တိရစ္ဆာန်ရုံထိန်းရဲ့မယား သို့မဟုတ် သမ္မာကျမ်းလာ တားမြစ်သစ်ပင်တစ်ပင်

ပရင့်ထုတ်ရန်

                                                                   (က)

“မဟာပုရိသ၀ါဒ” နဲ့ “မဟာဣတ်္ထိယ၀ါဒ” အကြောင်းကို ခြေခြေမြစ်မြစ်တော့ ကျွန်တော်နားမလည်ပါဘူး။ ဒါပေမဲ့ ပုရိသပဲဖြစ်ဖြစ်၊ ဣတ်္ထိယပဲဖြစ်ဖြစ် ကိုယ့်ဘက်က တရားလွန်အခွင့်အရေးယူတဲ့ ကိစ္စဟူသမျှ ကျွန်တော်ကတော့ မနှစ်သက်ပါဘူး။

ဝန်ခံရမှာတစ်ခုတော့ ရှိပါတယ်။ လူသားရဲ့သမိုင်းမှာ မဟာပုရိသ၀ါဒဟာ အလွန်အင်မတန် သက်တမ်း ရှည်ကြာ ထွန်းကားနေတာကတော့ အမှန်ပါပဲ။ ဒါပေမဲ့လည်း မဟာဣတ်္ထိယ၀ါဒ ထွန်းကားတဲ့ခေတ်လည်း ရှိခဲ့ဖူးပါတယ်။ မဟာပုရိသ၀ါဒ ထွန်းကားတာ သက်တမ်းရှည်ကြာလွန်းတော့ မဟာပုရိသ၀ါဒရဲ့ မတရား လွန်ကဲတဲ့ ကိစ္စတချို့ဟာ တရားတဲ့ကိစ္စတွေအဖြစ် အသားကျလာခဲ့ကြပြီး လူများစုကြီးက မသိစိတ်နဲ့ လက်ခံလာကြရတဲ့ကိစ္စကတော့ ၀မ်းနည်းစရာပဲပေါ့။

မဟာပုရိသ၀ါဒ သက်တမ်းရှည်ကြာအောင်လွှမ်းမိုးနေလာနိုင်တဲ့ အချက်တွေထဲမှာ လူတွေအလုပ်တာဝန် ခွဲဝေ လုပ်ကိုင် လာတဲ့ခေတ်ရဲ့ တွန်းအားတွေ အများကြီးပါနိုင်မယ် ထင်ပါတယ်။ ခန္ဓာဗေဒအရ “ဖို ” က “ မ ” ထက်ပိုပြီး ခွန်အားရှိတဲ့ သဘောမို့  မိသားစုတစ်စုမှာပဲဖြစ်ဖြစ်၊ လူအုပ်စုတစ်စုမှာပဲဖြစ်ဖြစ်၊ “မ” ဟာ “ဖို ”လောက် အရေးမပါ အရာမမြောက်တဲ့သဘော သက်ဝင်လာခဲ့ပြီး မဟာဖိုဝါဒ၊ မဟာပုရိသ၀ါဒဟာ အထွတ်အထိပ်ကို ရောက်လာခဲ့တဲ့ သဘောပါပဲ။ မြေရှင်ပဒေသရာဇ်ခေတ်မှာတော့ မဟာပုရိသ၀ါဒဟာ အဲဒီခေတ်ရဲ့ အခြေခံဖိုဝါဒဆိုင်ရာ မူတစ်ခုဖြစ် လာခဲ့ပြီး “ဖို” နဲ့ “မ” အခွင့်အရေး နှိုင်းယှဉ်မှုအရ “ဖို” က “မ” ထက် အခွင့်အရေး အဆမတန် ရယူခဲ့ပါတော့တယ်။ လူ့ သမိုင်းမှာတော့ မြေရှင်ပဒေသရာဇ်ခေတ် ဟာ မဟာပုရိသ၀ါဒ အထွန်းကားဆုံး ဖြစ်ခဲ့ပါတယ်။

                                                                   (ခ)

မြန်မာ့သမိုင်းမှာ မဟာပုရိသ၀ါဒကို ဆန့်ကျင်ဝေဖန်ပြီး အမျိုးသမီးတွေရဲ့အခွင့်အရေးကိစ္စ ကျယ်ကျယ်
လောင်လောင် ပြောဆိုလာကြတဲ့ အခြေအနေဟာ မျက်မှောက်ကာလမှာ အကျယ်လောင်ဆုံးကြားရတဲ့ သဘောရှိ ပါတယ်။ ဒါဟာလည်း အခြေအနေမပေးသေးတဲ့ ပြည်တွင်းမှာမဟုတ်ဘဲ ပြည်ပရောက် မြန်မာအမျိုးသမီး အင်အားစု အတွင်းမှာ အခုလိုစတင်ပြောဆိုလာကြတာ ဖြစ်ပါတယ်။ ဒီလိုပြောဆို ဆွေးနွေး လာကြတာဟာ ကောင်းပါတယ်။ မနေ့တနေ့ကဆိုရင် စီမံလုပ်ကိုင်ခွင့်ဆိုင်ရာ အခန်းကဏ္ဍတွေမှာ အမျိုး သမီးတွေကို ရာခိုင်နှုန်းအတိအကျ သတ်မှတ်ရာထား တာဝန်ပေးသင့်၊ မသင့်ဆိုတဲ့ အကြောင်းအရာကို ပြောဆိုဆွေးနွေးကြတာကို ကြားရပါတယ်။

ကျွန်တော်တို့ဟာ မဟာပုရိသ၀ါဒ သက်တမ်းရှည်ကြာလွန်းစွာ အပေါ်စီးရယူနိုင်ခဲ့လို့ အမျိုးသမီးတွေ အလူးအလိမ့် ခံစားရတဲ့ သမိုင်းကြောင်းကြီးအတွက် စိတ်မကောင်းဖြစ်ကြရတော့ အမှန်ပါပဲ။ ဖိနှိပ်ခံခဲ့ကြရတဲ့ အမျိုးသမီးထုကြီး အတွက် ကျွန်တော်တို့တတွေ စာနာကြရမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မဟာပုရိသ၀ါဒ သက်တမ်းရှည်ကြာစွာ
နေရာယူလာခဲ့လို့ ဖိနှိပ်ခံကြရတဲ့ အမျိုးသမီးတွေက မဟာပုရိသ၀ါဒကို ဆန့်ကျင် ဝေဖန်ကြရာမှာ ခံစားချက်ကို
ရှေ့တန်းမတင်ဘဲ တရားအပေါ်မှာပဲ အခြေခံပြီး ပြောဆိုဆွေးနွေးသင့် တယ်လို့ ယူဆမိတယ်။

ခံစားချက်ကို အခြေခံရင် တရားကို ပွန်းပဲ့သွားနိုင်စေတာမို့ တရားနဲ့ ကင်းကွာတဲ့ တောင်းဆိုချက်တွေ၊ တရားနဲ့ ဆန့်ကျင်ဘက်ဖြစ်ကြတဲ့ အမြင်တွေရှိလာတတ်ပါတယ်။ အစွန်းတစ်ဖက်ကို ဝေဖန်ရင်း တခြား အစွန်းတစ်ဖက်
ချောက်ထဲ ကျသွားနိုင်ပါတယ်။ မဟာပုရိသ၀ါဒကို ဆန့်ကျင်ရင်း မဟာဣတ်္ထိယ၀ါဒ နွံထဲ ဆင်းသွားနိုင်ပါတယ်။ ဒါကို ကျွန်တော်တို့ သတိချပ်ရပါမယ်။

လူ့သမိုင်းမှာ ပုရိသ၀ါဒပဲဖြစ်ဖြစ်၊ ဣတ်္ထိယ၀ါဒပဲဖြစ်ဖြစ် ဘယ်ဝါဒ၊ ဘယ်စနစ်၊ ဘယ်သတ်မှတ်ချက်ပဲဖြစ်ဖြစ် တရားအပေါ်အခြေခံကြရပါမယ်။ တရားမျှတမှု၊ သဘာဝကျမှုတွေကို အခြေခံထား စဉ်းစားကြရပါ မယ်။

                                                                   (ဂ)

မဟာပုရိသ၀ါဒဟာ လူ့သမိုင်းမှာ ဘယ်ဝါဒမှ လိုက်မမီနိုင်လောက်အောင်၊ ထွန်းကားလာခဲ့တာတော့ အမှန်ပါပဲ။ မဟာဖိုဝါဒဟာ လူ့သမိုင်းမှာ သက်တမ်းအရှည်ကြာဆုံးထွန်းကားတဲ့ဝါဒ၊ ခွန်အားအကြီးဆုံးဝါဒ ဖြစ်ပါတယ်။ ယခု လက်ရှိကာလအထိ ထွန်းကားလျက်ရှိတဲ့ဝါဒ ဖြစ်ပါတယ်။ နောင်ဘယ်လောက်ကြာကြာ ဆက်လက် ထွန်းကားနေဦး မလဲ။

မဟာပုရိသ၀ါဒ အောက်မှာအမျိုးသမီးတွေ အလူးအလိမ့်ခံစားခဲ့ကြရပါတယ်။ ခံစားရတာကို ခံစားရတယ်လို့ မထင်မှတ်ရလောက်အောင်ကို ပြင်းထန်ညင်သာခဲ့ပါတယ်။ ဒီလို အပြင်းအထန်ခံစားခဲ့ရတဲ့ မှတ် တမ်းမှတ်ရာတွေ လည်း တစ်ပုံတစ်ပင်ကြီး ရှိပါတယ်။ ဒီအထဲမှာ အမေရိကန်ကဗျာဆရာမ “ ဆစ်လ်ဗီယာ ပလာသ် ” ကတော့ မဟာပုရိသ၀ါဒရဲ့ ဖိနှိပ်မှုဒဏ်ကို ကဗျာနဲ့ ဖော်ပြပြီး ကမ္ဘာ့အမျိုးသမီးထုရှေ့က ရှေ့နေလိုက်ခဲ့ဖူးပါတယ်။

အမျိုးသားတွေရဲ့ အမျိုးသမီးတွေအပေါ် လစ်လျူရှုမှု၊ ဖိနှိပ်မှုတွေကိုသူက ကဗျာစပ်ပြီး ဖော်ပြခဲ့တယ်။ ဖိနှိပ်ခံရသူ၊ လစ်လျူခံရသူ၊ အမျိုးသမီးတစ်ယောက်ရဲ့ခံစားချက်တွေကို ကဗျာနဲ့ ဖော်ပြခဲ့တယ်။ သူ့ရင် ထဲက အန်ထွက်ကျလာ တဲ့ ခံစားချက်၊ ၀န်ခံချက် (Confessional) ဟာ တိကျလွန်း၊ စည်းလုံးလွန်း၊ ပေါ် လွင်လွန်းလို့ စာဖတ်သူတွေ အသက်ရှူမ၀လောက်အောင်၊ ရင်တမမဖြစ်ရ လောက်အောင် ခံစားချက်တွေ လှိုင်းထန်ခဲ့ကြရပါတယ်။ သူ့ကဗျာတွေထဲမှာ မဟာပုရိသ၀ါဒရဲ့ ဖိစည်းမှုကို တွန်းလှန်ဖို့ ကြိုးစားတဲ့ စိန်ခေါ်သံတွေ ဟိန်းဟိန်းညံနေခဲ့ပါတယ်။

ဆစ်လ်ဗီယာ ပလာ့သ်ရဲ့ ကဗျာထဲမှာ အသုံးပြုခဲ့တဲ့ နိမိတ်ပုံတွေဟာ အင်မတန် ကြောက်စရာကောင်း လောက်
အောင် သစ်လွင်နေတာ၊ တိကျနေတာ တွေ့ရပါတယ်။ ဘ၀အပေါ် သူဘယ်လောက်ခံစားမှုတွေ နင့်သီးနေသလဲ ဆိုရင် သူကအင်မတန်အေးမြချမ်းငြိမ်းစေတဲ့ “ လ ” ကိုတောင်မှ “ ဥသေ ” ဆိုတဲ့ နိမိတ် ပုံမျိုး သုံးတတ်ပါတယ်။ ပုရိသနဲ့ ဣတ်္ထိယကို အရှင်နဲ့ အသေသဘောအထိ ရေးခဲ့ပါတယ်။ ပြင်ပမှာရှိတဲ့ ဗဟိဒ္ဓလောက၊ ဗဟိဒ္ဓဥတု၊ ဗဟိဒ္ဓ မိုးလေ၀သအခြေအနေထက် သူ့ခန္ဓာကိုယ်ထဲက၊ သူ့အတွင်း နက်နက် ထဲက အဇျတ္တလောက၊ အဇျတ္တမိုးလေ၀သ ကိုပဲ ရေးဖွဲ့ပါတယ်။

ဆစ်လ်ဗီယာ ပလာ့သ်ရဲ့ကဗျာထဲမှာ “သေကြောင်းကြံတဲ့မိန်းမ” “ယောက်ျားတွေကို အာခံတဲ့မိန်းမ” တစ်ခါတလေ မှာ သူဟာသူ့ ကိုယ်သူကိုယ်ပိုင်ဘ၀စစ်စစ်ကို ပိုင်ဆိုင်သူဆိုတာမျိုး၊ ဘယ်ယောက်ျားကိုမှ အားကိုးဖို့ မလိုတဲ့ “ပကတိ သန့်ရှင်းတဲ့မိန်းမ” “ယောက်ျား အညစ်အကြေး ကင်းရှင်းတဲ့မိန်းမ”ဆိုတာမျိုး တွေရေးခဲ့ပါတယ်။ ဒီလို (Confessional) ဆန်တဲ့ ကဗျာတွေကို ရေးနေတဲ့အချိန်ဟာ ၁၉၆၀ ခုနှစ်တစ် ၀ိုက်မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀)၀န်းကျင်ကပါ။

ဒီလိုနဲ့ ၁၉၃၂ ခုနှစ်မှာ မွေးတဲ့ ဆစ်လ်ဗီယာပလာ့သ်ဟာ အသက် (၃၁)နှစ်မှာပဲ ဖခင်နဲ့ကင်းကွာနေတဲ့ လူမမယ် သားသမီး နှစ်ယောက်ကို ထားရစ်ခဲ့ပြီး၊ မီးဖိုချောင်ထဲက၊ ဓာတ်ငွေ့ပိုက်ကိုရှူကာ ကိုယ့်ကိုယ် ကိုယ်သတ်သေ လိုက်ပါတယ်။ သူဟာ ၁၉၆၃ ခု၊ ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။

                                                                  (ဃ)

ကျွန်တော်ကတော့ မဟာပုရိသ၀ါဒကို အပြင်းအထန် ဝေဖန်ဆန့်ကျင်ပြီး မှန်ကန်တဲ့ ဣတ်္ထိယ၀ါဒကို ထူထောင်ဖို့ ကြိုးစားတဲ့ မျက်မှောက်ခေတ်မျိုးမှာ ဖြတ်သန်းကြီးပြင်းရတဲ့အတွက် ကျွန်တော့်အဖို့ ကျေနပ်ပါတယ်။ ဒီလို ကြိုးပမ်းကြသူတွေကိုလည်း လေးစား၊ လေးနက်မိပါတယ်။

မဟာပုရိသ၀ါဒက ဘယ်လောက်အထိ ဖိနှိပ်မှု ပြင်းထန်သလဲဆိုတာကတော့ သက်သေပြစရာတွေ တပုံ တပင်ရှိ ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ အမေရိကန် ကဗျာဆရာမ ဆစ်လ်ဗီယာပလာ့သ် ရဲ့ အဖြစ်က အဲဒီတစ်ပုံတစ်ပင်ကြီးထဲက တစ်ခုပါ။ ကဗျာရူးသွပ်သူတစ်ဦးအနေနဲ့ မဟာပုရိသ၀ါဒရဲ့ ဖိစီးမှုပြယုဂ်ကို ကဗျာဆရာ တစ်ယောက်ရဲ့ ဘ၀နဲ့ ဖော်ပြခွင့်ရလို့လည်း ကျေနပ်မိပါတယ်။

ဆစ်လ်ဗီယာ ပလာ့သ်က တင်စားပြောဆိုသွားခဲ့တဲ့ အဖြစ်ဆိုးနာကျည်းကြေကွဲဖွယ်ကောင်းတဲ့ “တိရစ္ဆာန်ရုံထိန်းရဲ့ မယား”၊ “ သမ္မာကျမ်းလာ တားမြစ်သစ်ပင်တစ်ပင်” ဆိုတဲ့ အမျိုးသမီးမျိုးရဲ့ ဘ၀မျိုး၊ အဖြစ်မျိုးတွေကို ကျွန်တော်တို့ မကြားရက်မမြင်ရက်တာလည်း အမှန်ပါပဲ။

ဒီစိတ်စေတနာကို အရင်းခံပြီး စာဖတ်သူတွေကို ဆစ်လ်ဗီယာပလာ့သ်ရဲ့ “တိရစ္ဆာန်ရုံထိန်းရဲ့ မယား” ကဗျာထဲက တစ်ပိုဒ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီကဗျာထဲက သမ္မာကျမ်းလာတားမြစ်သစ်ပင် တစ်ပင်ရဲ့  မုန်တိုင်းဆန် လှတဲ့ အော်သံဟစ်သံတွေကို စာဖတ်သူများ မလွဲမသွေ ကြားကြရပါလိမ့်မယ်။

တိရစ္ဆာန်ရုံထိန်းရဲ့ မယားမျိုသိပ်ထားတဲ့ မကျေနပ်ချက်တွေ
အချင်းချင်းတွန်းဝှေ့ တွန်းတိုက်သံတွေ
ကျွတ်ထွက်လာတဲ့ သွားတွေသွားတွေလို။

ဒါပေမယ့် ဒီကိစ္စကို ရှင်ဘယ်သိမလဲ ကျမရဲ့ ၀၀တုတ်တုတ် ၀က်ကြီးငဲ့၊
ကျမရဲ့ ခြင်ဆီလို အချစ်ကြီး၊
နံရံကိုပဲ မျက်နှာမူ ထားတဲ့ လူကြီးငဲ့။

နို့ တိုက်သတ္တ၀ါငယ် လှောင်ရုံထဲက
စိုထိုင်းထိုင်းလေသေထဲမှာ
မီးကျွမ်းထားသလို ခြေသည်းချိတ်တွေနဲ့ 
တွဲလောင်း ခိုကြတဲ့
ဝံပုလွေဦးခေါင်း သစ်သီးစားလင်းနို့တွေနဲ့
ရှင်ကျမကို ပိုးပန်းခဲ့တယ်။

သဲပုံထဲမှာ မှေးအိပ်နေတဲ့ သင်းခွေချပ်
ဝက်တကောင်လို ညစ်ညမ်း၊
အမွေးအမျှင်လည်း မရှိ။

မှီငြမ်း။ ။ ဇေယျာလင်း၏ ဆစ်လ်ဗီယာ ပလာ့သ်ဘ၀၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာစာအုပ်