မန္တလေးဘူတာကြီး ပြောင်းမလား၊ ပြင်မလား

ပရင့်ထုတ်ရန်

မြန်မာပြည်မှာ မီးရထားလမ်းတွေနဲ့ပတ်သက်ပြီး အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအပြီး ၁၈၈၅ ခုနှစ်မှာ ရန်ကုန်-
တောင်ငူ မီးရထားလမ်းအရှည် ၁၆၆ မိုင်နဲ့စတင်ခဲ့ပါတယ်။ ရန်ကုန်-မန္တလေးမီးရထားလမ်းကိုတော့ ပါတော်မူပြီး
နောက် တစ်နှစ်ခန့်အကြာ ၁၈၈၆ ခုနှစ် အောက်တိုဘာလမှာ တောင်ငူကနေ မန္တလေးအထိ ဆက်ဖောက်ဖို့ အမိန့်ပေးပြီး ၁၈၈၉ ခုနှစ် မတ် ၁ ရက်မှာတော့ ၃၈၆ မိုင် အရှည်ရှိတဲ့ ရန်ကုန်-မန္တလေး မီးရထားလမ်း ဖွင့်လှစ်နိုင် ခဲ့ပါသတဲ့။ ဒါကြောင့် မန္တလေးမှာ မီးရထားဘူတာရုံဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂၀ ကျော်ကတည်းက တည်ရှိခဲ့တာပါပဲ။

အဲဒီကာလမှာတော့ ဘူတာရုံဟာ လူနေထူထပ်တဲ့ ရပ်ကွက်ကြီးတွေ၊ ဈေးချိုအပါအ၀င် စီးပွားရေးဆိုင်ရာရပ်ဝန်းကြီး
တွေရဲ့ အရှေ့ဖျားမှာရှိပြီး အစိုးရရုံးကြီးတွေ၊ စီဗီလိုင်းလို လူနေကျဲတဲ့ ရပ်ကွက်တွေနဲ့ပဲ ဆက်စပ်နေမှာပါ။ အဓိကအနေနဲ့ အင်္ဂလိပ်စစ်တပ်နဲ့ အင်္ဂလိပ်အစိုးရရုံးစိုက်တဲ့ နန်းတွင်းနဲ့ နီးကပ်နေတာမို့ လုံခြုံရေးအရ စိတ်ချရသလို စစ်လက်နက် သယ်ပို့ရေးမှာလည်း လိုအပ်တဲ့နေရာမှာ တည်ရှိနေတာမို့ အစစအရာရာ အဆင်ပြေမယ့်သဘောပါပဲ။

မန္တလေးဘူတာရုံဟာ မူလကတော့ အုတ်ကြွပ်မိုး တစ်ထပ်အဆောက်အအုံလေးပါ။ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ခင်မှာ ဘဲ မျှော်စင်အဆောက်အအုံပါတဲ့ နှစ်ထပ်အဆောက်အအုံကြီး ဖြစ်သွားပါပြီ။ မန္တလေးကနေ မေမြို့၊ လားရှိုးမြို့များ သာမက ရွှေဘို၊ မြစ်ကြီးနားမြို့များဆီအထိလည်း ခရီးပေါက်သွားပါပြီ။ အလားတူ စစ်ကိုင်း၊ မြင်းမူ၊ မုံရွာ၊ ရေဦး အထိလည်း မီးရထားလမ်းတွေ ရှိနေပါပြီ။ သီးခြား မီးရထားကုမ္ပဏီတစ်ခု ဖွင့်ပြီးလည်း မန္တလေး- မတ္တရာ မီးရထား
ပြေးဆွဲမှုတွေ ရှိနေပါပြီ။ ဒါကြောင့် မန္တလေးဘူတာရုံကြီးဟာ အထက်မြန်မာပြည်အတွက် အချက်အချာကျတဲ့ နေရာ တစ်နေရာ ဖြစ်ခဲ့ပြီပေါ့။

ဒီနေရာမှာ မန္တလေးသားတွေက “ဘူတာကြီး”၊ “ဘူတာကြီး”လို့ခေါ်နေလို့ မလိုအပ်ဘဲ ကိုယ့်ငါးချဉ်ကိုယ်ချဉ်ကာ “ကြီး”တစ်လုံး အပိုဆောင်းထားလေရဲ့လို့ သတင်းစာဆရာကြီးတစ်ဦးက ကဲ့ရဲ့ဖူးပါတယ်။ဒီတော့ မန္တလေးသား သတင်းစာ ဆရာတစ်ဦးက မန္တလေးက ဘူတာရုံကို “ဘူတာကြီး”လို့ ခေါ်ဝေါ်သုံးနှုန်း ရေးသားကြတာဟာ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာမဟုတ်ကြောင်း၊ “ဘူတာလေး” ဆိုတာရှိခဲ့လို့ “ဘူတာကြီး” လို့ နှိုင်းယှဉ်ခေါ်ဝေါ်ကြ
ကြောင်း၊ ဘူတာလေးဟာ မန္တလေးက မတ္တရာ ပြေးဆွဲတဲ့ သီးခြားမီးရထားလိုင်း အတွက် ဈေးချိုအနီးမှာ ရှိခဲ့ဖူး
ကြောင်း၊ (ယခု-မြို့တော်ခန်းမ(၂) အနောက်ဖျား၊ ရွှေတချောင်းမြောင်း ပေါင်ပေါ်)၊ ဒါကြောင့် လက်ရှိဘူတာကို ဘူတာကြီးခေါ်ကြရာမှ ဘူတာလေး ဖျက်သိမ်းပြီးနောက်လည်း နှုတ်ကျိုး အမည်တွင်နေခြင်း ဖြစ်ကြောင်း ပြန်လည် ရှင်းလင်းကြရပါသတဲ့။ မန္တလေး-မတ္တရာ ပြေးဆွဲတဲ့ မီးရထားနာမည်က မနှင်းဆီရထားတဲ့။ အိန်္ဒိယသူဌေး “မနာဂျီ” ဆိုသူပိုင်တဲ့ ကုမ္ပဏီက ပြေးဆွဲတော့“မနာ ဂျီ” ရထားကနေ မြန်မာ့နှုတ်လျှာမှာ “မနှင်းဆီ ရထား” ဖြစ်သွားတာပါတဲ့။ မနှင်းဆီရထား ပြေးဆွဲတဲ့ ဘူ တာလေးနဲ့ မနှင်းဆီရထားလေးက ၁၉၃၀ ၀န်းကျင်မှာ ဖျက်သိမ်းသွားတယ်လို့ ဆိုပါ တယ်။ ကိုင်း.. ထားပါတော့။

မန္တလေးရဲ့ မြို့ပြဖွဲ့စည်းပုံဟာ မန္တလေးဘူတာ စတင်တည်ဆောက်တဲ့ ၁၈၈၉ ခုနှစ်မှာ စောစောကပြောသလိုပါပဲ။ အဓိက လူနေရပ်ကွက်နဲ့ စီးပွားရေးရပ်ကွက်ဟာ ဘူတာရဲ့ အနောက်ခြမ်းမှာပဲ ရှိပါတယ်။ ဒု တိယကမ္ဘာစစ်ကြီး
ဖြစ်တော့ မန္တလေးဘူတာရုံအဆောက်အအုံလည်း ပျက်စီးဆုံးရှုံးမှုတွေရှိမယ်။ မျှော်စင်အဆောက်အအုံရဲ့ အပေါ်ပိုင်း အမိုးတွေ၊ ဘူတာရဲ့ အပေါ်ထပ်တွေ ပျက်စီးမယ်။ စစ်ကြီးပြီးတော့ မြို့ပြ နေမှုစနစ်က ထူးထူးခြားခြား ပြောင်းမသွား ပါဘူး။ အရင်လိုပါပဲ။ ဘူတာကြီးအနောက်ခြမ်းကပဲ အသွားအ လာထူထပ်တာပေါ့။ စစ်ကြီးကြောင့် နယ်ကလူတွေ အတော်များများ မြို့ပေါ်တက်လာကြတာတွေ ရှိလာ ပါတယ်။ ဒါပေမဲ့ ဘူတာကြီးအနောက်ခြမ်း လူနေရပ်ကွက်တွေ က ၀င်းတွေထဲပဲ ဖြစ်သလို တိုးဝှေ့နေထိုင် ကြတာပါ။ ဘူတာကြီးအရှေ့ခြမ်းကတော့ အစိုးရရုံးတွေနဲ့ အရာရှိဝင်းခြံ
တွေသာရှိလို့ ထူးထူးခြားခြား လူ နေထူထပ်မသွားဘူးပေါ့။ အဲဒီကာလ ဘူတာကြီးအရှေ့ခြမ်းနဲ့ အနောက်ခြမ်းရဲ့ အဓိက ဆက်သွယ်မှုဟာ ၃၅ အေလမ်းနဲ့ ၂၆ ဘီလမ်းတွေပါ။ တက္ကသိုလ်၊ ဗောဓိကုန်း၊ အမြောက်တန်းမျက်ပါးရပ် စတဲ့ ရပ်ကွက် တွေက အနောက်ခြမ်းကို ၃၅ အေလမ်းကပဲ သွားလာကြတယ်။ နန်းရှေ့အောင်တော်မူ၊ ဆေးရုံကြီး ၀န်း ကျုင် ရပ်ကွက်တွေက ၂၆ ဘီလမ်းကပဲ ဈေးချို အစရှိတဲ့ အနောက်ခြမ်းကို သွားလာကြတယ်။ ၃၅ အေ လမ်းနှင့် ၂၆ ဘီလမ်းကြားမှာ ဘူတာကြီးရှိနေတော့ ၃၅ အေလမ်းအနေနဲ့ မီးရထားအ၀င်အထွက်များလို့ ကားလမ်းကို တံခါးပိတ်ပြီးမှ ရထားတွေ ၀င်စေထွက်စေပါတယ်။ ဒါပေမဲ့ လမ်းပိတ်ဆို့လောက်အောင်တော့ ယာဉ်တွေ မများသေး ပါဘူး။ ဒါပေမဲ့ ရေရှည်မှာ ဒီဘူတာကြီးကြောင့် သွားရေးလာရေးတွေ အခက် အခဲဖြစ်လာနိုင်မယ်ဆိုတာ မြို့မိမြို့ဖ
တွေက ကြိုသိနေကြပါပြီ။ အရှေ့အနောက်၊ တောင်မြောက် တည့် တည့်ဖောက်လုပ်ထားပြီး မြို့ပြကွက် အနေနဲ့
လေးထောင့်စပ်စပ်တွေ စုပေါင်းထားတဲ့မြို့မှာ၊ လေးထောင့် စပ်စပ် ကျုံးမြို့ရိုးအကွက်ကြီးနဲ့ အရှည် ကိုးပြ (တစ်မိုင်နီးပါး) အကျယ် တစ်ပြရှိတဲ့ ဘူတာကြီး ယာဉ်ဝင်း ကြီးက မြို့ကို အရှေ့နဲ့အနောက် ပိုင်းခြားထားသလို
ဖြစ်တာပေါ့။ ဒီဘူတာကြီးကိုဝင်မယ့် မီးရထားလမ်း တွေကလည်း မြို့တော်ဘက်ကနေ မြောက်စူးစူးအတိုင်း
ဖြတ်သန်း ၀င်ရောက်လေတော့ မန္တလေးမြို့ဟာ ဘူတာကြီးကြောင့် နှစ်ပိုင်းကွဲနေတာ ပိုသိသာလာပါတယ်။

ဒါကြောင့် ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၉ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့ ကျင်းပတဲ့ မန္တလေး ရိုထရီအသင်း အစည်းအဝေးတစ်ရပ်မှာ မြူနီစီပယ်အလုပ်ဝန် ဦးသာထွန်းက မန္တလေးမြို့နဲ့ ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်တဲ့ အကြံဉာဏ်တွေပေးတော့ မြို့လယ်ခေါင်မှာရှိတဲ့ဘူတာကြီးဟာ မြို့ရဲ့လုံခြုံရေး၊လမ်း ပန်းဆက်သွယ်ရေးတွေအတွက် မသင့်လျော်တော့တဲ့အကြောင်း၊ ဘူတာကို မြို့ဟောင်း (ဘူတာ)နေရာ မှာ ရွှေ့ပြောင်းသင့်ကြောင်း အကြံပေးခဲ့ ပါတယ်။ ဒါက လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ကျော်က ပေးခဲ့တဲ့ အကြံ ဉာဏ်ပါ။

အခု တိုးတက်ကြီးထွားလာတဲ့ မန္တလေးမြို့ပြအရရော၊ တိုးတက်လာတဲ့ လူဦးရေနဲ့ ယာဉ်အရေအတွက် အရရော၊ ဘူတာကြီးရဲ့အရှေ့ခြမ်း ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် လျင်မြန်ကြီးထွားလာတာရောမို့ လူနေ ထူထပ်ပြီး လက်ကား
ရောင်းဝယ်ရေးတွေ ထွန်းကားတဲ့ မြို့အနောက်ခြမ်းနဲ့ ခေတ်ပေါ်စီးပွားရေး အကွက် အကွင်းများ သိသာစွာ ဖွံ့ဖြိုးလာ တဲ့ မြို့အရှေ့ခြမ်းတို့ရဲ့ နိစ္စဓူဝဆက်သွယ်သွားလာရေးမှာ Down Town ဧရိယာအတွင်း ၂၆ ဘီလမ်းနဲ့ ၃၅ အေလမ်း တို့ပဲ ရှိနေတော့ အလွန်ခက်နေပါပြီ။ ၃၅ အေလမ်းကလည်း သာမန်အကျယ် ၃၄ ပေသာရှိတဲ့ ခုံးကျော်တံတားပဲ
ဖြစ်နေတော့ ပိုခက်ခဲပါတယ်။

တကယ်တော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ကျော်က မန္တလေးမြို့လယ်ခေါင်မှာရှိတဲ့ဘူတာရုံကြီး နေရာပြောင်းရွှေ့ရေး အကြံဉာဏ်နဲ့ စဉ်းစားမှုမျိုးကို လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ နီးပါးကာလက စဉ်းစား အကောင်အထည် ဖော်ခဲ့ရင် အခု အချိန်ဆို မန္တလေးမြို့တွင်း ဆက်သွယ်ရေးတွေဟာ တော်တော်အသားအကျ အဆင်ပြေ နေပါပြီ။ ရောဂါကို အပ်နဲ့ထွင်းရမယ့် ကာလပေါ့လေ။ အခုအချိန် ပုဆိန်နဲ့ထွင်းရမယ့်အချိန် ရောက်ပေမယ့် မနှောင်းသေးပါဘူး။
ဆေးမြီးတိုနည်းတွေနဲ့ပဲ ဟိုခုံးကျော်ပေါ် ဆိုင်ကယ်မတက်ရ၊ ဒီလမ်း တစ်လမ်း မောင်းလုပ်၊ ဒီနေရာ ခုံးကျော်တစ်စင်း ထပ်ဆောက်ဆိုတဲ့ “ကုနည်းကား” နဲ့တော့ ရေရှည်မှာသာမက လတ်တလောမှာလည်း အဆင်မပြေပါဘူး။ တတ်နိုင် ရင်တော့ လက်ရှိဘူတာကြီးနေရာမှာပဲ လက်ရှိအ တိုင်း ရထားလမ်းတွေ၊ ပလက်ဖောင်းတွေ၊ ဘူတာအဆောက် အအုံတွေကို မြေအောက်နှိမ့်ပြီး အပေါ်က အရှေ့အနောက်ဖြတ်တဲ့ ကားလမ်းတွေပြတိုင်းမှာ ထားမလား ...။ ဒါမှမဟုတ် ...။

ကိုင်း ... ပြောင်းမလား၊ ပြင်မလား ...။

လတ်တလော စဉ်းစားကြရတော့မယ့် ပြဿနာ ...။