်စုံ လင်းလက်နေသော ညတွင် မြန်မာနိုင်ငံ၏ အာဆီယံ အမွေအနှစ်တစ်ခုဖြစ်သော မိန်းမလှကျွန်းသည် ဇီဝမျိုးစုံမျိုးကွဲများကို ဖက်တွယ်၍ နတ်သမီးတစ်ပါး အသွင်ဖြင့် တိတ်ဆိတ်စွာ အိပ်ပျော်နေသည်။ မိန်းမလှကျွန်းဆီသို့ ခပ်သုတ်သုတ်လှော်ခတ်နေသော ငှက်ခတ်လှေ တစ်စီးပေါ်တွင် လူနှစ်ယောက် စကားတီးတိုး ပြောဆိုနေကြသည်။

“မနက်ဖြန်စားဖို့အတွက် လှေတစ်စီးတော့ ရအောင်ခုတ်ရမယ်။ ညအချိန်ဆိုတော့ မြွေအန္တရာယ်လည်း သတိထားပြီး ခုတ်ရမယ်” ဦးမြမောင်က သားဖြစ်သူကို လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

ဦးမြမောင်တို့မိသားစုသည် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာတွင် မိသားစုငါးဦးနှင့်အတူ
နေထိုင်ကြပြီး ဂဏန်းထောင်၍ ရောင်းချစားသောက်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့ကြသည်။ ဂဏန်းများ ရှားပါးလာ၍ ထင်းခုတ်ရောင်းချ ၀မ်းစာရှာဖွေရပြန်သည်။

“ရေလုပ်ငန်းလုပ်ရတာ အဆင်မပြေဘူး။ အရင်လို အထိမိမရှိတော့ဘူး။ ဂဏန်းတွေ ရှားလာကြပြီ။ အဆင်ပြေ သလို ဗောက်လုပ် (ကြုံရာအလုပ်) ကို လုပ်စားရပြန်တော့လည်း အဆင်မပြေဘူး” ဦးမြမောင် ပင်လယ်ကြီးကို မျက်နှာပြုထိုင်ရင်း တွေးလာခဲ့သည်။

ဦးမြမောင်တို့ မိသားစုနည်းတူ ဂဏန်းရှာ၍ အသက်မွေးဝမ်းကျောင်းပြုရသော ရေလုပ်သားမိသားစုများ မှာ မိန်းမလှကျွန်း၏ အရှေ့ဘက်နှင့် အနောက်ဘက်ကျေးရွာ စုစုပေါင်း ၂၂ ရွာရှိပြီး အဆိုပါရွာများသည် ရေလုပ်ငန်းဖြင့် အဓိကထား အသက်မွေးဝမ်းကျောင်း ပြုရသူများ ဖြစ်သည်။ ရွာတစ်ရွာတွင် လယ်လုပ် ငန်းလုပ်ကိုင်သူ လယ်ပိုင်ရှင် များ သုံးပုံပုံတစ်ပုံခန့်သာရှိ၍ အများစုမှာ ဂဏန်းများ ရှားပါးလာ၍ ထင်းခုတ် ရောင်းချခြင်း အလုပ်ကို လုပ်ကြရ သည်။

နာဂစ်မတိုင်မီ ဂဏန်းတွေပေါတဲ့အချိန်တုန်းက ဂဏန်းထောင်ခြင်းက အထိမိ ကောင်းခဲ့သည်။ တစ်နေ့လျှင် ၁ သောင်းခွဲဖိုးလောက် ရခဲ့ကြသည်။ အခုတော့ ဂဏန်းတွေရှား၊ အလုပ်အကိုင်တွေ အဆင်မပြေ ကြတော့။

မြန်မာနိုင်ငံတွင် အာဆီယံ အမွေအနှစ်များဖြစ်သော ကချင်ပြည်နယ် ခါကာဘိုရာဇီ၊ အင်းတော်ကြီး၊ ရှမ်းပြည်နယ်
ညောင်ရွှေမြို့ အင်းလေးကန်၊ မုံရွာခရိုင် အလောင်းတော်ကဿပ၊ ဧရာဝတီတိုင်း ဘိုကလေး မြို့နယ် မိန်းမလှကျွန်း၊ တနသာင်္ရီတိုင်း လန်ပိကျွန်းဟူသော အာဆီယံအမွေအနှစ် ခုနစ်ခုရှိသည့်အနက်တွင် မိန်းမလှကျွန်းက တစ်ခု အပါအ၀င် ဖြစ်သည်။ သားရဲတိရိစ္ဆာန်နှင့် ဒီရေတောများ ပေါက်ရောက်မှုတွင် တစ်ချိန်က နာမည်ကြီးခဲ့သော မိန်းမလှကျွန်း ဘေးမဲ့တောသည် ၃၃,၇၇၉ ဧကရှိပြီး တောင်နှင့် မြောက်အလျား ၁၆ မိုင်၊ အရှေ့နှင့်အနောက် ၆ မိုင် ရှည်လျားသည်။ ရှားပါးသစ်ခွမျိုးစိတ်၊ ရေချိုရေငန် စပ် မိကျောင်းများ၊ ဧရာဝတီလင်းပိုင်များ၊ တောဝက်၊ မျောက်၊ ဖျံ၊ တောကြောင်၊ တောခွေးအပါဝင် တော ရိုင်းတိရိစ္ဆာန် ၁၄ မျိုးနှင့် ငှက်မျိုးစိတ်ပေါင်း ၁၁၇ မျိုး၊ ငါးမျိုးစိတ်ပေါင်း ၅၁ မျိုး၊ ပုစွန်မျိုးစိတ်ပေါင်း ၁၂မျိုး၊ ဂဏန်းမျိုးစိတ် ၉ မျိုး၊ ဒီရေတောမျိုးစိတ် ၂၉ မျိုး ပေါက်ရောက်ကြောင်း မိန်းမလှကျွန်း ထိန်းသိမ်းရေး အဖွဲ့ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

သားရဲတိရိစ္ဆာန်နှင့် သဘာဝ ဒီရေတောများ ပေါက်ရောက်သော မိန်းမလှကျွန်းကို အစိုးရက ၁၉၉၄ ခုနှစ်တွင်
ဘေးမဲ့တောအဖြစ် သတ်မှတ်ထိန်းသိမ်းခဲ့ပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့စဉ်က ဒီရေ တောများ ၅၀ ရာခိုင်နှုန်းအောက်ထိ ပျက်စီးဆုံးရှုံးခဲ့ကြောင်း မိန်းမလှကျွန်း တောအုပ်ကြီး ဦးဇော်ထူးအောင်က မိန်းမလှကျွန်း ပျက်စီးမှုစာရင်းများကို ရှင်းပြသည်။

“နာဂစ်ပြီးလို့ ဒီရေတောတွေကို အစိုးရက ပြန်ပြီး ထိန်းသိမ်းမှုတွေ လုပ်ပေးတယ်။ အခုချိန်မှာတော့ ဒီရေ တောတွေ
ပြန်ပြီး အခြေအနေ ကောင်းလာတယ်။ ၆၀ ရာခိုင်နှုန်းလောက် ပြန်ပြီး ရှိလာတယ်။ သစ်ခုတ်တာတွေ ရှိနေတဲ့ အတွက် မိန်းမလှကန်းက ပျက်စီးလာရခြင်းဖြစ်တယ်” ဟု ဆိုသည်။

ဒီရေတောများ ပျက်စီးခြင်းကြောင့် သဘာဝဂေဟစနစ်များ ပျက်စီးပြီး၊ သဘာဝ ဘေးအန္တရာယ်ကျ ရောက်နိုင်ခြင်း၊ ကုန်းနေ၊ ရေနေသတ္တ၀ါများနှင့် ရှားပါးသတ္တ၀ါများ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်ကြောင်း ဇီဝမျိုးစုံ၊ မျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးအသင်း (BANCA) မှ အမှုဆောင်အရာရှိ ဦးဇော်လွန်းက ဒီရေတောများ ပျက်စီးခြင်းကြောင့် ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်ကို သုံးသပ်ပြောဆိုသည်။

“ဒီရေတောတွေဟာ သဘာဝဘေးနဲ့ သက်ရှိသက်မဲ့တွေရဲ့ ဖြစ်စဉ်နဲ့ ဆက်စပ်နေတယ်။ ဒါကြောင့် ထိန်းသိမ်းဖို့ လိုတယ်။ ဒီရေတောတွေ မရှိတော့ရင် ဒီရေတောတွေမှာနေတဲ့ ဂဏန်းတွေ၊ ငါးတွေ ရှားပါးပြီး သဘာဝဘေး အန္တရာယ် ကျရောက်ရင် ပိုပြီး အခြေနေဆိုးသွားနိုင်တယ်”ဟု ဒီရေတောများ၏ အရေးပါမှုများ အကြောင်းကို ရှင်းပြသည်။

မိန်းမလှကျွန်းအနီးရှိ ကျေးရွာများမှ ရေလုပ်သားများသည် ထင်းခုတ်ခြင်းကို အိမ်သုံးထင်းအဖြစ် မဟုတ်ဘဲ မိသားစု စားဝတ်နေရေးအတွက် ထင်ရောင်းခြင်းဖြင့် ၀မ်းစာရှာဖွေရပြီး အလျားပေ၂၀ ရှည်သော ငှက် ခတ်လှေ တစ်စီးသည် ၅၀၀၀ ကျပ်ခန့်ရရှိ၍ ဂဏန်းဖမ်းခြင်းထက် ပို၍ အဆင်ပြေကြသဖြင့် ထင်းခုတ် ရောင်းချ စားသောက် အသက်မွေး ၀မ်းကျာင်းပြုရခြင်း ဖြစ်သည်။

အိမ်ခြေ ၃၀၀ ကျော်ခန့်ရှိသော ချောင်းဗြဲကြီးကျေးရွာသည် နာဂစ်မုန်တိုင်းတိုက်ခတ်ခဲ့စဉ်က တစ်အိမ်လျှင် တစ်ယောက်နှုန်းဖြင့် သေဆုံးခဲ့ပြီး ဒီရေတောများ၏ အရေးပါမှုကို သိသော်လည်း ထင်းခုတ်ရခြင်း အကြောင်းကို ယခုကဲ့သို့ ရှင်းပြသည်။

“ဒီရေတောတွေ အရေးပါတယ်။ သဘာဝဘေးအန္တရာယ်ကို ကာကွယ်ပေးတယ်ဆိုတာကို သိပါတယ်။ သဘာဝဘေး က နောက်မှ စားဝတ်နေရေးက အခုရင်ဆိုင်နေရတာ။ စားဝတ်နေရေးက ပိုပြီး အဓိကကျတဲ့အတွက် ထင်းခုတ် ရတာပါ”ဟု ဒီရေတောများ၏ ထ  ဖအရေးပါမှုကို ရေလုပ်သားများ သိသော်လည်း လက်ရှိ မိသားစုရင်ဆိုင်နေရသော ၀မ်းရေးအကြောင်းကို ပြောသည်။

ရေလုပ်သားများသည် ထင်းရောင်းရန်အတွက် ကဒုံကနိကြိုးဝိုင်းနှင့် မိန်းမလှကျွန်းတွင် ထင်းခုတ်ခြင်းကို တစ်လည်း စီပြောင်းလည်း ခုတ်ယူရောင်းချကြပြီး ထင်းခုတ်ရာတွင် သစ်တော တာဝန်ရှိသူများနှင့် တွေ့ပြီး သစ်တောဥပဒေ အရ အရေးယူ ထောင်ချခံရခြင်းများနှင့်လည်း ကြုံတွေ့ရကြောင်း ကဒုံကနိကျေးရွာမှ ကိုအောင်မြင့်မြတ်က ဘ၀နှင့် ရင်းပြီး မိသားစု စားဝတ်နေရေးအတွက် ဖြေရှင်းရသော အောက်ခြေလူ တန်းစားများ၏ ဘ၀ကြမ်းကြမ်းကို ရင်ဖွင့်ပြောပြသည်။

“ကျွန်တော်တို့ရွာမှာ ထင်းခုတ်လို့ထောင်ကျတဲ့လူ ငါးယောက်လောက်ရှိတယ်။ တခြားရွာတွေကထောင်ကျတဲ့ လူတွေလည်းရှိခဲ့တယ်။ တချို့ကလည်း တောခေါင်းနဲ့ညှိပြီး အဆင်ပြေလို့ ပြန်လွတ်လာတာလည်း ရှိတယ်။ ထောင် ကျတဲ့လူတွေလည်း ကျသွားကြတယ်”ဟု ဆိုသည်။

မိန်းမလှကျွန်း သားရဲတိရိစ္ဆာန် ဘေးမဲ့တောကို စတင်ထိန်းသိမ်းချိန်မှစ၍ နိုင်ငံတော်အစိုးရမှ လုံလောက်သော
ထောက်ပံ့ပေးမှုများမရှိခဲ့သဖြင့် ကျွန်းပေါ်ရှိ သားရဲတိရိစ္ဆာန်များ ကာကွယ်ထိန်းသိမ်းရေးနှင့် ဒီရေတောများ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် လိုအပ်ချက်များရှိနေကြောင်း တောအုပ်ကြီး ဦးဇော်ထူးအောင်က ပြောသည်။

ပျက်စီးနေသော မိန်းမလှကျွန်း ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ငွေကြေးအားဖြင့်သော် လည်းကောင်း၊ နည်းပညာအားဖြင့်သော်လည်းကောင်း ထိန်းသိမ်းရန် လိုအပ်ကြောင်းကို ရှင်းပြသည်။ ဒီရေတောများ ခုတ်ခြင်း၊ ပျက်စီးခြင်းများကြောင့် ယခုအခါတွင် မိန်းမလှကျွန်းအနီးရှိ ကျေးရွာပေါင်း ၂၀ ကျော်မှာ ရေလုပ်ငန်း လုပ်ရာတွင် ငါးများရှားပါးလာခြင်း၊ ဂဏန်းအထိအမိများ နည်းပါးလာခြင်းတို့နှင့်ကြုံ တွေ့နေရပြီ ဖြစ်သည်။

ထိုကြောင့် ဒီရေတောများကို ထိန်းသိမ်းရန်အတွက် ထိုကျေးရွာများတွင် မီးဖိုချောင်သုံး လောင်စာအဖြစ် အသုံးပြု
သော တစ်မောင်းသစ်မျိုး၊ ကနစိုးသစ်မျိုး၊ ရေသမန်းသစ်မျိုး၊ မဒမသစ်မျိုး၊ သယောသစ်မျိုးများကို ထင်းလောင်စာ
လျော့ချရန် သစ်တောဦးစီးဌာနနှင့် FFI အပြည်ပြည်ဆိုင်ရာ သစ်ပင်နှင့် သားရဲ တိရိစ္ဆာန်များ ထိန်းသိမ်းရေးအဖွဲ့မှ ပူပေါင်း ဆောင်ရွက်နေပြီ ဖြစ်သည်။

ထင်းလောင်စာ လျော့ချသုံးစွဲရန် အစီအစဉ်ကို Asean Centre for Biodiversity မှ ယူရိုဒေါ်လာ ငါးသောင်းနှင့် အင်္ဂလန်အခြေစိုက် Fauna and Flora International (FFI) မှ ယူရိုဒေါ်လာ ၂ သောင်း ၇ ထောင် စုစုပေါင်း ယူရို
ဒေါ်လာ ၇ သောင်း ၇ ထောင်နှင့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလမှစတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်
နေကြကြောင်း အပြည်ပြည်ဆိုင်ရာတိရိစ္ဆာန်နှင့်အပင်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (FFI) မှ အစီအစဉ် ညွှန်ကြားရေးမှူး ဦးဇော်လွန်းက ဆိုသည်။

“မိန်းမလှကျွန်းနဲ့ ဒီရေတောတွေ ထိန်းသိမ်းဖို့အတွက် ထင်းလောင်စာ လျော့ချနိုင်ဖို့အတွက် လောင်စာလျော့ချတဲ့ မီးဖိုတွေ အသုံးပြုခိုင်းပြီး ရေလုပ်သားတွေအတွက် ဂဏန်းမွေးဖို့အတွက် စီးပွားရေးအခြေပြု အလုပ်အကိုင်များကို လုပ်ပေးနေပြီ”ဟု ဒီရေတောများ ထိန်းသိမ်းရန်နှင့် ပျက်စီးနေသော သဘာဝဂေဟစနစ်များကို ထိန်းသိမ်းရန် လုပ်ဆောင်နေမှုများကို ရှင်းပြသည်။

၂၀၀၈ ခုနှစ် နာဂစ်ပြီးချိန်မှစ၍ ဘိုကလေးမြို့နယ် ကြိမ်ချောင်းကြီး ကျေးရွာအုပ်စုဖြစ်သော ချောင်းဗြဲကြီးကျေးရွာ၊
ဂွေးချောင်းကြီးကျေးရွာများသို့ နှစ်,နှစ်ခန့် အကြာအထိ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့စည်းများက အကူညီများ လာရောက် ပေးကြသော်လည်း ရေလုပ်သားတို့၏ စားဝတ်နေ
ရေး လုပ်ငန်းများမှာ အခြေအနေ တိုးတက်ကောင်းမွန်လာခြင်း မရှိသေးပါ။

သားရဲတိရိစ္ဆာန် ဘေးမဲ့တောဖြစ်သော မိန်းမလှကျွန်းသည် မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံ မျိုးကွဲများ၊ ဒီရေတောများ၊ ရှားပါး ငှက်မျိုးစိတ်များနှင့်ပြည့်စုံ၍ ၎င်းတို့အား ထိရောက်သော ထိန်းသိမ်းမှုများကိုပြုလုပ်ပြီး Eco Toursim  သဘာဝ ခရီးသွားလုပ်ငန်း အောင်မြင်မှုရရှိလာပါက ဒေသခံတို့၏ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်မှုများ ပြောင်းလဲလာမည်ဖြစ်
ကြောင်း  FFI မှ စီမံကိန်း ညှိနှိုင်းဆောင်ရွက်သူ ဦးဇော်လွန်းက ရှင်းပြသည်။

လက်ရှိအချိန်တွင် ဒေသခံ ရေလုပ်သားများ၏ စားဝတ်နေရေးမှာ အခက်ခဲပေါင်းများစွာနှင့် ရင်ဆိုင်နေရပြီး အစိုးရမဟုတ်သော အဖွဲ့စည်း ၁၀ ခုကျော်မှ လာရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်နေ ကြသော်လည်း ထိရောက်မှုမရှိကြဘဲ ဒေသခံတို့၏ ဘ၀များမှာ မူလအခြေနေတိုင်းသာ ရင်ဆိုင်ဖြတ်သန်း
နေရဆဲသာ ဖြစ်ပါသည်။