ပျူခေတ်လက်ရာ ရတနာအပ်နှံသူများကို ထိုက်တန်မြန်ဆန် ဂုဏ်ပြုရန်လိုပြီ

ပရင့်ထုတ်ရန်

“ပျူခေတ် ရှေးဟောင်းရွှေထည်နှင့် ငွေထည်ပစ္စည်း တွေ့ရှိသူများအား ဆုချီးမြှင့်မည်” ဆိုတဲ့ မင်္ဂလာသတင်း
ခေါင်းစဉ်ကို 7 Day Daily (သောကြာ၊ ဂျူလိုင် ၂၆၊ ၂၀၁၃) ထဲမှာ ဖတ်လိုက်ရတော့ စာရေးသူအဖို့ ကြည်နူး ၀မ်းမြောက်မိပါတယ်။ ဒါဟာ ဒီမိုကရေစီနိုင်ငံတော်သစ်ရဲ့ ဂုဏ်ကိုမြှင့်ပေးနိုင်သလို ဖတ်ရသူတွေအဖို့လည်း ၀မ်းမြောက်စရာပါ။ ခေတ်မီနိုင်ငံကြီးတိုင်းမှာ မိမိတို့နိုင်ငံရဲ့ ရှေးဟောင်းအမွေအနှစ်တွေကို မြတ်မြတ်နိုးနိုး တန်ဖိုးထားတတ်ကြသလို ထိုက်ထိုက်တန်တန် ၀ယ်ယူစုဆောင်းတက်ကြပါတယ်။ ပြီးကြီး ကြီးမားမား ပြတိုက်ကြီး
တွေထဲမှာ ခန်းခန်းနားနား ပြသထားလေ့ရှိခဲ့ကြတာကြာမြင့်လှပါပြီ။

ပြင်သစ်နိုင်ငံမှာဆိုရင် ဒုတိယကမ္ဘာစစ် မီးစတင်တောက်လာမယ့် အရိပ်နိမိတ်တွေ မြင်ရကတည်းက ပါရီ မြို့တော် က “လုဗ်ပြတိုက်” ကြီးအပါအ၀င် တစ်နိုင်ငံလုံးမှာရှိကြတဲ့ ပြတိုက်တွေအားလုံးကို ပိတ်လိုက်ပါတယ်။ ပြီးမှအစိုးရရဲ့ အစီအစဉ်အရ ပြတိုက်ဝန်ထမ်းတွေဟာ တန်ဖိုးကြီးရှေးဟောင်းပစ္စည်းတွေကို ဘေးကင်းလုံးခြုံရာ အရပ်တွေဆီကို လျှို့ဝှက်ပို့ဆောင်ကြတယ်။ တောင်စောင်းတွေမှာ လိုဏ်ခေါင်းတွေတူးပြီး စနစ်တကျ သိုဝှက်ကြတယ်။ ဒီအကြောင်း
တွေကို တာဝန်ရှိသူတိုင်းက သစ္စာရှိရှိ နှုတ်လုံလုံနဲ့နာဇီခေတ် တစ်လျှောက်လုံး ကျော်ဖြတ် ထိန်းသိမ်းနိုင်ခဲ့ကြတယ်။ အဲစစ်ကြီးပြီးမှ လိုဏ်ဂူတွေကို ပြန်ဖွင့်ပြီးမူလပြ တိုက်တွေထဲမှာ လက်ရာမပျက်ပြန်လည် ပြသနိုင်ခဲ့ကြတယ်။ ဒါကြောင့် အခုထက်တိုင် သူတို့ပြည်သူတွေ ရော နိုင်ငံတကာ ပြည်သူတွေပါ ကြည့်ရှုလေ့လာနိုင်ခဲ့ကြခြင်း
ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာလည်း လွတ်လပ်ရေးရပြီးချိန်ကတည်းက “အမျိုးသားပြတိုက်” ကိုထူထောင်ပြီး မြန်မာ့
ရှေးဟောင်းပစ္စည်းတွေကို စုဆောင်းထိန်းသိမ်းပြသနိုင်ခဲ့ကြပါတယ်။ ရှေးဟောင်းသုတေသန မျိုးစေ့ကိုတော့ ကိုလိုနီခေတ်က နိုင်ငံခြားပညာရှင်တွေ ဖြစ်ကြတဲ့ “ဒေါက်တာဗလက်ဒင်”  “ဒေါက်တာဖိုးချမ်းမား”  “ဒေါက်တာဂျီ၊ အိပ်(ခ်ျ)လုစ်” စတဲ့ ပုဂ်္ဂိုလ်များက စတင်ချပေးနိုင်ခဲ့တဲ့ ကျေးဇူးရှိပါတယ်။ ““မစ္စတာတော်စိန်ခို” “ကျောက်စာ ၀န်ဟောင်းဦးမြ” နဲ့ “ဆရာကြီးဦးဖေမောင်တင်” စတဲ့ မြန်မာနိုင်ငံသား ပညာရှင်များကလည်း လက်ဆင့်ကမ်း
ဆောင်ရွက်ပေးနိုင်ခဲ့ကြလို့ “ရှေးဟောင်းသုတေသနဌာန” ဟာ ယခုလောက် အောင်မြင်နေခြင်း ဖြစ်တယ်ဆိုတာ မငြင်းနိုင်ပါ။ ဆက်လက်ပြီး ဆရာဦးစိန်မောင်ဦး၊ ဦးမြင့်အောင်၊ ဦးမွန် ဘိုကေ၊ ဦးသန်းဆွေ (ယခု ဒု-၀န်ကြီး ယဉ်ကျေးမှု ၀န်ကြီးဌာန) တို့ရဲ့ ကြိုးစားဆောင်ရွက်ခဲ့မှုတွေကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်ကြရမှာပါ။

မြန်မာနိုင်ငံမှာ အခြားမြို့အနည်းငယ်မှာ ပြတိုက်တွေဖွင့်ထားကြပေမယ့် ခေတ်မမီပါ။ “ဘုရားပြတိုက်” မျိုးတွေ သာများပါတယ်။ ပျူမြို့တော်ဟောင်း “သရေခေတ္တရာပြတိုက်” ကို လေ့လာဖူးပါတယ်။ စနစ်ကျနပေမယ့် မစုံလင်ပါ။ တန်ဖိုးကြီးပစ္စည်းတွေကို အဲဒီတုန်းက “ရန်ကုန်အမျိုးသားပြတိုက်” ကို ပို့လိုက်ရလို့ပါ။ “ဗိဿနိုးပြတိုက်” ကိုတော့ ခုထိ မရောက်ဖူးသေးပါ။ “ဟန်လင်း” မှာတော့ ဒေသခံဆရာတော် အဆက်ဆက်က ဖွင့်ထားတဲ့ ပြတိုက်တစ်ခု ရှိပါတယ်။ ဆရာတော် “ဦးနာဂ” က စတင်စုဆောင်းခဲ့ပြီးအခု “ဦးတေဇနိယ” (ညောင်ကိုးပင်ကျောင်းတိုက်) က ဆက်လက် ထိန်းသိမ်းစောင့်ရှောက် ပြသပေးနေတာ တွေ့ခဲ့ရပါ တယ်။ “ပုဂံပြတိုက်သစ်ကြီး” ကတော့ ပစ္စည်း စုံလင်ပြီး ပြသထားပုံက အဆင့်မီတယ်။

သည်နှစ်ပိုင်းတွေမှာ ဆက်တိုက်ဆိုသလို ပျုခေတ်လက်ရာ ရွှေထည်ငွေထည် လက်ဝတ်ရတနာတွေကို
တွေ့ရှိခဲ့ပါတယ်။ ၂၀၁၂ ဇွန် (၂၈) က မကွေးတိုင်းမင်းဘူးမြို့နယ် “ကျီးပင်ကန်” ရွာသား ဦးတင်ထွန်းဟာ ထွန်ယက် ရရှိခဲ့ ဖူးပါတယ်။ ၂၀၁၃၊ မေ(၁၈)နေ့မှာလည်း မင်းဘူးမြို့နယ်က ““လက်ခုတ်ကုန်းရွာ”” အနီးမှာ
ရေနံပိုက်လိုင်းတူးနေတုန်း မြေသယ်သမ “မကေဇင်” ဟာ (နဂါးခေါင်းနဲ့ အမြီးပါ) ပျူ လက်ကောက် တစ်ဖက် (၁၆ ကျပ်သား) ကိုရရှိခဲ့ပါတယ်။ အားလုံးဟာ ရွှေသားစစ်စစ်ချည်းဖြစ်ကြပါတယ်။ (နိုင်ငံတော်ကို အပ်နှံပြီး၊ တန်ဖိုး သုံးဆကျော် ဆုငွေချီးမြှင့်ပြီးဖြစ်တယ်။)

ဟောအခုလည်း နှစ်ပေါင်း (၂၀၀၀) လောက် သက်တမ်းရှိတယ်လို့ ပညာရှင်တွေက ယူဆရတဲ့ ပျူခေတ် လက်ရာ
ရွှေထည်၊ ငွေထည်ပစ္စည်းတွေ တွေ့ရှိခဲ့ပြန်ပါပြီ။ မြင်းမူမြို့နယ် သမန္တောကျေးရွာက “ဦးသန်းဇော်” က ယာထွန်ရင်း
တွေ့ခဲ့တာပါ။ ရွှေဘယက်၊ ရွှေပုတီးလုံးဆွဲကြိုး၊ ရွှေပြား (အလယ်စက်ဝိုင်းဖောက်) ဆွဲကြိုး၊ ရောင်စုံကျောက်ပုတီး” စတဲ့ ရွှေထည်ကျောက်ထည်တွေအပြင် ငွေဇလုံသုံးလုံးလည်း ပါ,ပါတယ်။

“တွေ့ရှိသူဟာစာရေးသူရဲ့ တပည့်ဟောင်းတစ်ဦး (သို့မဟုတ်) မိတ်ဆွေဟောင်းတစ်ဦး ဖြစ်နေလိမ့်လေမလား” လို့ အော်မိလိုက်ပါတယ်။ ဘာကြောင့်ဆိုတော့ (၁၉၇၂) ကနေ (၁၉၈၅) ခုနှစ်အထိ စာရေးသူဟာ “တောချောင်း ဦးရွာ” အလယ်တန်းကျောင်း (ယခုတွဲဘက် အထက်တန်းကျောင်း) မှာ (၁၃) နှစ်တိုင်တိုင် ပညာရေးတာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။ “သမန္တောရွာ” နဲ့ “တောချောင်းဦး” ရွာနှစ်ရွာက နှစ်မိုင်ခန့်သာ ဝေးကွာပါတယ်။ “သမန္တောရွာ” က အရှေ့ဘက်မှာရှိပါတယ်။ “တောချောင်းဦးရွာ” က တိုက်နယ်ရွာကြီး ဖြစ်လို့ (၁၉၇၂) မှာ အလယ်တန်းကျောင်းအဆင့် တိုးမြှင့်ဖွင့်ပေးခံရတော့ တာဝန်ခံကျောင်းအုပ်အဖြစ်နဲ့ ရောက်ရှိလာခဲ့ခြင်း ဖြစ် ပါတယ်။ “သမန္တောရွာ” က မူလတန်းကျောင်းက စတုတ္ထတန်းအောင်မြင်သူတွေ ဟာ စာရေးသူတို့ကျောင်းကို
နှစ်စဉ်ရောက်လာပါတယ်။ ဒါကြောင့် ကျောင်းသားကိစ္စ သာရေးနာရေးကိစ္စတွေ ရှိတိုင်း “သမန္တေရွာ” ကို ရောက်ခဲ့ ရတာမကြာခဏပါ။ အဲဒါကြောင့် အဲဒီသတင်းကိုဖတ်ပြီး ရင်ခုန်မိခဲ့ ရခြင်း ဖြစ်ပါတယ်။

စာရေးသူ အဲဒီဒေသမှာရှိစဉ်ကလည်း “သမန္တော”၊ “ပဒတ္ထုင်း”၊ “ဂရု”၊ “ပဉ္စကုံး”၊ “ညောင်ပင်ကန်”၊ “ကုံးရွာ”၊ “ရွှေယင်းမာ”၊ ပဲတောင်း၊ လက်ပန်တစ်ဝိုက်မှာ ရွှေတုငွေစအနည်းငယ်စီရရှိခဲ့ဖူးတဲ့ သတင်းတွေကြား သိခဲ့ရဖူး ပါတယ်။ ဒါပေမဲ့ အခုလောက် လက်ရာမြောက်ရတနာတွေ များများစားစား မရခဲ့ဖူးကြပါ။ (ရခဲ့ပေမယ့် သတင်းမရ တာလည်း ဖြစ်နိုင်ပါတယ်။)

မြင်းမူနယ်ဟာ ရှေးဟောင်းပစ်္စည်း ကြွယ်ဝ တဲ့ဒေသ ဖြစ်ပါတယ်။ ကျောက်ခေတ်လယ်၊ ကျောက်ခေတ်နှောင်း
ကျောက်လက်နက်မျိုးစုံ ရရှိစုဆောင်းခဲ့ဖူးပါတယ်။ ရွာတွေက ကျောင်းလာတက်တဲ့ ကျောင်းသားတွေကို ဗဟုသုတပေးပြီး စုဆောင်းတာပါ။ တွေ့ရှိသူ တွေ့ရာနေရာ၊ နေ့စွဲတွေ ရေးမှတ်ထိန်းသိမ်းခဲ့ပါတယ်။ နောင်မှာ မန္တလေးယဉ်ကျေးမှု ပြတိုက်မှူး “ဒေါ်တင်လှ” ထံ ပေးပို့လှူဒါန်းခဲ့ဖူးတယ်။ အဲသည်တုန်းက “ဆရာဦးဝင်းတင်” အယ်ဒီတာချုပ် လုပ်ပြီးမန္တလေးမှာထုတ်ဝေနေတဲ့ ဟံသာဝတီသတင်းစာထဲမှာ သတင်းနဲ့ဓါတ်ပုံ ပါခဲ့ဖူးပါတယ်။

အခုသတင်းထဲမှာ ဦးသန်းဇော်က မြင်းမူမြို့က ရွှေဆိုင်တစ်ဆိုင်ကို သွားရောင်းတယ်။အဲဒီရွှေဆိုင်ကမ၀ယ်လို့ မန္တလေးမြို့က ရွှေထိပ်ဦးရွှေဆိုင်ကို ဇူလိုင် (၂၂) ရက်က သွားရောင်းဖို့ ပစ္စည်းတွေကို ပြသခဲ့သတဲ့။ ရွှေဆိုင်ပိုင်ရှင် က ဗဟုသုတပြည့်စုံသူဖြစ်လို့ တိုင်းမှုခင်းအကူဌာနထံ အကြောင်းကြားလိုက်တယ်။ အဲသည် ကမှတစ်ဆင့် အမျိုးသားပြတိုက်နဲ့ စာကြည့်တိုက်ဦးစီးဌာနက ပညာရှင်တွေကို ပြသစစ်ဆေးစေသတဲ့။ သည်အခါမှာ ပျူခေတ် လက်ရာ ရှေးဟောင်းပစ္စည်းတွေ ဖြစ်နေကြောင်းသိရှိရသတဲ့။ ဒါကြောင့် ကိုသိန်းဇော်က ဦးစီးဌာနထံ အပ်နှံခဲ့ပါ သတဲ့။ ရှေးဟောင်း သုတေသနဌာန ဒု- ညွှန်မှူး ဦးညိုမြင့်ထွန်းက ဒီပစ္စည်း တွေကို နေပြည်တော်က ယဉ်ကျေးမှု ၀န်ကြီးဌာနထံ ပေးပို့အပ်နှံထားပြီးပါပြီ။ အမျိုးသားပြတိုက်မှာ ပြသထားပြီး အများပြည်သူတွေ လေ့လာ ကြည့်ရှုနိုင်အောင် ဆောင်ရွက်ထားပါမယ်ဆိုတဲ့ သတင်းကလည်း နောက်ဆက်တွဲ မင်္ဂလာသတင်းကောင်းပါပဲ။

ရှေးဟောင်းလက်ရာ ရွှေထည်ငွေထည်တွေဟာ ကာလပေါက်ဈေးသိန်း (၃၀၀) ကျော်တန်ဖိုး ရှိကြောင်း တွေ့ရှိ သူကို ခေတ်ကာလတန်ဖိုးအပြင် ဆုကြေးငွေကိုပါ ၀န်ကြီးဌာနက ဆုအဖြစ်ပေးအပ်မယ်ဆိုတဲ့ သတင်းကိုလည်း ထပ်လောင်းသိရှိရလို့ မြင်သာထင်သာသတင်းအဖြစ် စိတ်ချမ်းမြေ့ရပါတယ်။

ဒါပေမဲ့ စစ်ဆေးမယ့်ကာလ ကြာမြင့်မည်ဖြစ်၍ မည့်သည့်အချိန်ပေးမည်ကို ပြောဆိုနိုင်ခြင်းမရှိသေးဆိုတဲ့ သတင်း စကားကတော့ စာရေးသူအဖို့ သိပ်ဘ၀င်မကျမိပါ။ ရှေးဟောင်း သုတေသနဌာနမှာ ပညာရှင်တွေ များနေပါပြီ။ ပျူလက်ရာကို စီစစ်သုံးသပ် အဖြေထုတ်နိုင်သူတွေ ရှိနေပါပြီ။ လက်ရှိယဉ်ကျေးမှု ဒု-၀န်ကြီး ဆရာဦးသန်းဆွေဆိုရင် ပျူမြို့ဟောင်းတွေကို လက်တွေ့ကွင်းဆင်း တူးဖော်ခဲ့သူ အစီရင်ခံစာတွေရေးခဲ့ တဲ့သူ၊ ပြည်တွင်းမှာရော
နိုင်ငံရပ်ခြားမှာပါ စာတန်းတွေ ဖတ်ခဲ့ဖူးသူဖြစ်နေလို့ပါ။

ကျေးလက်ပြည်သူတွေဟာ ရိုးသားကြ သလောက် ပညာတတ်သူ အလွန်နည်းပါးလှပါတယ်။ မိမိတို့ ကံအရ
တွေ့ရှိတဲ့ရွှေငွေရဲ့ ငွေကြေးတန်ဖိုးလောက်သာသိကြပါတယ်။ ရှေးဟောင်းသုတေသန ပညာမသင် ဖူးကြတော့
ရှေးဟောင်းပစ္စည်းရဲ့ တန်ဖိုးအစစ်ကို မသိကြသေးပါဘူး။ တချို့ဆိုရင် ရွှေဆိုင်တွေကရွှေကို ကြေးလို့ပြောပြီး
ဈေးနှိမ်ဝယ်ယူလိုက်တာမျိုးတွေလည်း ရှိခဲ့ဖူးပါတယ်။ သူတို့ခမျာ မှတ်ကျောက်မှ မကြည့် တတ်ကြပဲကို။ ဒါ့အပြင် အခုကိစ္စမှာလည်း မြင်းမူကရွှေဆိုင်နဲ့ ရွှေထိပ်ဦးရွှေဆိုင်တွေက ရွှေဆိုင်ပိုင်ရှင်တွေရဲ့ အမြင်ကျယ်မှုကြောင့်သာ
ရှေးဟောင်းလက်ရာတွေ ၀န်ကြီးဌာနထံ ရောက်သွားခြင်းဖြစ်ပါတယ်။ (အပ်နှံသူအပြင် ရှေးဟောင်းလက်ရာရွှေငွေ ပစ္စည်းတွေ မ၀ယ်ကြတဲ့ ရွှေဆိုင်ပိုင်ရှင်တွေကိုလည်း ဆုကြေးငွေနဲ့ ဂုဏ်ပြုလက်မှတ် ချီးမြှင့်ထိုက်ပါပြီ။) ဒါမှလည်း
နောင်အခါမှာ ရှေးဟောင်းအနုပညာလက်ရာ ရွှေထည်ငွေ ထည်ပစ္စည်းတွေကို အပ်နှံသူတွေကလည်း ရဲရဲဝံ့ဝံ့ အပ်နှံပြီး ဆုကြေးငွေကို ထိုက်ထိုက်တန်တန် ရယူလာရဲ ကြမှာဖြစ်ပါတယ်။ ရွှေဆိုင်ပိုင်ရှင်တွေက ခိုးကြောင်ခိုးဝှက် မ၀ယ်ဘဲ နိုင်ငံတော်ကပေးတဲ့ ဆုကြေးငွေနဲ့ ဂုဏ်ပြုလက်မှတ်ကို မြတ်နိုးထွေး ပိုက်လာကြမှာဖြစ်ပါတယ်။

ဆုပေးပွဲကျင်းပပုံကိုလည်း ရုပ်မြင်သံကြားတွေက ပြသပေးသလို အစိုးရသတင်းစာတွေကလည်း ကျယ်ကျယ်ပြန့်ပြန့်
ဖော်ပြပေးကြရပါလိမ့်မယ်။ ပုဂ္ဂလိကသတင်းစာ၊ ဂျာနယ်တွေကိုလည်း ဖိတ်ကြားသတင်းခွင့် ပြုယူကြရမှာပါ။ သက်ဆိုင်ရာမြို့နယ်တွေကလည်း ဂုဏ်ပြုပွဲတွေ ကျင်းပပေးသင့်ကြပါတယ်။ ဒါမှယဉ်ကျေးမှု အဆင့်အတန်း
ကြွယ်ဝမြင့်မားတဲ့ နိုင်ငံတော်ကြီး ဖြစ်လာနိုင်ပါလိမ့်မယ်။