တစ်ခုချင်းတွေး၊ တစ်စုံလုံး ပြောင်းလဲရေး

ပရင့်ထုတ်ရန်

လွန်ခဲ့သည့် နှစ်နှစ်ဆယ်နီးပါးက ဖြစ်သည်။ တစ်ချိန်က လက်နက်ကိုင်တော်လှန်ရေးဌာနချုပ်စခန်းဖြစ်ခဲ့ဖူးသည့် မာနယ်ပလောတွင် အမျိုးသမီးရေးရာကိစ္စနှင့်ပတ်သက်ပြီး လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတစ်ဦးနှင့် စကားအခြေ အတင်ပြောခဲ့ရဖူးသည်။

ထိုစဉ်က ကျွန်တော်နှင့် စကားအခြေအတင်ပြောရသည့် မိတ်ဆွေမှာ ထိုင်းနိုင်ငံ ဘက်ကမ်းသော်လဲထ ဈေးကွက် ရွာသို့ ဈေးဝယ်ပြီးပြန်အလာ အယူအဆတစ်ခုကို ယူဆောင်လာခြင်းမှစတင်သည်ဟု ဆိုရပါမည်။ သူက သော်လဲထ တွင် မြန်မာလိင်အလုပ်သမတချို့ရှိနေကြောင်း၊ ထိုမိန်းကလေးများကို ကယ်တင်ချင်ကြောင်း၊ ဒီအတိုင်းပစ်ထားလျင် တာဝန်မကျေပွန်ရာကျကြောင်း ပြောသည်။ ကျွန်တော်က လက်မခံခဲ့ပါ။ မြန်မာ မိန်းကလေးတွေ ထိုင်းနိုင်ငံထဲ လိင်အလုပ်သမအဖြစ် လုပ်ကိုင်အသက်မွေးနေကြရသည်ကို စာနာကြောင်း၊ သို့သော် မိမိတို့ ကိုယ်တိုင်က ငှက်ပျောအူ၊ ငါးပိရေစားပြီး အမိုးအကာတောင်မျှ ကောင်း ကောင်းမွန်မွန်မရှိသည့် အနေအထားနှင့် နေထိုင် လုပ်ကိုင်နေရချိန် ထိုမိန်းကလေးများကို ကယ်တင်ထား ဖို့ရာ မဖြစ်နိုင်ကြောင်း၊ ထို့ပြင် မြန်မာမိန်းကလေးများ သူတစ်ပါးနိုင်ငံအတွင်း လိင်အလုပ်သမအဖြစ် လုပ် ကိုင်နေထိုင်ကြရခြင်းရဲ့ လက်သည်တရားခံမှာ စစ်အာဏာရှင် စနစ်ကြောင့်ဖြစ်ကြောင်း၊ မိမိတို့က လိင်အ လုပ်သမတစ်စုကို ကယ်တင်လိုက်နိုင်သည့် တိုင်းစစ်အာဏာရှင်စနစ် ရှိနေသရွေ့သည်လိုမိန်းကလေးများ အချိန်မရွေး ထပ်မံတိုးပွားလာဖို့သာရှိကြောင်း၊ ဆင့်ပါးစပ်နှမ်းပက်သလိုဖြစ်ပြီး ငါးပွက်ရာငါးစာချ၊ ဆန် စင်ရာကျည်ပွေ့လိုက်သည့်အလုပ်ကို လုပ်လို့မဖြစ်နိုင်ကြောင်း ရှည်ရှည်ဝေးဝေး ရှင်းပြရ သည်။ သို့သော် ကျွန်တော့်မိတ်ဆွေမှာ နားမ၀င်နိုင်ပါ။ သူသည် စိတ်ဓာတ်ပြင်းထန် လွယ်သူဖြစ်သည့်အပြင် ကိုယ်တိုင် ကိုယ်ကျ ထိုလိင်လုပ်သား မြန်မာမိန်းကလေးများနှင့် တွေ့ဆုံခဲ့ရသူဖြစ်ပြီး ယင်းမိန်းကလေးများကလည်း ဇိမ်ခေါင်းအား ပေးလျော်ရမည့် ပိုက်ဆံနှင့် သူတို့အားကယ်တင်ပါရန် အကူအညီတောင်းခံထားသဖြင့် သူ့မှာ မအိပ်နိုင် မစားနိုင်လောက်အောင်ပင် စိတ်ထိခိုက်နေရရှာလေသည်။ အကယ်၍ မိခင်အဖွဲ့အစည်းက အကူအညီ မပေးပါက ထိုင်းဘက်ကမ်းသို့ လက်နက်နှင့် တစ်ပါတည်း ယူဆောင်သွားကာ ထိုမိန်းကလေးများကို အတင်းအဓမ္မ ကယ်တင်ခေါ်ဆောင်လာတော့မည်အထိ ပြောဆိုလာတော့၏။ နောက်ဆုံးတွင် မိခင် အဖွဲ့အစည်း တာဝန်ရှိသူများက ၀ိုင်းဝန်းဖျောင်းဖျခြင်းဖြင့် ကျွန်တော့်မိတ်ဆွေ၏ အစီအစဉ်လည်းပျက်ခဲ့ ရပါသည်။

တစ်ခါ ၁၉၉၉ ခုနှစ်တုန်းကဖြစ်သည်။ မဲဆောက်မြို့တွင် လူမှုရေးလုပ်ငန်းစိတ်ထက်သန်သူ အမျိုးသမီး တစ်ဦးက သူမ၏ စဉ်းစားထားချက်ကိုဖွင့်ဟပြီး တိုင်ပင်ခဲ့ဖူးသည်။ သူက မဲဆောက်မြိ့မှာရှိသည့် ဆောင်ကြာမြိုင်များတွင်
နေထိုင်အလုပ်လုပ်ကိုင်နေကြရသည့် မြန်မာနိုင်ငံသားမိန်းခလေးများကို နည်းပေါင်းစုံ သုံးပြီး ယင်းမိန်းကလေးတို့၏ ဆိုးရွားသောဘ၀အတွင်းမှ ရုန်းထွက်နိုင်အောင် အကူအညီပေးမည့် သူ့ စိတ်ကူးကို ကျွန်တော့်အား တိုင်ပင်ခဲ့ဖူး သည်။ သည်တစ်ကြိမ်တွင်လည်း မာနယ်ပလောတုန်းက ကျွန် တော့်မိတ်ဆွေအား ရှင်းလင်းပြောပြဖူးခဲသလို သူမအားလည်း ထပ်မံရှင်းလင်းပြောပြရပြန်သည်။ သို့သော် ကျွန်တော့်မိတ်ဆွေ အမျိုးသမီးမှာ လက်မခံပါ။
ဆောင်ကြာမြိုင်တစ်ခုမှ မြန်မာမိန်းကလေး သုံးယောက်ကို ဆောင်ကြာမြိုင်ပိုင်ရှင်အား လျော်ကြေးပေး၍ ခေါ်ထုတ် ခဲ့၏။ အိမ်တွင် ဆယ်ရက်ခန့် ကျန်းမာရေးကအစ စစ်ဆေးကူညီ၏။ ထို့နောက် လမ်းစရိတ်ပေးကာ ထိုမိန်းကလေး များ မြန်မာပြည်သို့ ပြန်သွားကြ၏။ တစ်လ ပင်မကြာပါ။ ထိုမိန်းကလေးသုံးယောက်ကို အခြားဆောင်ကြာမြိုင်တစ်ခု ၏ ရှေ့တွင် ကျွန်တော်တွေ့လာ ရ၏။ ထိုအကြောင်းကို ကျွန်တော့်မိတ်ဆွေ အမျိုးသမီးအား ပြောပြသောအခါ သူ့မှာဒေါသလည်းဖြစ် စိတ် လည်းမကောင်းဖြစ်ကာ သူကယ်တင်လိုက်သည့် မိန်းကလေးများကို သွားရောက်
တွေ့ဆုံ မေးမြန်းတော့ သည်။ ထိုအခါ မိန်းကလေး သုံးယောက်စလုံးက ရွာတွင် အလုပ်အကိုင်မရှိ မိဘမိသားစု ဆင်းရဲလွန်းသဖြင့် အလွယ်တကူဝင်ငွေရသော သည်အလုပ်ကိုပင် လုပ်ကိုင်ရန် ပြန်လာရခြင်းဖြစ်ကြောင်း မျက်ရည် ခံထိုးကာ ရှင်းပြခဲ့ကြသည်ဟု ဆိုပါသည်။လူမှုရေးလုပ်ငန်း စိတ်ထက်သန်သူ ကျွန်တော့်မိတ်ဆွေ အမျိုးသမီးမှာ စိတ်ဓာတ်ကျကာ ပြန်လှည့်လာခဲ့ရ၏။

ယခုအခါ အိမ်နီးချင်းနိုင်ငံတချို့သို့ မြန်မာမိန်းကလေးများနည်းမျိုးစုံ ရောင်းစားခံရသည့် သတင်းများ၊ လိင်လုပ်သား အဖြစ်သွားရောက် အလုပ်လုပ်ကိုင်နေကြသည့်သတင်းများ၊ နေ့ညမပြတ် ကြားနေကြရပါ သည်။ သည်ပြဿနာမှာ နည်းပါးပပျောက်သွားဖို့ဝေးစွ ပိုမိုကြီးထွားလာသည့် ပြဿနာကြီးအဖြစ် လူ တိုင်းအလွယ်တကူ မြင်နိုင်သည်။ သည်ပြဿနာ ပပျောက်လျှော့နည်းသွားစေရေး အိမ်နီးချင်းနိုင်ငံ အစိုး ရများနှင့် မြန်မာအစိုးရတို့ ပုံစံအမျိုးမျိုး အသုံးပြုကာ အရေးယူဆောင်ရွက်နေသော်လည်း၊ လူမှုရေးလုပ် ငန်း အဖွဲ့အစည်းများက အပြင်းအထန် ကြိုးပမ်းနေ သည့်တိုင် လျော့ပါးမသွား၊ ပပျောက်မသွားသည့် အပြင် အဘယ့်ကြောင့် ပိုမိုကြီးထွားလာရသနည်း။

မြန်မာမိန်းကလေးများ သူတစ်ပါးနိုင်ငံတွင် လိင်အလုပ်သမများအဖြစ် အသက်မွေးဝမ်းကျောင်းနေကြ ရခြင်းသည် ယင်းတို့ကိုယ်၌က စိတ်ရောကိုယ်ပါ ဆုံးဖြတ်ချက်ကြောင့် ဖြစ်လာရခြင်း ဖြစ်သည်ဟူသည့် ကောက်ချက်မှာမူ လွန်စွာမှားယွင်းနိမ့်ကျသည့် အမြင်ဖြစ်ပါသည်။ အမှန်မှာ လိင်အလုပ်သမဘ၀သို့ ခုန် ဆင်းချလိုက်ဖို့ တွန်းအားပေး မှုများ ရှိပါသည်။ စစ်အာဏာရှင်စနစ်ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားပျက် ကပ်ကြီးက သူတို့အား ထိုဘ၀သို့ တွန်းပို့ လိုက်ကြခြင်းသာ ဖြစ်သည်။ ဆင်းရဲနွမ်းပါးခြင်း၊ ပညာဉဏ်ချို့ တဲ့ခြင်း၊ စိတ်ဓာတ်မခိုင်မာခြင်း အခြေခံအကြောင်း တရားများကြောင့် ဖြစ်ပေါ်လာသည့် အနိဋ္ဌာရုံ ဆိုးကျိုး များပဲ ဖြစ်သည်။

တစ်ခုတော့ ရှိပါသည်။ စနစ်ကြောင့် ဖြစ်လာရခြင်းဖြစ်သည်ဟုဆိုကာ လူမှုရေးအရ အရေးယူဆောင်ရွက် အကူအညီ
ပေးခြင်းများကို လုံးဝမပြုလုပ်ဘဲတော့ နေဖို့မသင့်ဆိုသည်ကိုမူ ကျွန်တော်လက်ခံပါသည်။

သို့သော် မည်သည့် လူမှုရေးပြဿနာမဆို ပြုပြင်ရေးသည် လူ့အဖွဲ့အစည်း၏ အပေါက်အရှများကို ဖာထေးခြင်းသာ
ဖြစ်သဖြင့် ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်သည့် အဓိကနည်းလမ်း မဟုတ်ဆို သည်ကိုသာ ကျွန်တော်
ဆွေးနွေးလိုခြင်း ဖြစ်သည်။ အမှန်တကယ်တော့လည်း သစ်မရောက်ခင်ဝါးကူဆို သလို စနစ်ကြီးမပြောင်းလဲနိုင်သေး ခင်စပ်ကြား ဤသို့သော ပြုပြင်ရေးအလုပ်များသည်လည်း လိုအပ် သလောက် လိုအပ်နေမည်သာဖြစ်ကြောင်း ကိုတော့ ကျွန်တော်ဝန်ခံအပ်ပါသည်။