www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္ဂနွေ, ၂၂ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > အာဘော်နှင့်အမြင် > သဘောထားအမြင် > မကောင်းတဲ့ ငြိမ်းချမ်းရေးရယ်လို့ မရှိ၊ ကောင်းတဲ့ စစ်ပွဲရယ်လို့လည်းမရှိ

မကောင်းတဲ့ ငြိမ်းချမ်းရေးရယ်လို့ မရှိ၊ ကောင်းတဲ့ စစ်ပွဲရယ်လို့လည်းမရှိ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တောင်းဆိုလှုပ်ရှားဆောင်ရွက်တဲ့လုပ်ငန်းဟာ အင်မတန်အ၀န်း အ၀ိုင်း ကျယ်ပြန့်ပါတယ်။ အင်မတန်လည်း သိမ်မွေ့ပြီး ဖြူစင်သန့်ရှင်းမှ ဆောင်ရွက်လို့ရနိုင်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖြစ်မယ်ထင်ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးဝါဒီ ကွယ်လွန်သူ ကဗျာဆရာကြီး ဒဂုန်တာရာက ငြိမ်းချမ်းရေးကို “ကြာပန်းရေစင်” ဆိုတဲ့ နာမည်ပေးပြီး ၀တ္ထုရေးခဲ့တာပါ။

ကျွန်တော်တို့နိုင်ငံမှာတော့ ငြိမ်းချမ်းရေးလို့ပြောလိုက်ရင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို အရင်ပထမ ဆုံးသွားပြီး
မြင်လိုက်တာပါပဲ။ ပြီးတော့ ဆရာကြီးဦးဆောင်တဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေကို သတိရလာတော့တာပါပဲ။

ကျွန်တော်တို့နိုင်ငံမှာ အခြေအနေကတောင်းဆိုလို့ ပြည်တွင်းငြိမ်းချမ်းရေး တောင်းဆိုလှုပ်ရှားတဲ့ လုပ်ငန်းတွေ အရင်က လည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဆရာသခင်ကိုယ်တော်မှိုင်းက သူမသေခင် ပြည်တွင်းငြိမ်းချမ်းရေးကို
မြင်သွားချင်တယ်လို့ ပြောခဲ့ပေမယ့် ဆရာကြီးခမျာငြိမ်းချမ်းရေးကို မြင်မသွားနိုင်ခဲ့ပါဘူး။

ငြိမ်းချမ်းရေးလုပ်ငန်းဟာ လူအားလုံးနဲ့ဆိုင်တဲ့ကိစ္စပါ။ ဒါကြောင့်မို့ တစ်သင်းတစ်ဖွဲ့ထဲ၊ လူတစ်ဦးတစ်ယောက်ထဲ၊ ဒါမှမဟုတ်လူတစ်စု။ ဒီလိုဆောင်ရွက်သွားလို့ မဖြစ်ဘူးဆိုတာသိတော့ သိထားကြပါတယ်။ ဒါပေမဲ့ တကယ်လက်တွေ့ ချလုပ်တဲ့အခါ အင်မတန်သိမ်မွေ့ခက်ခဲပါတယ်။ မအောင်မြင်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်တွေဟာ သက်သေပါ ပဲ။ ကျွန်တော်ဆိုလိုတာက ဒီလုပ်ငန်းစဉ်ကြီးမှာ လူထုတစ်ရပ်လုံးပါ ၀င်လာမှဖြစ်မှာပါ။

ဒီနေရာမှာ လူတစ်ဦးတစ်ယောက် တည်းလုပ်နေလို့ မအောင်မြင်နိုင်ဘူးဆိုတာက တစ်ဦးတစ်ယောက်ချင်း ကိုယ့် အစီစဉ်နဲ့ကိုယ် ဆောင်ရွက်တာမျိုးနဲ့တော့ မဆိုင်ပါဘူး။ ဥပမာ အင်မတန်စိတ်ဓာတ်ပြင်းထန်လွန်းလို့ ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြပြီး ငြိမ်းချမ်းရေးတောင်းဆိုတဲ့ အလုပ်မျိုးက တစ်ဦးတစ်ယောက်ချင်းသ ဘောဖြစ်ပေမယ့်အားလုံးကို ကိုယ်စားပြုဖော်ပြတဲ့ အလုပ်ဖြစ်တာမို့ ဒါဟာထိရောက်တဲ့ အလုပ်တစ်ခုပါပဲ။ ဥပမာအနေနဲ့ပြောရရင် ၁၉၆၅ ခု၊
နိုဝင်ဘာလထဲမှာ အမေရိကန်နိုင်ငံသား ငြိမ်းချမ်းရေးဝါဒီ “နော်မန်မော် ရစ်ဆင်” ဟာ ပင်တဂွန် စစ်ဌာနချုပ်ကြီးရဲ့
ရှေ့မှာ ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြပြီး ဗီယက်နမ်စစ်ကို ဆန့်ကျင် ပြခဲ့ပါတယ်။ အမေရိကန်ပြည်သူတွေဟာ နောင်အခါ မှာ သူတို့ရဲ့ အမေရိကန်အစိုးရကိုယ်တိုင်က ဗီယက်နမ် စစ်ဝင်တိုက်နေတဲ့ကိစ္စကို အပြင်းအထန် ဆန့်ကျင်လာခဲ့ကြတဲ့ အကြောင်း ရင်းတွေထဲမှာ အဲဒီ ၊ နော်မန် မော်ရစ်ဆင်လို ပုဂိုလ်တွေရဲ့ တစ်ဦးချင်းကြိုးပမ်းမှုတွေလည်း အကြောင်း တစ်ခု အဖြစ် ပါဝင်နိုင်ခဲ့တာ အထင်အရှားပါ။

ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေကို ပြန်ကြည့်ရင် စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက ငြိမ်းချမ်းရေးအသင်း အဖွဲ့တွေကို စာပေပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေလို ပုဂ်္ဂိုလ်တွေက ဦးဆောင်ခဲ့ကြတာဟာ တကယ် စိတ်ဝင်စားဖို့ကောင်းပြီး စိတ်ကြည်နူးလေးစား မြတ်နိုးဖို့လည်းကောင်းပါတယ်။ တိုင်းပြည်ကလည်းသိ တစ်ကမ္ဘာလုံးကလည်းသိတဲ့ ပညာရှင်တွေ
ဖြစ်တာမို့ သူတို့ဦးဆောင်ပါဝင်လှုပ်ရှားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်း တွေကို တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့် ခဲ့ကြပါတယ်။ လူတွေလေးစားကြည်ညိုတဲ့ သူတွေဖြစ် တာမို့ သူတို့တစ်တွေရဲ့ စုပေါင်းလက်မှတ်ထိုးတောင်းဆိုတဲ့ ငြိမ်းချမ်းရေးတောင်းဆိုချက်တွေ ထုတ်ပြန် ချက်တွေကို ဂုဏ်သိက္ခာရှိတဲ့ အစိုးရတွေက တလေးတစား လက်ခံယူခဲ့ကြ တာလည်း ရှိပါတယ်။ ဥပမာအ နေနဲ့ပြောရရင် ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲတွေ အရှိန်ကောင်းနေစဉ် ကမ္ဘာ့ ငြိမ်းချမ်းရေးကို အကြီးအကျယ်ခြိမ်းခြောက် ခံနေရတဲ့အချိန်မှာ အမေရိကန်နိုင်ငံက သိပ္ပံပညာရှင် “ဒေါက်တာ ဂျူလီယက်ကျူရီ” လို ပုဂ်္ဂိုလ်မျိုးတွေ ခေါင်းဆောင်ပါဝင်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီဆိုတာရှိခဲ့ဖူးတယ်။ ဒီအဖွဲ့ကြီးက ကမ္ဘာ့ ငြိမ်းချမ်းရေး ညီလာခံကြီးတွေကျင်းပပြီး ကျေညာချက်တွေထုတ်တယ်။ ကမ္ဘာအရပ်ရပ်က အစိုးရတွေအ ပါအ၀င် ကမ္ဘာသူကမ္ဘာသားအားလုံးကို ငြိမ်းချမ်းရေးတည်ဆောက်ကြဖို့၊ အဏုမြူလက်နက် အပါအ၀င် စစ်လက်နက်တွေ ပိတ်ပင်တားဆီးကြဖို့ ကြေညာချက်တွေ ထုတ်ပြီးဆော်သြတယ်။ သန်း (၄၀၀) ကျော် လူတွေရဲ့ ထောက်ခံလက်မှတ်
တွေ ကောက်ယူရရှိတဲ့အထိ ဒီအဖွဲ့ကြီးက အလုပ်လုပ်နိုင်ခဲ့တယ်။

ဒီတုန်းက ကျွန်တော်တို့နိုင်ငံမှာလည်း ဆရာကြီးသခင်ကိုယ်တော်မှိုင်း နာယကအဖြစ်ဆောင်ရွက်တဲ့ကမ္ဘာ့ ငြိမ်းချမ်းရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ရှိတယ်။ လူငယ်ကျောင်းသားတွေလည်း ဒီလှုပ်ရှားမှုကြီးမှာ ပါခဲ့ကြတယ်။ မန္တလေးမြို့မှာ ကျင်းပတဲ့ အမျိုးသားလူငယ်ပွဲတော်တစ်ခုရဲ့ ကြွေးကြော်သံ ဆိုင်းဘုတ်တွေဟာ တကယ့်ကို အတုယူလေးစားဖို့
ကောင်းပါတယ်။ ဒီတုန်းက ကျွန်တော်တို့ရဲ့ နောင်တော်လူငယ်တွေ က “လူငယ်နှင့် ကျောင်းသားညီညွတ်စွာ စစ်ကို တားဆီးကြလော့” ဆိုတဲ့ ကြွေးကြော်သံကို ထောင်ခဲ့ကြ တယ်။ ကိုရီးယားနဲ့ဗီယက်နမ် စစ်ပွဲတွေရပ်ဖို့၊ စစ်ဝါဒဖြန့်ချီတဲ့ အလုပ်တွေကို တားဆီးကန့်ကွက်ကြဖို့၊ လက်နက်လျှော့ပေါ့ရေး အဏုမြူဗုံး လက်နက်ပိတ်ပင်ရေးအစရှိတဲ့ ငြိမ်းချမ်းရေး
တောင်းဆိုချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။

ကြေညာချက်တစ်ခုမှာဆိုရင် ကျွန်ုပ်တို့ လတ်တလော အလိုရှိသည်ကား_

(၁) ထမင်းသာဖြစ်သည် သေနတ်များမဟုတ်
(၂) အိမ်များသာဖြစ်သည် စစ်တန်းလျားများမဟုတ်
(၃) အ၀တ်အစားများသာဖြစ်သည် စစ်ယူနီဖောင်းများမဟုတ်

ဆိုတဲ့ ကြေညာချက်ကိုထုတ်ပြီး တိုင်ပြည်ကို တိုင်တည်ခဲ့ကြတယ်။

ဒီလို ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေဟာ တကယ်တော့ လွတ်လပ်ရေးရကာစ ပြည်တွင်းစစ် စတင်ဖြစ်ပွား လာကာစ ကတည်းကရှိခဲ့တာပါ။ ဥပမာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ကွန်မြူနစ်တွေတောခိုတော့ အစိုးရနဲ့ တောခိုသူတွေ မတိုက်ခိုက်ကြဖို့ တောင်းပန်တဲ့အနေနဲ့ စေ့စပ်ဖို့တိုက်တွန်းခဲ့တယ်။ သက်ကြီးဝါ ကြီး ဆရာတော်ကြီးတွေကို ဘုရားပေါ် ပင့်ပြီး ပြည်တွင်းစစ်ရပ်စဲကြဖို့ လုပ်ပါသေးတယ်။ ဒီတုန်းက ၀န်ကြီး ချုပ်လုပ်တဲ့ ဦးနုက စာမပြန်လို့ အဲဒီကြိုးပမ်းမှု ပျက်ခဲ့ ရတာလို့ ဆိုပါတယ်။

သည့်နောက်ပိုင်း ပြည်တွင်းငြိမ်းချမ်းရေး အတွက် ၁၉၆၃ ခုနှစ်ထဲမှာ ကြိုးပမ်းခဲ့ကြတာလည်း ရှိပါတယ်။ ဒီတုန်းက တိုင်းပြည်အာဏာ ကိုသိမ်းထားတဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းက တောတွင်းလက်နက်ကိုင် အဖွဲ့အ စည်းအားလုံးကို ဖိတ်ကြားပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီနှစ်ထဲမှာပဲ ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေ ပျက်ပြားခဲ့ပါတယ်။

အခုလည်း လက်ရှိအစိုးရကဦးဆောင်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်နေတာ တော်တော်လေး ခရီးပေါက်နေပြီ လို့ ဆိုနိုင် ပါတယ်။ အဓိကကျတဲ့ လက်နက်ကိုင် အဖွဲ့ အစည်းအများစုနဲ့ အပစ်အခတ်ရပ်စဲထားနိုင်တဲ့ အဆင့်အထိ
တော့ ရောက်လာခဲ့ပါပြီ။ ဒါ ပေမဲ့ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာတဲ့ အဆင့်အထိ မတက်လှမ်းနိုင်သရွေ့တော့ ကျွန်တော်တို့တိုင်းပြည်ဟာ ငြိမ်းချမ်းနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါကြောင့်မို့ နိုင်ငံရေး အရ ဆွေးနွေးတဲ့အဆင့် အထိ ရောက်ရှိလာ နိုင်အောင် ၀ိုင်းဝန်းကြရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ငြိမ်းချမ်းရေး အလားအလာကလည်း သိပ်ပြီးမကောင်းပါဘူး။ ကမ္ဘာကြီးဟာ နှစ်ပေါင်း ၅၀ အတွင်း သေနတ် မပေါက်တဲ့နေ့ရယ်လို့ မရှိခဲ့သေးဘူးလို့ ကမ္ဘာ့ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာသူတွေက ပြောထားတာရှိပါတယ်။ ကမ္ဘာ့စစ်ပွဲသာမရှိပေမယ့် ဒေသစစ်ပွဲတွေနဲ့ ဒေသတွင်းစစ်ပွဲတွေကတော့ နေရာအနှံ့ ဖြစ်နေဆဲပါပဲ။ အခုဆိုရင် ဆီးရီးယားကို အမေရိကန်က အချိန်မရွေးဝင်တိုက်ဖို့ စစ်သံပေးနေတာလည်း ရှိပါတယ်။ အာရှကျွန်းဆွယ် တစ်နိုင်ငံဖြစ်တဲ့ မြောက်ကိုရီးယားကဆိုရင် အဏုမြူဗုံး ထုတ်လုပ်နိုင်အောင် ကြိုးစားပြီး ကမ္ဘာကြီးကို ငှက်ဆိုးထိုးသံ
ပေးနေတာလည်း ကျွန်တော်တို့ကြားနေကြရပါတယ်။

စစ်ပွဲတွေ ထာဝရငြိမ်းသွားအောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အချက်ကတော့ မှန်းဆချက်အရပဲ ရှိပါသေးတယ်။ ဒေသ စစ်ပွဲတချို့ အသံတိတ်သွားစေတဲ့ ကြိုးပမ်းချက်တွေကရတဲ့ အဖြေကတော့ လူသားတွေ၊ တိုင်းနိုင်ငံတွေ၊ လူမျိုးတွေ တစ်ဦးနှင့် တစ်ဦး အပြန်အလှန်လေးစား၊ အပြန်အလှန်အသိအမှတ်ပြုပြီး ဘယ် ပြဿနာမျိုးကိုမဆို စားပွဲဝိုင်းနဲ့
ဖြေရှင်းတဲ့ နည်းဟာ စစ်ပွဲတွေရပ်တန့်စေ၊ ချုပ်ငြိမ်းစေတဲ့နည်းအဖြစ် မျက်မှောက်ခေတ်မှာ ယူဆကြပါတယ်။

ကမ္ဘာကြီးငြိမ်းချမ်းစေဖို့ ဒေသစစ်ပွဲတွေ ငြိမ်းစေဖို့နဲ့ ပြည်တွင်းစစ်တွေ နိဂုံးချုပ်မှသာ လူသားတွေရဲ့ လုံခြုံ ရေး၊ ကျန်းမာရေးနဲ့ စည်ပင်ဖွံ့ဖြိုးရေးကို အာမခံနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အားလုံး ကမ္ဘာ့ငြိမ်းချမ်းရေး အင်အားစုကြီး ဖြစ်လာစေရေး ၀ိုင်းဝန်းရပ်ကြဖို့ အခုလို ကမ္ဘာ့ငြိမ်းချမ်းရေးနေ့၊ စက် တင်ဘာလ (၂၁) ရက်မှာ နှိုးဆော် တိုက်တွန်းလိုက်ပါတယ်။