ကြည့်မြင်တိုင်၊ ကျောက်တံတားထိပ်မှာ ကျွန်မရှိတယ်

ပရင့်ထုတ်ရန်

                                                                      (၁)
သူတို့ တစ်တွေရဲ့ဘ၀ဟာ အမှောင်ဆိုတာ လူတိုင်းလက်ခံကြပေမယ့် သူတို့ဘ၀တွေကို ကရုဏာထားတဲ့ သူတွေ လည်း ရှိတာပေါ့ ။ ပခုံးနှစ်ဖက်မှာခေါင်းပေါက်တာချင်းအတူတူ ဘ၀ဖြတ်သန်းမှုတွေ မတူညီကြတာမို့ ကြမ်းတမ်းတဲ့ သူတို့ဘ၀နဲ့ သူတို့ညတွေကို ကိုယ်ချင်းစာတတ်ကြမှာပေါ့ ။

သူတို့ဆိုတာ ခန္ဓာကိုယ်အရင်းတည်ပြီး၊ အသွေးအသားတွေကို ပေးဆပ်ရတဲ့ လိင်အလုပ်သမလေးတွေပါ။ ဥာဏ်ပညာ အားနည်းတယ်ပြောပြော၊ ဘ၀ပေးညံ့တယ်ဆိုဆို မနှစ်လိုပေမယ့် ရုန်းနေကြရတဲ့သူတွေပါ။ မိဘကို ပြောတော့ ဆံပင် ညှပ်ဆိုင်မှာလိုလို၊ စက်ရုံမှာလိုလိုနဲ ဒီလမ်းကို မှောင်ခိုပြီးလုပ်ကြရတာပါ။“ရှင် တို့က ရဲတွေပဲ ဖမ်းပေါ့” ဆိုတဲ့ လက်သုံးတော် စကားနဲ့အတူ အချုပ်နဲ့ တရားရုံး၊ ကံဆိုးလွန်းမက ဆိုးတဲ့သူ တွေကျ ထောင်နန်းစံရရှာတယ်။ သူတို့ကျင်လည်ကြတဲ့နေရာတွေက အနော်ရထာလမ်းမ၊ ပန်းဆိုးတန်းနဲ့ မြို့ပတ် ရုပ်ရှင်ရုံတွေအောက်မှာပေါ့။ ကလီကနေ သီရိမင်္ဂလာဈေးဖြစ် သွားတော့ဈေးတွေ ပြောင်းတိုင်း စားကျက်တွေ လိုက်ပြောင်းကြရ၊ ကြည့်မြင်တိုင်စံပြ ငါးဈေးနဲ့ ကျောက်တံတားထိပ်မှာလည်းစ တည်းချ ကြရာ“ရေကြည်ရာ မြက်နုရာ”လိုက် ပြောင်းရသလို၊ ရဲမမြင်၊ ရဲမမိဖို့ ပြောင်းရရွှေ့ရတဲ့ ဘ၀တွေပါ။

ကမ္ဘာနဲ့ အ၀န်းမှာ ဖြစ်ပေါ်လျက်ရှိတဲ့ လူကုန်ကူးမှုပြဿနာရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ အရွယ်မရောက်သေးတဲ့ ကလေးပြည့်တန်ဆာ လုပ်ငန်းအပါအ၀င်၊ ဆောင်ကြာမြိုင် လုပ်ငန်းများ ဖြစ်နေတာတွေ့ရှိရပါ တယ်။ ကျွန်တော်တို့
နိုင်ငံမှာတော့ နယ်စပ်ဖြတ်ကျော် လိင်ကုန်ကူးမှုများအပါအ၀င်၊ တရားမ၀င်အတင်း အဓမ္မလက်ထပ်စေခြင်း ဆိုတဲ့
ငွေကြေးနဲ့  ရုပ်ဝတ္ထုအပါအ၀င် မက်လုံးအမျိုးမျိုးပေးပြီး မြှူဆွယ်ဖျား ယောင်း သိမ်းသွင်းတဲ့ လူကုန်ကူးမှုကိစ္စတွေ ထွန်းကားပါတယ်။

ပြည်တွင်းမှာလည်း ဇိမ်ခန်းနဲ့ဆောင်ကြာမြိုင်လုပ်ငန်းတွေဟာ ပပျောက်သွားခြင်းမရှိသေးပါဘူး၊ ခေတ်စနစ်ရဲ့ သားကောင်ဆိုလို့ရတဲ့ ဒီလုပ်ငန်းတွေဟာ သူ့အလိုလိုပေါက်လာတဲ့ ရွှေကြာပင်တွေမဟုတ်ပါဘူး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးတွေရဲ့  ဆုတ်ယုတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးရလဒ် တွေပါ။ တိုးတက်လာတဲ့ ရုပ်ဝတ္ထု ပစ္စည်းတွေရဲ့ ဖမ်းစားမှုကြောင့်၊ မိသားစု စားဝတ်နေရေးကြောင့်၊ ဘာ ကြောင့်ညာကြောင့်ဆိုတဲ့ အကြောင်းပြချက်
တွေနဲ့  ဒီလမ်းကို တက်လျှောက်လာခဲ့ကြတာလား။

                                                                       (၂)

မြန်မာနိုင်ငံတွင် ပြည့်တန်ဆာများ ကွန်ရက် (SWIM Network) ကို ၂၀၀၉ ခုနှစ်တွင် စတင်တည်ထောင် ပြီး ၂၀၁၁ ခုနှစ် ဧပြီလ ၂၃ရက်မှာ အတည်ပြု ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင် ၇၀၀ ဦးရှိကြောင်း သိရပါတယ်။ ပြည့်တန်ဆာလုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် မရရှိတဲ့  မြန်မာနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်း တရား ၀င် လုပ်ကိုင်ခွင့်ရရန် လွှတ်တော်နားသို့
ပေါက်ရောက်အောင် မြန်မာနိုင်ငံ ပြည့်တန်ဆာများကွန်ရက် (Sex Worker In Myanmar Network) ဥက္ကဋ္ဌဖြစ်သူ
ဒေါ်နှင်းနှင်းယုရဲ့ ပြောဆိုချက်တွေကိုလည်း မီဒီယာတွေကတစ်ဆင့်ကြားသိခဲရပါတယ်။

တကယ်တော့ ဒီအရေးကိစ္စဟာ အာဏာပိုင်တွေအတွက်တော့ ဆုပ်လည်းစူး စားလည်းရူးရမယ့်ကိစ္စကြီးပါ။ အိမ်နီးချင်း
နိုင်ငံတစ်ခု မှာတော့ တရားဝင် ဇိမ်ခန်းတွေဖွင့်ခွင့်ပေးထားတယ်လို့တော့ ကြားသိရပါတယ်၊ ဘယ်လိုဥပဒေတွေ ထုတ်ပြီး ဘယ်လိုစခန်းသွားနေကြတယ်ဆိုတာတော့ အတိအကျမသိရပါဘူး၊ နဂိုကမှ လူတိုင်းနှာခေါင်းရှုံ့ချချင်ကြတဲ့ ဒီအလုပ်ဟာ အဖက်ဖက်ကစဉ်းစားပေးရမယ့်ကိစ္စပါ။

ဥပဒေပညာရှင်တစ်ဦးကတော့ မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ကိုင်ခွင့်ကို ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေအရ လုပ်ကိုင်ခွင့်မရှိကြောင်း၊ ယခု တောင်းဆိုမှုမှာ ယင်းဥပဒေကို ပယ်ဖျက်၍ လုပ်ကိုင်ခွင့် ပြုပေးရန် တောင်းဆိုတာ
ဖြစ်တယ်၊ တချို့နိုင်ငံတွေမှာ ပြည့်တန်ဆာလုပ်ငန်းများ တရားဝင်ခွင့်ပြုသော်လည်း မြန်မာ့ယဉ်ကျေးမှု ဓလေ့အရမူ အံမ၀င်ပါဘူး၊ ဟိုယခင် ဒီမိုကရေစီစနစ်ကျင့်သုံးစဉ်ကလည်း ခွင့်ပြုထား တာမတွေ့ ရဖူးဘူး၊ သို့သော် ၎င်းတို့၏ အခွင့်အရေးကို တောင်းဆိုနိုင်ကြောင်း၊ ခွင့်ပြု၊ မပြုကိုမူ ဥပဒေပြု အာဏာပိုင်းက စဉ်းစားရမဲ့ကိစ္စ ဖြစ်ပါတယ်တဲ့။ သူ့ရဲ့ ထင်မြင်ချက်အရတော့ မြန်မာ့ယဉ်ကျေးမှု ဓလေ့အရ အံမ၀င်နိုင်သလို တစ်ဖက်ကလည်း သူတို့ရဲ့ အခွင့်အရေး
ဖြစ်နေတော့ ဥပဒေပြု အာဏာပိုင်တွေ ဘက်က ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားရမယ်။ အမြော်အမြင်ကြီးကြီးနဲ့ လုပ်ဆောင် ရမယ်လို့ ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် ခေတ်ကာလရဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်တဲ့ တရားမ၀င် အမှောင်ဇတ်တွေကတော့ သူ့အရပ်နဲ့ သူ့ဇတ် လိုက်ဖက် ညီနေဦးမှာပါပဲ။ တရားမ၀င်အရက်ပုန်းဆိုင်တွေကနေ တရားဝင် အရက်ဆိုင်တွေက ပေါလာတဲ့ခေတ်၊ အရင်က မှောင်ခိုလမ်းကြောင်းတွေက နယ်စပ်စီးပွားရေးဂိတ်စခန်းတွေ ဖြစ်လာတဲ့ ခေတ်မှာ မှောင်တာလည်းမရှိ၊ ပုန်းရတာလည်းမရှိတော့တာက မဆန်းဘူးပေါ့။