တိမ်တွေပျော်တဲ့ မြို့ကလေး

ပရင့်ထုတ်ရန်

                                                                   (က)

ထိုင်းနိုင်ငံရဲ့ နယ်စပ်မြို့ကလေး။ ပြီးခဲ့တဲ့နှစ်,နှစ်ကပဲ မြို့ခံထိုင်းလူမျိုးတချို့က ဒီမြို့ကလေးရဲ့ မြို့သက်တမ်းနှစ် (၂၀၀)ပြည့် အထိမ်းအမှတ်အနေနဲ့ အခမ်းအနားတချို့ကျင်းပခဲ့ကြပါတယ်။ ကျွန်တော်တို့ဆီက အညာသူ အညာသား ရုပ်ရည်မျိုးရှိတဲ့ အဲဒီနယ်ခံ၊ မြို့ခံထိုင်းလူမျိုးတချို့က မိသားစုလိုက်အရက်ခွက် ကိုယ်စီမြှောက်ပြီး ဒီမြို့ကလေးရဲ့ ဂုဏ်ကို မြှင့်တင်ချီးကျူးလိုက်ကြပါတယ်။

အခု ကျွန်တော်ပြောပြချင်တဲ့ “မဲဆောက်” မြို့ဆိုတာက မြို့ရယ်လို့တည်ကာစက “မန်ချော့ဒ်” လို့ခေါ်ခဲ့ ကြတာပါ။ အဓိပ္ပါယ်က “လျင်မြန်ဖြတ်လတ်တဲ့မြို့” လို့ အဓိပ္ပါယ်ရပါသတဲ့။ နောင်အခါကျတော့မှ “မယ့် ဆော့ဒ်”ဆိုတဲ့ အမည်
ဖြစ်လာခဲ့ပြီး အဓိပ္ပါယ်ကလည်း အစွန်အဖျားကျတဲ့မြို့ဆိုတဲ့ အဓိပ္ပါယ်ကို ပြောင်းလာခဲ့တာပါ။

အခု ဒီဆောင်းပါးကိုရေးတဲ့အချိန်မှာ။ မဲဆောက်မြို့ကလေးရဲ့ ရာဇ၀င်ဟာထိုင်းနိုင်ငံထဲက တခြားဘယ် မြို့နဲ့မှ မတူတဲ့ လက္ခဏာရပ်တွေရှိခဲ့တဲ့မြို့အဖြစ် ရာဇ၀င်တွင်ဦးတော့မယ်ထင်ပါရဲ့။ အဲဒီလက္ခဏာရပ်တွေဟာ ထာဝစဉ် တည်မြဲမှာ မဟုတ်သည့်တိုင်ဘယ်ခေတ်၊ ဘယ်ကာလတုန်းကဖြင့် ဟောဒီမဲဆောက် မြို့ကလေးဟာ ဒီလိုဝိသေသ လက္ခဏာတွေအမှန်တကယ်ရှိခဲ့ဖြစ်ခဲ့တဲ့မြို့ဆိုတဲ့ သမိုင်းဝင်အဖြစ်အပျက်ကတော့ ဘယ်သူမှဖုံးလို့၊ ဖျက်လို့ မရအောင် ရှိကောင်းရှိလေဦးမှာလား။ ကျွန်တော် သက်ပြင်းချမိတယ်။

                                                                 (ခ)

မဲဆောက်မြို့ရဲ့ ထိုင်းလူမျိုး မြို့ခံလူဦးရေဟာ (ရှစ်သောင်း) ရှိပါတယ်။ ဒါပေမဲ့ဒီမြို့မှာ လာရောက်နေ ထိုင်တဲ့
မြန်မာနိုင်ငံသားဦးရေ (တစ်သိန်းခွဲ) ၀န်းကျင်းနဲ့ပေါင်းရင် ဒီကနေ့ မဲဆောက်မြို့လူဦးရေဟာ (နှစ် သိန်း) ကျော် ရှိတယ်လို့ ဆိုရမှာပါ။ ထူးခြားတဲ့လက္ခဏာကတော့ အဲဒီမြန်မာနိုင်ငံက လာရောက်နေတဲ့ မြန်မာနိုင်ငံသား (တစ်သိန်းခွဲ) ၀န်းကျင်အနက်က ၅၀ရာခိုင်နှုန်းကျော်ဟာ တရားမ၀င်လာရောက်နေ ထိုင်ကြသူများဖြစ်ပြီး လာနေတဲ့ မြန်မာနိုင်ငံသားလူဦးရေ အခြေအနေအရဆိုရင်သည့်ထက်တောင်မှ ပိုပြီးများစရာ အကြောင်း ရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့်မို့ ထင်ပါရဲ့။ မဲဆောက်မြို့တစ်မြို့လုံး ဘယ်နေရာ သွားသွား မြန်မာဈေးဆိုင်အနှံ့။
မြန်မာသီချင်းသံမကြားရတဲ့ လမ်းဈေးဆိုင်ဆိုတာလည်း မရှိသလောက်ပါပဲ။ မဲဆောက်ဈေးကြီး တစ်ခုလုံးရဲ့
ဈေးဆိုင်ခန်း ၅၀ ရာခိုင်နှုန်းခန့်ဟာ မြန်မာဈေးဆိုင်တွေချည်းပါပဲ။ တိုးပွားလာနေတဲ့ လူဦးရေနဲ့ကာမိအောင် မဲဆောက်မြို့မှာလူနေအဆောက်အအုံတွေကလည်း တစ်ဟုန် ထိုးတိုးလာနေပါတယ်။ ဆောက်လုပ်လက်စ တိုက်ခန်း၊ အိမ်မရှိတဲ့လမ်းရယ်လို့လည်း မရှိသလောက်ပါ ပဲ။ ထိုင်းလူမျိုး မိသားစုတိုင်းမှာ မြန်မာနိုင်ငံသား အိမ်စေ မရှိတဲ့အိမ် မရှိပါဘူး။ တရားဝင်အလုပ်သမား မှတ်ပုံတင်နဲ့ ဒါမှမဟုတ် ဘာလက်မှတ်မှမရှိတဲ့ မြန်မာစက်ရုံ အလုပ်ရုံ အလုပ်သမား (ရှစ်သောင်း) မိသား စုနဲ့အတူ လာရောက်နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားကလေးငယ်များအတွက် ဖွင့်လှစ်ထားတဲ့ စာသင် ကျောင်းက (၅၄)ကျောင်းရှိပါတယ်။ ဒါဟာ မူလတန်းကျောင်းကစပြီး အထက်တန်းအထိ ရှိတဲ့ ကျောင်း အားလုံးအရေအတွက်ဖြစ်ပြီး နေ့ကလေးထိန်းကျောင်းနဲ့ မိဘမဲ့ကလေးများကျောင်းတွေ မပါသေးပါဘူး။ ဒီအထဲက တချို့ကျောင်းတွေဟာ ကျောင်းအိပ်ကျောင်းစားကျောင်းသား လက်ခံထားတဲ့
ကျောင်းတွေပါ။ အခမဲ့ပညာရေး ဖြစ်ပါတယ်။ ထိုင်းဒေသအာဏာပိုင်များက သိလျက်နဲ့ မသိချင်ယောင်ဆောင်ပြီး
နေကြလို့ တရားဝင်မဟုတ်သည့်တိုင် ဒီစာသင်ကျောင်းတွေဟာ စနစ်တကျဖွင့်လှစ်ထားရှိ နေနိုင်ကြပါတယ်။

မနက်မိုးလင်းတာနဲ့ တစ်ပြိုင်နက် မြန်မာကျောင်းသားလေးတွေကိုတင်ဆောင်ပြီး ဥပဒေကို သွားလာနေ ကြတဲ့
ကျောင်းကြိုကားတွေထက်တောင်မှ များပြားနေပါသေးတယ်။ တစ်ချိန်တည်းမှာပဲ မဲဆောက်မြို့ရဲ့ လမ်းမများပေါ် မှာ ရပ်ကွက်တွေထဲက အိမ်ကြိုအိမ်ကြားတွေထဲမှာ မြို့လယ်ခေါင်ကဈေးကြီးတွေထဲမှာ ဆာလာအိတ်ကို ကိုယ်စီ ထမ်းပြီး စွန့်ပစ်ပစ္စည်းကောက်နေကြတဲ့ မြန်မာနိုင်ငံသား ကလေးငယ်များကိုလည်း နေရာအနှံ့တွေ့နေကြရပါတယ်။

                                                                  (ဂ)

မဲဆောက်ခရိုင်မှာ ထိုင်းကတရားဝင် ကြေညာတဲ့စာရင်းအရပြောရရင် အိမ်ရုံ၊ စက်ရုံ (၄၀၀)ကျော်ရှိပါတယ်။ မြန်မာ အလုပ်သမားဦးရေ ရှစ်သောင်းကျော်၊ စက်ရုံအမျိုးအစားတွေက စက်ချုပ်၊ စက်ဆွဲ၊ အများစုက စက်ချုပ်ရုံတွေပါ။ အိမ်ရုံတွေကျတော့ အလုပ်သမား ခြောက်ယောက်ခန့်ကနေပြီး ၂၀- ၃၀ အထိ၊ စက်ရုံကြီးတွေမှာကျတော့ အလုပ် သမား ၄၀၀ ခန့်ကနေပြီး ၃၀၀၀ ကျော် အထိရှိပါတယ်။ ကျွန်တော်တို့ အဖွဲ့က ခန့်မှန်းတာကတော့ အလုပ်သမား တစ်သိန်းကျော်ရှိမယ်လို့ ထင်ပါတယ်။ ဒီအလုပ် သမားအရေအတွက်က ပိုများပါတယ်။

ခင်ဗျားတို့က လက်ငင်းလိုက်လံကူညီပေးနေတဲ့ လုပ်ငန်းတချို့ရဲ့အခြေအနေ ကျွန်တော်တို့အဖွဲ့ကအခုဆိုရင် စက်ရုံကိုးရုံက အလုပ်သမားတွေ တရားရုံးမှာတရားရင်ဆိုင်နေတဲ့ကိစ်္စ၊ ဆာဝါဒီကန်လို့ခေါ်တဲ့ ထိုင်းအလုပ်သမား ၀န်ကြီး လက်အောက်အလုပ်သမားအခွင့်အရေး ကာကွယ်ရေးရုံးမှာ စက်ရုံပိုင်ရှင်နဲ့ အလုပ်သမား ညှိနှိုင်းစေ့စပ်တဲ့ ကိစ္စ ၀င်ကူပေးနေတာက စက်ရုံလေးရုံရှိပါတယ်။ ဒါကတော့ မဲဆောက်မြို့မှာ မြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့၊ တာ ၀န်ရှိသူတစ်ဦးနဲ့ ကျွန်တော် ပြောခဲ့ဆိုခဲ့ကြတဲ့ စကားတွေပါ။ သူတို့အဖွဲ့နည်းတူတခြား မြန်မာအလုပ် သမားအဖွဲ့ ငါးဖွဲ့ကလည်း အလုပ်သမား အခွင့်အရေး ကိစ္စတွေကို အင်တိုက်အားတိုက်ပါဝင်ကူညီဖြေရှင်း နေကြတာပါတယ်။ ဒါပေမဲ့လည်း ဒီမြန်မာအလုပ်သမား အဖွဲ့တွေဟာ ထိုင်းအစိုးရနဲ့ တရားဝင်ခွင့်ပြုချက် နဲ့ ဖွဲ့စည်းဆောင်ရွက်နေတဲ့ အနေအထားတော့ မရှိကြပါဘူး။

ဒါကြောင့်မို့ မြန်မာအလုပ်အမားတွေရဲ့အခက်အခဲကို ကူညီဆောင်ရွက်ကြရတဲ့အခြေအနေ အဆင့်ဆင့်တိုင်းမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို သူတို့တစ်တွေမလွဲမသွေ ဖြတ်သန်းကြရပါတယ်။ ထိုင်းစက်ရုံ ပိုင်ရှင်တွေက
မြန်မာအလုပ်သမားတွေအပေါ် နည်းအမျိုးမျိုးနဲ့ ဖိနှိပ်သွေးစုပ်လုပ်ကိုင်နေကြတဲ့ သတင်းတွေက မကြားချင်အဆုံးပါ။ ဒါပေမဲ့လည်း သူတစ်ပါးနိုင်ငံမှာဖြစ်သည့်တိုင် မြန်မာအလုပ်သမားတွေ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခွင့်အရေးကို ဥပဒေအရတောင်းဆိုပိုင်ခွင့် တစ်စုံတစ်ရာရရှိနေတဲ့ အနေအထားမျိုးဟာ ကျွန်တော်တို့ နိုင်ငံ အတွင်းမှာ အရိပ်အယောင်တောင်မျှမရရှိနိုင်တာကို တွေးမိတော့လည်း ကျွန်တော့်မှာ နည်းနည်းတော့ စိတ်ဖြေလို့ ရပါတယ်။

                                                                   (ဃ)

မဲဆောက်မြို့ကလေးဆီကို မြန်မာနိုင်ငံသားတွေဟာ အိပ်မက်တွေကိုယ်စီနဲ့ ရောက်လာခဲ့ကြတာပါ။ ဒီ မြို့ကလေးရဲ့ ရင်ခုန်သံထဲမှာ သူတို့အိမ်မက်တွေကို မြှုပ်နှံရင်းအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ကြတာပါ။ အချိန်နဲ့အမျှ ပြောင်းလဲသွားတက်တဲ့ ဒီမြို့လေးရဲ့ရင်ခုန်သံထဲမှာ မြန်မာနိုင်ငံသား တွေရဲ့ အိပ်မက်တွေဟာ အရောင်မျိုးစုံနဲ့ နေခဲ့ပါတယ်။ အသံမျိုးစုံကြားနေခဲ့ရပါတယ်။

ဆိုပါတော့ လွန်ခဲ့တဲ့ငါးနှစ်လောက်ကဆိုရင် ထွန်းထွန်းလို့ခေါ်တဲ့ မြန်မာနိုင်ငံသား လူငယ်တစ်ယောက်ဟာ ဥရောပ တိုက်သား တစ်ယောက်နဲ့ ထိုင်းလူမျိုးငါးယောက်ကိုသတ်ပြီး သေနတ်နဲ့ပိုက်ဆံတွေယူခဲ့ပါ တယ်။ လွန်ခဲ့တဲ့သုံးနှစ်
လောက်ကတော့ မြန်မာနိုင်ငံသား အသက်(၁၄)နှစ်အရွယ် မိန်းကလေးနှစ်ဦးက ထိုင်းအိမ်ရှင် အမျိုးသမီးနဲ့ (၈) လ သား အရွယ် ကလေးကိုသတ်ဖြတ်ပြီး ပစ္စည်းတွေယူခဲ့ပါတယ်။ သူတို့နှစ် ဦးအနက်တစ်ဦးသေဒဏ် တစ်ဦး ထောင်
တစ်သက်ကျခံရပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက်ကတော့ မြန်မာအလုပ်သမား ခုနစ်ယောက်ကို ထိုင်းလူမျိုးတွေ က မီးရှို့ပြီးသတ်ခဲ့ပါတယ်။

ဒီလိုရာဇ၀တ်မှု ကျူးလွန်မိခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေ ကျူးလွန်ခံခဲ့ကြရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ သတင်းဟာ ဒီမြို့ကလေးမှာတော့ နေ့စဉ်ကြားနေရတဲ့ သတင်းတွေပါပဲ။ အထူးသဖြင့်တော့ တရားမ၀င် လာရောက်နေထိုင်
ကြရတဲ့သူတွေဖြစ်တဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းတွေရဲ့ မတရားအနိုင်ကျင့်မှုကို ခံကြရတာများပါတယ်။ ဒီလို အနိဋ္ဌာနရုံတွေကြားထဲကပဲ လမ်းဘေးမှာထိုင်းတွေက ၀ိုင်းရိုက်ပြီးပစ်ထားခဲ့ တဲ့ မြန်မာနိုင်ငံသားတစ်ဦးကို လမ်းသွားလမ်းလာထိုင်းလူမျိုးတွေကပဲ ဆေးရုံအချိန်မီ ပို့ပေးလိုက်လို့ အသက်ချမ်းသာရာရတဲ့ သတင်း၊ မြန်မာ
နိုင်ငံသားတွေအပေါ် စေတနာနဲ့ လိုက်လံကူညီပေးနေတဲ့ ထိုင်း အဖွဲ့အစည်းတချို့ရဲ့ သတင်းတွေကိုလည်း ကြားရတတ်ပါတယ်။ ဘာလိုပဲဖြစ်ဖြစ် မဲဆောက်မြို့မှာ အိပ် မက်တွေတစ်ပွေ့တစ်ပိုက်နဲ့ ရောက်လာကြတဲ့
မြန်မာနိုင်ငံသားတွေဟာ အိမ်မက်တွေထဲမှာဆက်ပြီး အိပ် မက်နေစေဖို့ဆိုရင် သွားသတိ၊ လာသတိ၊ ပြောသတိ ရှိဖို့လိုတယ်ဆိုတာကတော့ မငြင်းနိုင်ကြပါဘူး။ သတိလက်လွတ်နေကြသွားကြရင်းက အိပ်မက်တွေပြိုကွဲပြီး လမ်းခုလတ်မှာတင် ငရဲဘုံရောက်ကြရသူ တွေလည်း မနည်းတော့ပါဘူး။

မှန်ပါတယ်။ ဒီမြို့ကလေးမှာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အိပ်မက်တွေဆက်ပြီး မက်ခွင့်ရနိုင်ပါ တယ်။ အစစအရာရာအလုပ်အကိုင် အခွင့်အလမ်းဝင်ငွေအခြေအနေ နေထိုင်မှုအစားအသောက်ရာသီ ဥတုကအစ၊ ကိုယ့်တိုင်းပြည် ကိုယ့်ရပ်ဒေသထက်ပိုပြီး စိတ်ကူးယဉ်လို့ကောင်းတဲ့ အိမ်မက်တွေ မက်ခွင့်ရှိတဲ့ မြို့ကလေး ဆိုတာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ လမ်းတကာလှည့်ပြီး အမှိုက်ကောက်ရတဲ့ ကလေးတွေ၊ တောင်းရမ်းစားသောက်
နေသူတေ၊ွ တရားဝင်ဖွင့်တာရော၊ ခိုးပြီးဖွင့်တာရော ၃၀ ကျော်ရှိတဲ့ ဇိမ်ခန်း တွေထဲက မြန်မာအမျိုးသမီးလေးတွေ၊ စက်ရုံတစ်ခုပြီးတစ်ခုပြောင်းပြီး သစ်ရွက်တွေလို လွင့်ပါးနေကြရတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ၊ တစ်ကမ္ဘာ လုံးရဲ့ မျက်ကွက်ပြုရာ ကူသူကယ်မဲ့စွာမျက်ရည်နဲ့ ဒူး သုတ်နေကြရတဲ့ အိမ်ဖော် မိန်းကလေးတွေရဲ့ ပုံရိပ်တွေကို
တော့ သူတို့အိပ်မက်တွေထဲမှာ မရှိစေချင်ပါ ဘူး။ နောင် နှစ် ၁၀၀ လောက်ရှိတဲ့အခါ ဟောဒီမဲဆောက်မြို့ ကလေးရဲ့ ရာဇ၀င်မှာ ဟိုတစ်ချိန်တုန်းက ဖြင့်ဒီမြို့မှာ မြန်မာနိုင်ငံသားတွေရဲ့ နိဗ္ဗာန်ဘုံ သို့မဟုတ် ငရဲဘုံတစ်ခု
ဖြစ်ခဲ့၊ ရှိခဲ့ဖူးတယ်ဆိုတဲ့ ၀ိသေသ လက္ခဏာကို ပြောနေဆိုနေကြဦးမှာလားဆိုတဲ့ အတွေးကတော့ ကျွန်တော့်
နှလုံးသားကို နင်းချေနေသလိုပါပဲ။

တစ်ခုတော့ရှိပါတယ်။ မဲဆောက်မြို့ကလေးဆီကို တိမ်တွေလိုရောက်လာကြပြီး အိပ်မက်တွေနဲ့ စိတ်ကူးယဉ်
ပျော်မွေ့နေကြတဲ့ မြန်မာနိုင်ငံသားအားလုံးဟာ တစ်နေ့တစ်ချိန်ချိန်မှာတော့ ကိုယ့်နိုင်ငံကိုယ့်ဒေသ မှာ ပြန်လာ
နေထိုင်ခွင့် ရလာနိုင်ကြဦးမှာပါလို့ပဲ မျှော်လင့်ရပါတယ်။