www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
စနေ, ၂၃ နိုဝင်ဘာ ၂၀၁၉

Mizzima Burmese

Home > အာဘော်နှင့်အမြင် > သဘောထားအမြင် > ဥရောပမဲဇာ မေပယ်လ်ရွက် ဘယ်ရီသီးအပြာနှင့် ဥရောပကျေးလက်

ဥရောပမဲဇာ မေပယ်လ်ရွက် ဘယ်ရီသီးအပြာနှင့် ဥရောပကျေးလက်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နားထဲ
မြွေတွန်သံတွေကြားနေရဆဲ
မမက်ဖူးတဲ့ အိပ်မက်တစ်ခုနဲ့
မထုဖူးတဲ့ ရုပ်တုတစ်ခုယူကာ
(ဥရောပဆန်ဆန်)
ပခုံးတွန့် ဖိနပ်တစ်ချက်ရှပ်ပြီး
သတ္ထုငှက် ကျောကုန်းပေါ်က
ကျွန်ုပ် ဆင်းချလိုက်
အိုဩ မေပယ်လ်ရွက်တွေ ဘယ်မှာလဲ
ဘယ်ရီးသီးအပြာဩ ဘယ်မှာလဲ။
(ဥရောပမဲဇာဩ ကဗျာရှည်မှ )

အော်စလိုလေဆိပ်ကို လေယာဉ်ပေါ်မှ ဆီးမိုးပြီး ကြည့်ရသည်မှာ ကြည်နူးဖို့ ကောင်းလှ၏။ သို့သော် မိုးတိမ်များကြား ကဖြတ်ကာ လေယာဉ် နိမ့်ဆင်းလာနေသဖြင့် ကြာရှည် ရှင်းလင်းစွာတော့ ကြည့်ခွင့်မြင်ခွင့် မသာခဲ့ပါ။ အပြာရင့်
ရောင်ရေပြင်ထဲ တစ်ဖြောင့်တည်း ရှည်မျောမျောထိုးထွက်နေသည့် ကျွန်းကလေး တစ်ခုကိုငုံ့ကြည့်နေစဉ်
လေယာဉ်က ကျွန်း၏ တစ်ဖက်ထိပ်တွင် ခေါင်းတည်ပြီး နေရာယူလိုက်ကာမှ ကျွန်းကလေးတစ်ခု မဟုတ်ဘဲ
လေယာဉ်ပြေးလမ်းတစ်ခုဟူ၍ သိလိုက်ရ၏။

တစ်ခဏအတွင်းမှာပင် ပြေးလမ်းပေါ် တွင် လေယာဉ်ဘီးများကျသွားကြ၏။ လေယာဉ်စက်သပ်ပြီး ရပ်လိုက်သော အခါ ခရီးသည်များ လှုပ်လှုပ်ရွရွ ဖြစ်လာကြ၏။ ကျွန်တော်က လူသွားလမ်းလယ်ခေါင် ခေါင်းပေါ်ကစင်ပေါ်တွင် တင်ထားသည့် လက်ဆွဲသေတ္တာငယ်ကို ယူကာ လူတွေကြားဝင်ပြီး တန်းစီလိုက်သည်။ လေဆိပ်ထဲသို့
ရောက်သောအခါ တခြား ခရီးသည်များနည်းတူ လူဝင်မှုကြီးကြပ်ရေး အပေါက်ဝတွင် တန်း စီရပြန်သည်။ ကျွန်တော့် အလှည့်သို့ရောက်သောအခါ ကျွန်တော့်နောက်တွင် ခရီးသည် တစ်ဦးနှစ်ဦးသာ ရှိတော့၏။ ကြည်ပြာရောင်ဝတ်စုံ ၀တ်ထားသော လူဝင်မှု ကြီးကြပ်ရေးပုဂ်္ဂိုလ်များရှေ့က အပေါက်ကလေး တွင် ကျွန်တော့်၏ ပတ်စ်ပို့စာအုပ်ကို တင်ပေးလိုက်သည်။ သူတို့နှစ်ဦးက ကျွန်တော့်ကို ငုံ့ကြည့်ကာ အော် စလိုကို တစ်ခေါက်မှ မရောက်ဖူး သေးဘူး
ပေါ့ဟု ပြောလိုက်၏။ ကျွန်တော်က အပြုံးဖြင့် ခေါင်းညိတ်ပြ သည်။ သူတို့က “အော် စလိုကလည်း ကြိုဆိုပါတယ်” ဟုပြောကာ ကျွန်တော့် ပတ်စ်ပို့စာအုပ်ကို ပြန်ပေး လေသည်။

ကျွန်တော်က ယူနီဖောင်းဝတ်ထားသည့် ပုဂ်္ဂိုလ်များရှေ့တွင် အလိုလိုမလုံမလဲဖြစ်တတ်သည့် စိတ်ကြောင့် စိုးရိမ်ကြောင့်ကြနေစဉ် သူတို့ကအခုလို ဖော်ရွေစွာ ပြောဆိုဆက်ဆံလိုက်သောအခါ ကျွန်တော့်စိတ်တွေ ပေါ့ပါး လွတ်လပ်သွားရ၏။

ပစ္စည်းများတင်ပြီး တစ်ပတ်ပြီးတစ်ပတ် လည်နေသည့် ၀န်းပတ်စက်ကြီးဘေးတွင် သွားရပ်ပြီး ကျွန်တော့် ရဲ့ လက်ဆွဲ အိတ်ကြီး ထွက်အလာကို စောင့်နေရပြန်သည်။ တစ်ကြိမ်-နှစ်ကြိမ်-သုံးကြိမ်။ ၀န်းပတ်စက်ကြီးပေါ်တွင် ကျွန်တော့် လက်ဆွဲအိတ်ကြီး ပါမလာသေး။ နောက်ဆုံးတွင် ၀န်းပတ်စက်ကြီးသာ ဆက်လက် လည်ပတ်နေသော်လည်း မည်သည့် လက်ဆွဲအိတ်မျှ ပါလာသည်ကို မတွေ့ရတော့။ နဂိုကမှ စိတ်တထင့် ထင့် ဖြစ်နေခဲ့ရသည့် ကျွန်တော့်မှာ
ပျာယာခတ်သွားကာ ရုတ်တရက် ဘာဆက်လုပ်ရမည်ကိုပင် မသိနိုင်အောင် ထူထူပူပူ ဖြစ်သွားရ၏။ ပြီးတော့မှ လူသွားလမ်းကြားက စုံစမ်းရေးဌာန အပေါက်ဝသို့ သွားရပ် ကာ အကျိုးအကြောင်း ပြောပြရတော့သည်။ လေဆိပ် ၀န်ထမ်းဖြစ်မည်ထင်ရသူ အမျိုးသမီး တစ်ဦးက ကျွန်တော့်ကို ပြုံးရွှင်စွာငုံ့ကြည့်သည်။ အရေးတယူ နားထောင်သည်။ ပြီးတော့ ပတ်စ်ပို့နှင့်စာရွက်စာတမ်း တချို့ ထုတ်ပြရသည်။ သူက လာအိုမှာကတည်းက (Through Check-in) လုပ်လာခဲ့သည့် လက်ဆွဲအိတ် နံပါတ်ပြားများကို စစ်ဆေးနေသည်။ ပြီးတော့ နောက်ထပ် ၀န်ထမ်းတစ်ဦး
ရောက်လာ ကာ စကားပြောကြ သည်။ ကျွန်တော့်ကိုလည်း ဘာမှမစိုးရိမ်ဘို့ အမြန်ဆုံး ပြန်ရအောင် လုပ်ပေးမယ့် အကြောင်း ရှင်းပြနေကြ သည်။

သူတို့နှင့် စကားပြောနေစဉ် ကျွန်တော့် မျက်လုံးများက အပြင်ဘက်ထွက်သည့် လူသွားလမ်းထိပ်ကို လှမ်းကြည့် လိုက်မိသည်။ အာရှတိုက်သား လူသုံးယောက် လူသွားလမ်းထိပ်တွင် ရပ်စောင့်ပြီး ကြည့်နေကြ သည်ကို ကျွန်တော်
တွေ့လိုက်သည်။ အမျိုးသားတစ်ဦး နှင့် အမျိုးသမီးနှစ်ဦး။ ကျွန်တော့်ကို အဝေးမှ ရပ်ကြည့်ပြီး ပြုံးပြနေကြ၏။

ရုတ်တရက်တော့ ကျွန်တော် မမှတ်မိ။ မင်သက်မိပြီး ရပ်ကြည့်နေစဉ် အမျိုးသမီးကြီးနှင့် အမျိုးသားကို ကျွန်တော် မှတ်မိသွားရသည်။ ကို “မွန်းအောင်” နှင့် “ဒေါ်ခင်ပြုံး” ။ ပြီ်းတော့ မိန်းကလေးတစ်ဦး။ ကျွန်တော်က သူတို့ရှိရာ
လျှောက်လာနေစဉ် ကိုမွန်းအောင်(တေးသံရှင် မွန်းအောင်) က “ကျွန်တော့်ကို ဆီးကြိုပြီး ပြုံးပြနေသည်။ ဒေါ်ခင်ပြုံး (ဒီမိုကရက်တစ် မြန်မာ့အသံ လက်ထောက်ညွှန်ကြားရေးမှူး) ကို ထိုင်းနိုင်ငံ မယ်စရီရန်းမြို့တွင် လွန်ခဲ့သော နှစ်လ ခန့်ကတည်းက တွေ့ဖူးခဲ့ပြီး ဖြစ်သည်။ ကိုမွန်းအောင်က “ခင်ဗျားက ချေးပုံးနဲ့ နက်ကတိုင်နဲ့ ရှိုးစမိုး အပြည့်နဲ့ဆိုတော့ ကျုပ်တောင် ရုတ်တရက် မမှတ်မိဘူး ဖြစ် သွားတယ်ဗျာ” ဟုဆိုကာ ကျွန်တော့်ကို နှုတ်ဆက်သည်။ ကျွန်တော်က လက်ဆွဲအိပ်ကြီးအကြောင်း ပြော ပြရပြန်သည်။ အံတီပြုံးက စုံစမ်းရေးအခန်းဆီသွားကာ ကျွန်တော့် လက်ဆွဲ အိတ်ကြီး ကိစ္စ သေချာအောင် ထပ်ပြီး ပြောပြနေပြန်သည်။ ထိုစဉ်မှာပင် ဘေးတွင်ရပ်နေသော ကျွန်တော်နှင့် အရပ်ချင်း မတိမ်းမယိမ်း မိန်းကလေးတစ်ဦးကို ကျွန်တော်လှည့်ပြီး ပြုံးပြရသည်။ သူကလည်း ကျွန်တော့်ကို “သီတာက ဦးငြိမ်းဝေကို အရပ်အမောင်း ထောင်ထောင်မောင်းမောင်းနဲ့ ဖြစ်မယ်ထင်တယ်ဆိုပြီး စောင့်ကြည့်နေ တာ” ဟု ဆိုကာ နှုတ်ဆက်ကာမှ သူ့ကို မသီတာမှန်း ကျွန်တော် သိသွားရသည်။

သူ့အသံကိုနားထောင်ကာ ရေဒီယိုမှ ကြားရသည့် သူ့အသံနှင့် တူမတူ စဉ်းစားနေမိသေးသည်။ ယခင်က တစ်ခါမျှ လူချင်း မတွေ့ဖူးသေး။ ကိုမွန်းအောင်နှင့်မူ မာနယ်ပလောမှာကတည်းက သိကျွမ်းခင်မင်ခဲ့ပြီး ဖြစ်သည်။ သူက ဆံပင်ကြောဘက် ရောက်သည်အထိ ရှည်လျားလျက်၊ အသားအရေ စိုပြေလှပလျက်။ အရင်ကထက် သိသိ သာသာ ပြောင်း လဲသွားသည့် အနေအထားမို့ ကျွန်တော်က တွေ့တွေ့ချင်း မမှတ်မိခဲ့ခြင်း ဖြစ်သည်။ သူက
နော်ဝေးနိုင်ငံ အော်စလိုမြို့ကို ကျွန်တော့်ထက် နှစ်နှစ်စောပြီးမှ ရောက်နေသူ ဖြစ်သည်။ ဒီမိုကရက်တစ်
မြန်မာ့အသံတွင် တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်သည်။ ကိုမွန်းအောင်ကိုတွေ့တော့ ကျွန်တော် အားရှိသွားရ သည်။

သူတို့ကခရီးသည်များ ကုန်သလောက် ရှိသည်အထိ ကျွန်တော် ထွက်မလာသေးသဖြင့် စိတ်ပူပြီး စောင့်နေကြရ
ကြောင်း ၀ိုင်းပြောနေကြသည်။ ကျွန်တော့်အဖို့မူ နဂိုကတည်းက လက်ဆွဲအိတ်ကြီးအပေါ် စိတ်မချနိုင် ဖြစ်နေရသည့်
ကြားထဲ အခုလို ကျွန်တော်နှင့်အတူ ရောက်မလာခဲ့သည့်အခါ ပိုပြီး စိတ်ပူနေရ တော့သည်။ ကိုမွန်းအောင်က ကျွန်တော့်ကို စိတ်မပူဖို့ ပြောသည်။ အိတ်ထဲတွင် တန်ဖိုးကြီးပစ္စည်း ပါသလားဟုလည်း မေးသည်။ ပျောက်လျှင်
လေကြောင်းကုမ္ပဏီက လျော်မှာဖြစ်ကြောင်း ပြောပြီး အား ပေးသည်။ ဘယ်နည်းနှင့်မျှ မပျောက်နိုင်ပါဘူး ဟူ၍ လည်း ပြောသည်။

လေဆိပ်အပြင်ဘက် တက္ကစီကားပေါ် တက်ထိုင်ပြီးသည့်နောက်တွင်မူ လက်ဆွဲအိတ်ကြီး ရောက်မလာခဲ့သည့် ကိစ္စကို မဖြစ်မနေ ခေတ္တခဏတော့ မေ့ထားမှဖြစ်မည်ဟု ကျွန်တော် ဆုံးဖြတ်လိုက်ရ၏။

ကားဘီးစတင်လိမ့်သည်နှင့် တစ်ပြိုင်နက် ချမ်းစိမ့်စိမ့် လေနုအေးနှင့် ကျွန်တော် ထိတွေ့ လိုက်ရသည်နှင့် တစ်ပြိုင် နက် ကျွန်တော့်စိတ်ထဲ “မေပယ်လ်ရွက်” များကို မြင်ဖူးချင်နေသည်။ “ဘလူးဘယ်ရီ” ဟုခေါ်သော ဘယ်ရီသီး အပြာကိုလည်း မြင်ဖူးချင်လာခဲ့သည်။

ကျွန်တော်တို့စီးလာသော မာစီဒီး အမျိုး အစား တက္ကစီကားက လေဆိပ်ရှေ့က ကားလမ်းအ၀ိုင်းကို ပတ်မောင်း
နေစဉ် အုပ်ခုံအ၀ိုင်း၏အလယ်တွင် ရုပ်တုတစ်ခုကို ကျွန်တော် တွေ့ရသည်။ လူတစ်ယောက် စက္ကူ စွန်တစ်ခုကို
ကောင်းကင်ပေါ် ပစ်လွှတ်နေသည့်ရုပ်တုကို ကျွန်တော် တွေ့လိုက်ရ၏။

လေဆိပ်အဆောက်အအုံရှေ့မှ ကားထွက်လာသည့်အခါ ကျွန်တော့်မျက်လုံးများက လမ်းဘေးဝဲယာများကို လိုက်ကြည့်သည်။ အမျိုးအမည်မသိ သစ်ပင်များကို မသိမသာ လိုက်ကြည့်သည်။ ကျွန်တော့်စိတ်ထဲ ကျွန်တော် မမြင်ဖူးသည့် မေပယ်လ်ပင်များ ဖြစ်နေလေမလားဟု ခန့်မှန်းရင်း ငေးကြည့်လာခဲ့သည်။

ကျွန်တော် စီးလာသော တက္ကစီကားကလေးက လှပသော သစ်ပင်တန်းများ ကားလမ်းများကို နောက်ချန်ပြီး ထားရစ် ခဲ့၏။


ဟိုမှာ
ဝန်ရိုးစွန်းပေါ်က နေရောင်တွေ
အဖြူရောင်ညထဲက ရွှေရောင်တွေ
လေတချွန်ချွန် ကုတ်အင်္ကျီတမမနဲ့
ကျွန်ုပ်ဆီကို လာနေသလား
ဟဲလို
နေကောင်းပါစ
ဥရောပကျေးလက် သမီးပျိုတို့
ကျူရိုးဖေါင်ဖွဲ့ ကမ်္ဘာသစ်ရဲ့နိဒါန်း
နှစ်တစ်ထောင်ကို ခြေတစ်လှမ်းနဲ့ လှမ်း
ခဲ့သူတို့
( ဥရောပမဲဇာ ကဗျာရှည်မှ )

လေဆိပ်ထဲကအထွက် တက္ကစီကားဘေးတွင်ရပ်နေစဉ် ထူးခြားသည့် စိတ်ဆန္ဒတချို့ကို ကျွန်တော့်မှာ မနည်း မျိုသိပ်ထားခဲ့ရပါသေးသည်။

လေဆိပ်အဆောက်အဦရှေ့ ဆင်ဝင်အောက်တွင်ရပ်နေရင်းက ရင်ထဲမြင့်တက်လာနေသည့် စိတ်ဆန္ဒ တစ်ခုကို အတင်းအဓမ္မချိုးနှိမ်ထားခဲ့ရ၏။ နော်ဝေးနိုင်ငံမြေပေါ် ခြေချခွင့်ရလိုက်သည်နှင့်တစ်ပြိုင်နက် ထိုနိုင်ငံ၏ မြေကြီးခဲ တစ်ခုကို ကောက်ယူကာနမ်းရှုပ်ချင်သည့်စိတ်ဆန္ဒက ကျွန်တော့်ကိုအပြင်းအထန် ဆွဲဆောင် ဖျားယောင်းထားခဲ့၏။ အမှန်တကယ် နမ်းရှုပ်ခြင်းမျိုးတော့မဟုတ်။ စတိသဘောနမ်းကြည့်ဖို့ ဖြစ်၏။ အချိန်အတန်ကြာကားဘေးတွင် ငူတူတူကြီး ရပ်နေသော ကျွန်တော့်ကိုကားပေါ်တက်ရန် မသီတာက သတိပေးခဲ့ရ၏။

ထိုအချိန် ထိုအခိုက်အတန့်ကလေးတွင် တိုင်းပြည်မှ နှစ်ပေါင်း ၂၀ တိတိ နှင်ထုတ်ခံထားခဲ့ရသည့် ရုရှားစာရေး ဆရာကြီး  “ဆိုဆင်နစ်ဇင်” ကို ကျွန်တော့်မျက်စိထဲ မြင်နေခဲ့၏။ ရုရှားစာရေးဆရာကြီး ဆိုဆင်နစ်ဇင်သည် “စတာလင် လက်ထက်” အလုပ်ကြမ်းနှင့် ချွေးတပ်စခန်းနောက်ခံဖြင့် ၀တ္ထုကြီးတစ်ပုဒ် ရေးသဖြင့်သူ့ကို စတာလင်က တိုင်းပြည်မှ
နှင်ထုတ်ပစ်ခဲ့၏။ နှစ် ၂၀ ပြည်နှင်ဒဏ်ပေးခြင်း ခံခဲ့ရလေသည်။ သူသည် ခိုလှုံနေထိုင်ခွင့်ရရှိသည့် အမေရိကန်နိုင်ငံ သို့ ရောက်ရှိသည့်အခါ လေယာဉ်ပေါ်မှအဆင်းမြေမှုံ တချို့ကို ကောက်ယူကာနမ်းရှုပ်ပြခဲ့သူဖြစ်သည်။ လွတ်လပ်ငြိမ်းချမ်းမှုနှင့် ဘ၀ချင်းမတူသော တိုင်းပြည် တစ်ခုဖြစ်သည့် အမေရိက၏ ရေမြေရနံ့ကို ရှူရှိုက်
ကြည့်သည့်သဘောပြသခဲ့၏။ (နောင်အခါ နှစ် ၂၀ တိ တိ ပြည်နှင်ဒဏ်ခံရပြီး မိခင်ရုရှားသို့ ပြန်လည်လာခွင့်ရသည့် အခါတွင်လည်း ဆိုဆင်နစ်ဇင်သည် လေ ယာဉ်ပေါ်မှ အဆင်းပြောင်းလဲလာနေသော ရုရှမြေ၏ မြေသင်းခဲတချို့ကို ကုန်းယူကာနမ်းရှုပ်ပြခဲ့ပါသေး သည်။)

ယခုလည်း ကျွန်တော့်အနေနှင့် နော်ဝေး နိုင်ငံမြေပေါ်ပထမဆုံးခြေချခွင့်ရသည့်အခါ နော်ဝေးတို့၏ ရေမြေရနံ့ကို ဆုပ်ကိုင် နမ်းရှုပ်ကြည့်ရလျှင်ကောင်းမလားဟု တွေးမိလိုက်၏။ လွတ်လပ်ငြိမ်းချမ်းလှပ လွန်းသည့် ဗိုက်ကင်းတို့၏
မြေကို ကျွန်တော်၏ လက်ဖ၀ါး၊ နဖူးတို့ဖြင့် ထိတွေ့ကြည့်လိုက်ချင်သည်။ တစ်ချိန်တည်းမှာပင် ကျွန်တော်ချစ်ခင်
လေးနက်နေမိသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးသည့် စကားတစ်ခွန်းကိုလည်း ကျွန်တော့် နားထဲကြားလာနေရပြန်သည်။ “အကယ်၍ သူ့အနေ နှင့် နိုင်ငံပြင်ပသို့ ထွက်ခွာခွင့်ရပြီဆိုလျှင် ပထမဆုံး သူရွေးချယ် မည့် နိုင်ငံသည် နော်ဝေးနိုင်ငံပင်ဖြစ်သည်” ဟူသည့်စကားကို ကျွန်တော့်နားထဲတွင်ကြားလာနေခဲ့ရ၏။ သည်သို့သော တိုင်းပြည်တစ်ခုကို ကျွန် တော်ရောက်လာခဲ့ရပြီ။ ဆိုဆင်နစ်ဇင်၏ ရင်ခုန်မှုမျိုး၊ ဒေါ်အောင်ဆန်းစုကြည်၏ တောင့်တမှု မျိုးကို ကျွန် တော်က လက်တွေ့ရလိုက်ပြီ။ ထို့ကြောင့် ကျွန်တော့်မှာစိတ်တွေ ပေါ့ပါးလွတ်လပ် တက်ကြွနေခဲ့၏။ သည်မြေကြီးက ကျွန်တော်တို့တိုင်းပြည်က မြေကြီးလိုမဟုတ်။ သည်မြေပေါ်ကလူတွေ၏ ဘ၀သည်လည်း ကျွန်တော် တို့ တိုင်းပြည်ကလူတွေ၏ဘ၀နှင့်မတူ။ ယုတ်စွအဆုံးသည်နေရာ သည်ဒေသနေရောင် လရောင်နှင့် ပန်းရနံ့များ သည်ပင် ကျွန်တော်တို့နှင့်တူနိုင်ကြမည်မဟုတ်။

တက္ကစီကားပေါ်တက်ပြီး လိုက်ပါလာခဲ့ရသည့်တိုင် ကျွန်တော့်စိတ်များကအတွေးထဲတွင် ဆက်လက်နစ် မျောနေခဲ့သေးသည်။ ကျွန်တော့်ကိုလာကြိုကြသည့် ပုဂ်္ဂိုလ်သုံးဦးသည်လည်း ကျွန်တော့်အတွေး၊ ကျွန် တော့်ခံစားချက်များကို ကူးစက်သဘောပေါက်ကာအချိန်အတန်ကြာ တမင်ငြိမ်နေခဲ့ကြသည်လားမသိ။ မည်သူမျှစကားများများမပြောကြတော့။

ကျွန်တော်က အော်စလိုမြို့ထဲသို့အ၀င် လမ်းကျဉ်းတစ်ခုထဲအရောက် အုတ်ခဲများဒေါင်လိုက်စီပြီးခင်း ထားသည့် လမ်းတစ်ခုကိုကြည့်ကာ ငယ်စဉ်ကကြည့်ခဲ့ဖူးသည့် ရုပ်ရှင်ကားတချို့ကို သတိရမိအောင် ရလိုက်သေးသည်။ သူတို့ ဥရောပတိုက် မြို့ပြလမ်းကြားများမှာ ယခုလိုပင်အုတ်ခဲများကို ဒေါင်လိုက် စီပြီးလမ်းခင်းတတ်သည်ကို ရုပ်ရှင်တွေ ထဲ၌ မြင်ခဲ့ရဖူးသည်။ ဘာ့ကြောင့်ရယ်တော့ အတိအကျမသိ သော်လည်း နှင်းကျသည့်အခါလမ်းမချော်အောင် ခင်းထားသည့်သဘောဟုတော့ ယူဆမိသည်။

အော်စလိုမြို့သို့ ဦးတည်ရာ လမ်းတစ်လျှောက်တွင် မြင့်မြင့်မားမားဆောက်လုပ်ထားသည့် တိုက်တာ အဆောက်အဦး များ မတွေ့ခဲ့ရပါ။ တစ်ခုနှင့်တစ်ခု ထိကပ်နီးစပ်စွာဆောက်လုပ်ထားသည့် လူနေအိမ် များကိုလည်း မတွေ့ခဲ့ရပါ။ ချမ်းသာကြွယ်ဝသည့်တိုင်းပြည် ဖြစ်သည့်တိုင်အိမ်ယာအဆောက်အဦးများ ကိုတမင်ပင် မြင့်မြင့်မားမား
ဆောက်လုပ်ခြင်းမရှိဘဲ ထားခြင်းဖြစ်မည်ဟုတော့ စိတ်ထဲကခန့်မှန်းမိသည်။ လူနေအိမ်ခြေနည်းပါးသည့် မြေကွက်များ ကိုပင်တွေ့လာခဲ့ရသေးသည်။

အထူးသဖြင့် အော်စလိုလေဆိပ်သည်ပင် နိုင်ငံတကာလေဆိပ်ကြီးများလို ကြီးမားကျယ်ပြန့်စွာ ဆောက်လုပ်ထားခြင်း မရှိသေးပါ။ သူ့တိုင်းပြည် လူဦးရေနယ်မြေအနေအထား အခြေအနေနှင့်ကိုက်ညီအောင် တမင်ပင် လေဆိပ်ကြီးကြီး မားမား ဆောက်လုပ်ခြင်း မပြုဘဲထားသည်ဟုလည်း သိခဲ့ရ၏။ ထို့ကြောင့်ပင် ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်မှ ကျွန်တော်စီးလာသော ဂျက်လေယာဉ်ကြီးမှာ အော်စလိုလေဆိပ်သို့ တိုက်ရိုက်မဆင်းဘဲ နော်ဝေးနိုင်ငံနှင့်ကပ်လျက် ဒိန်းမတ်နိုင်ငံကို ပင်ဟေဂင်လေဆိပ်ကိုသာ အရင်ဆင်း ခဲ့ရပြီး ကိုပင်ဟေဂင် လေဆိပ်မှတစ်ဆင့်သာ အော်စလိုကို တခြားလေယာဉ်ငယ်တစ်စီးဖြင့် ခရီးဆက်ခဲ့ ရခြင်း ဖြစ်သည်။

ကားထဲတွင် အပူဓါတ်အနည်းငယ်ပေးထားသည်မို့ အပြင်ဘက်က အအေးဓာတ်အခြေအနေကို ကျွန်တော် မခန့်မှန်း တတ်ခဲ့ပါ။ သေချာသည့်အချက်ကတော့ လွန်ခဲ့သောဆယ်ရက်ခန့်က ထိုင်းနိုင်ငံ၊ ဘန် ကောက်မြို့အတွင်း တက္ကစီ ကားစီးစဉ်ကကားထဲတွင် အအေးဓာတ်ပေးသည့်စက်တပ်ထားသည့် ကားကို ကျွန်တော်စီးခဲ့ရပြီး ယခုအခါမူ ကားအတွင်း အပူဓာတ်ပေးထားသည့် တက္ကစီကားစီးနေရသည်ကို စဉ်းစား ကာရာသီဥတု ပြောင်းပြန်ပြောင်းသွား ခဲ့ပြီကိုမူ သတိထားမိလိုက်၏။

ကျွန်တော် ရောက်လာသည့်အချိန်က ကံကောင်းသည်ဟုကိုမွန်းအောင်က ပြောပါသည်။ ပြင်းထန်လှသည့်
ဆောင်းရာသီ၏ အမြီးပိုင်းကိုသာ နင်းမိသည့်အချိန်ဖြစ်သည်ဟု သိလိုက်ရ၏။ ဆောင်းကုန်ကာစ နွေဦးရာသီ။ ထို့ကြောင့် ထင်သလောက် မအေးတော့သည့်အကြောင်း ပြောပြခဲ့၏။ အအေးဓာတ်လျော့ နည်းသွားသည့်အတွက် ကံကောင်းသည်ဟု သိရသော်လည်း ကျွန်တော်က ဆောင်းဝင်စအချိန် မေပယ်လ်ရွက်များ ၀ါချင်တိုင်း ၀ါနေတတ်သည်ဆိုသည့်အတွက် မမြင်လိုက်မမီလိုက်ရသည့် အ၀ါရောင် မေပယ်လ်ရွက်များကို လွမ်းနေမိပြန်သည်။

အော်စလိုမြို့ထဲ ၀င်လာသောအခါ နေရောင်တချို့ သစ်ပင်နှင့် တိုက်တာများပေါ် တစ်စောင်းထိုးကျနေသည်ကို
တွေ့လာရသည်။ နံနက် ၁၀ နာရီဝန်းကျင်။ နေရောင်က အနီရောင်ရောထားသည့် ၀ါကျင့်ကျင့် အရောင်မျိုး။ ကျွန်တော်တို့ဆီက ၀င်းဝင်းလက်လက် လွတ်လွတ်လပ်လပ် တောက်တောက်ပပနေ ရောင်မျိုးတော့မဟုတ်။ မ၀ံ့မရဲနှင့် ခေါင်းငုံ့ပြီးတိုးဝင်လာနေသည့် နီကျင်ကျင်၊ ၀ါမွဲမွဲအရောင်မျိုး။ ကျွန်တော့်မှာနေရောင်များကို မော့ကြည့်ကာ ဥရောပရေမြေ ရာသီဥတုအခြေအနေ အတွေ့အကြုံအသစ်နှင့် ထိတွေ့ရတော့မည်ဖြစ်သဖြင့် ရင်ခုန်နေခဲ့ရ၏။