www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > စီးပွားရေး > ဆောင်းပါး > လယ်ယာမြေစစ်တမ်း

လယ်ယာမြေစစ်တမ်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မြန်မာ့ဆန် ပြည်ပတင်ပို့ရန် တန်ချိန် သိသိသာသာ တက်လာသည်။ ပုဂ္ဂလိကဆန်ကုန်သည်များ၏ ကြိုးစား လုပ်ဆောင်မှုမှ ကောင်းသောရလဒ်ဟု ဆိုရပေမည်။

ယမန်နှစ်က ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၅သန်း တင်ပို့နိုင်ခဲ့သည်ဟူသော သတင်းကောင်းကို ကြားရ၍ ဆန်ကုန်သည်များကို အထူး ချီးကျူးမိပါသည်။ မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့နိုင်မှုကို ပြန်ကြည့်သော် အင်္ဂလိပ် အုပ်စိုးစဉ်က ၁၉၃၄-၃၅ ခုနှစ်တွင် ဆန်တန်ချိန် ၃ ဒသမ ၃၆၇ သန်းတင်ပို့ပြီး စံချိန်တင်ထားခဲ့သည်။ ထိုစဉ်က မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ဆန်အများဆုံး တင်ပို့သော နိုင်ငံအဖြစ် မှတ်တမ်းတင်ခံခဲ့ရသည်။ အာရှတိုက် ၏ ဆန်အိုးကြီးဟုပင် အမည်တွင်ခဲ့သည်။

လွတ်လပ်ရေးရပြီးနောက် ဖဆပလ အစိုးရခေတ်၊ တော်လှန်ရေးကောင်စီ အစိုးရခေတ်၊ မဆပလခေတ်၊ စစ်အစိုးရ
ခေတ်မှသည် ယနေ့ခေတ်အထိ ယမန်နှစ်က ဆန်တန်ချိန် ၁ ဒသမ ၅ သန်း ပြည်ပသို့ တင်ပို့နိုင်ခဲ့ခြင်းသည် စံချိန်သစ် တင်နိုင်ခြင်း ဖြစ်သည်။ ၁၉၆၃ - ၆၄ ခုနှစ် တော်လှန်ရေးကောင်စီ စံချိန်တင် ထားခဲ့သော ဆန်တန်ချိန် ၁ ဒသမ ၄၄ သန်းကို ယမန်နှစ်က စံချိန်ချိုးပြီး စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။

ရှေ့လျှောက်ပြီး ပြည်ပသို့ ဆန်တင်ပို့နိုင်မှု အရေအတွက် ပိုတိုးနိုင်အောင် ဆန်ကုန်သည်များက ကြိုးစားကြမည်
ဖြစ်သည်။

ပြည်ပသို့ဆန်တင်ပို့ရာတွင် သင်္ဘောကြီးများဖြင့် တင်ပို့နိုင်သည့်ပမာဏကိုသာ မတွက်ဘဲ ဘင်္ဂလားဒေ့ရှ်သို့ စက်လှေ၊ စီဘီ၊ သမ္ဗန်၊ သင်္ဘောလေးများနှင့် နှစ်စဉ် တင်ပို့နေမှုကိုလည်း ထည့်တွက်နိုင်အောင် စာရင်းကောက်ရန် လိုသည်။ ထို့ပြင် နယ်စပ် ကုန်သွယ်ရေးခေါ် အိန်္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံများသို့ နယ် စပ်ဖြတ်ကျော်၍ ရောင်းထွက်သွားသည့် ဆန်ပမာဏကိုလည်း စာရင်းရအောင်ကောက်ပြီး ဆန် ပြည်ပပို့ ကုန် ပမာဏစုစုပေါင်းကို တွက်ချက်ရန် လိုသည်။

မြန်မာနိုင်ငံသည် ဗြိတိသျှလက်ထက်က ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံအဖြစ် စံချိန်တင်ထားစဉ်က စပါးစိုက်ဧက မည်မျှရှိသည်၊ မည်သို့ ဧကတိုးချဲ့ လုပ်ကိုင်ခဲ့သည်။ လုပ်ကိုင်ခွင့်နှင့် လယ်ပိုင်ခွင့် မည်သို့ သတ်မှတ်ခဲ့သည် တို့ကို
လေ့လာရန် လိုသည်။

ဗြိတိသျှတို့အောက် မြန်မာနိုင်ငံသို့ ကျူးကျော် သိမ်းပိုက်ပြီးနောက် လယ်ယာလုပ်ငန်းများတွင် စပါးစိုက်ပျိုးမှု
ဖြစ်ထွန်းအောင်မြင်နေပုံကို မျက်စိကျခဲ့သည်။ စပါးဆန်မှ ပြည်ပ၀င်ငွေ အများအပြား ရရှိမည်ကို သိမြင်ခဲ့သည်။ သို့ဖြင့် ၁၈၅၂-၅၃ ခုနှစ် စပါးစိုက် ဧကပေါင်း ၆၀၀,၀၀၀ ရှိခဲ့ရာမှ လယ်မြေဧကများ တိုးချဲ့ စိုက်ပျိုးချင်အောင် နည်းမျိုးစုံနှင့် အားပေးခဲ့သည်။ မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးနောက် ဗြိတိသျှ လက်ထက် စပါးစိုက်ဧကသည် ၄ ဒသမ ၄ သန်း ကျော်လာသည်။

ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့တွင် လယ်စိုက်ဧက မြန်စွာ တိုးချဲ့နိုင်သကဲ့သို့ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်လည်း တိုးချဲ့စိုက်ပျိုးနိုင်ကြောင်း စစ်တမ်းထုတ်သည်။ ဗြိတိသျှတို့သည်
တောင်သူလယ်သမားများ လယ်ယာမြေ ကိုယ်တိုင်ပိုင်ဆိုင်ခွင့်ပေးပါက ပိုမိုအားစိုက် လုပ်ကိုင်ကြမည်ဟု သိမြင်ခဲ့သည်။ မြန်မာတို့သည် ဥစ္စာရင်လို ဥစ္စာရင်ခဲ အကျင့်ရှိတတ်ပုံကို သဘောပေါက်သည်။ ထို့ကြောင့် ၁၈၇၀ ပြည့်နှစ်ဝန်းကျင်မှစ၍ လယ်သမားများ လယ်ယာမြေ ပိုင်ဆိုင် ခွင့်စနစ်ကို ကျင့်သုံးစေခဲ့သည်။

လယ်ယာမြေပိုင်ဆိုင်ခွင့်စနစ်များ

(၁) စကွာတာစနစ် ။ ။ မြန်မာဘုရင်ခေတ်က ဓားမဦးချ မြေယာပိုင်ဆိုင်ခွင့်နှင့် တူသည်။

(၂) ပတ္တာစနစ် ။ ။ အိန်္ဒိယဝေါဟာရ ဖြစ်၍ မြေယာပေးကမ်းခြင်းဟူသော စနစ်ဖြစ်သည်။

(၃) မြေငှားစနစ် ။ ။ ငါးနှစ်မှ ၁၀နှစ်အထိ ငှားယူ လုပ်ပိုင်ခွင့်ရှိပြီး အခွန်ဆောင်က ဘေးမှ မြေရိုင်းများကိုပါ တိုးချဲ့ခုတ်ထွင် လုပ်ကိုင်နိုင်သော စနစ်ဖြစ်သည်။

(၄) ဂရမ်စနစ် ။ ။ ကျယ်ပြန့်သော မြေဧရိယာများကို ပေးအပ်ခြင်းစနစ်ဖြစ်၍ ပြစ်ဒဏ်မပါဘဲ ဈေးသက် သာစွာ ပေးသောကြောင့် အစိုးရနှင့် နီးစပ်သူများ ရရှိကြသည်။

(၅) ကိုလိုနီစနစ် (၀ါ) နယ်သစ်ဖွင့်စနစ် ။ ။ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် လယ်တီ၍ နယ်သစ်ဖွင့် လုပ်ကိုင်လိုသူများကို ချပေးသော စနစ်ဖြစ်သည်။

အမှန်စင်စစ် ရေ၊ မြေ၊ လေ ဟူသမျှကို နိုင်ငံတော်အစိုးရကသာ မူလပိုင်ရှင် ဖြစ်သည်။ လယ်သမားကို လယ်ပိုင်ခွင့်
ပေးခြင်းဆိုသည်မှာ မြို့ထဲရှိ အိုးအိမ်မြေများကို နှစ် ၆၀၊ နှစ် ၉၀ ဂရမ်ပေး၍ အစိုးရထံ အခွန်ဆောင်ပြီး Lease ငှားရမ်းထားသည်ကိုပင် ပိုင်ဆိုင်စေသည်ဟု အဓိပ္ပာယ် သက်ရောက်ခြင်း ဖြစ်သည်။

အစိုးရက နည်းမျိုးစုံနှင့် လယ်သမားကို လယ်ပိုင်ခွင့် ပေးခဲ့ခြင်းသည် လယ်သမားများအတွက်လည်း ပိုင်ပိုင်နိုင်နိုင် လုပ်၍ကောင်း၊ အစိုးရအတွက်လည်း လယ်ယာမြေ တိုးပွားလာ၍ စပါးပိုထွက်ပြီး နိုင်ငံခြား ပို ရောင်းရကာ ပြည်ပ ၀င်ငွေ ပိုကောင်းစေခြင်း ဖြစ်သည်။

ယခုခေတ် မြန်မာနိုင်ငံမှ အစိုးရများ လယ်သမားတို့ကို လယ်ပိုင်ခွင့် ပေးရမည့်ကိစ္စ အသေကြောက်ခဲ့ ခြင်းသည် လွတ်လပ်ရေး တိုက်ပွဲဝင်စဉ်က မြန်မာလူငယ်ခေါင်းဆောင်များသည် ကွန်မြူနစ်ဝါဒ အားပေး သူများဖြစ်ခဲ့သည်နှင့် အညီ အရင်းရှင်ဝါဒီ နယ်ချဲ့သမားများကို ဆန့်ကျင်ရာက အရင်းရှင်တို့၏ လယ်သမားလယ်ပိုင်ခွင့်ပေးသည်ကို မှားသည်ဟု ထင်ခဲ့သည်။ ကွန်မြူနစ်ဝါဒက လယ်ယာမြေ ဝေခြမ်းရေးနှင့် ဘုံလယ်မြေစနစ်၊ လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့်စနစ်များ ၀ါဒဖြန့် ကောင်းခဲ့၍ ဖြစ်သည်။

ထို့ပြင် အင်္ဂလိပ်ခေတ်က ချစ်တီးများ လယ်သမားတို့ပိုင်သော မြေယာတို့ကို အကြွေးမဆပ်နိုင်၍ သိမ်းပိုက်ရာက လယ်သမားကို လယ်ပိုင်ခွင့်ပေးခဲ့ပါက အရင်းရှင်လက်ထဲ ရောက်သွားမည်ဟူသော ခါးသီး သော အတွေ့အကြုံကို စွဲမှတ်မှားကာ လယ်သမားတို့ကို လယ်ပိုင်ခွင့် မပေးခြင်း ဖြစ်သည်။ အမှန်က လယ်ယာမြေများ ချစ်တီး စသော ငွေရှင် အရင်းရှင်လက်ထဲ ရောက်ခဲ့ရခြင်းမှာ ကျေးလက်ဒေသအထိ တရားဥပဒေစိုးမိုးရေး မရောက်ရှိသောကြောင့် လိမ်လည်လှည့်ဖြားပြီး လယ်သိမ်းခံရခြင်းများသာ ဖြစ် သည်။ အုပ်ချုပ်ရေးက အောက်ခြေအထိ သမာသမတ်ကျပါက ဤသို့ ကလိမ်ကျသောနည်းဖြင့် လယ် သမားပိုင်မြေကို အပိုင်စီးနိုင်မည် မဟုတ်ပေ။

သေချာတွက်စစ်ပါက ဗြိတိသျှလက်ထက် လယ်ယာမြေကို လယ်သမားပိုင်ခွင့် ပေးခဲ့သောခေတ်တွင် မြန်မာတစ်ပြည် လုံး စိုက်ဧက တိုး၍တိုး၍ လာခဲ့သည်။ ၁၉၄၀-၄၁ ခုနှစ်တွင် တစ်ပြည်လုံး စုစုပေါင်း စိုက်ဧကပေါင်း ၁၂ ဒသမ ၅၈၁ သန်းအထိ တိုးချဲ့နိုင်ခဲ့သည်။ ထိုစိုက်ဧကဟူသည် သီးထပ်၊ သီးညှပ်၊ မိုးစပါး နွေစပါးစသည့် စပါးစိုက်သည့်ဧက
ပေါင်းကို ဖော်ပြခြင်းမဟုတ်ဘဲ စိုက်ပျိုးသည့် မြေဧရိယာ အကျယ်အ၀န်း ဧကပေါင်းကို ဖော်ပြခြင်း ဖြစ်သည်။

ယခုခေတ်တွင် စပါးစိုက်သော မြေယာ အကျယ်အ၀န်း လယ်ဧက မည်မျှရှိသည်ကို တိတိကျကျ ဖော်ပြရန် လွန်စွာ ခက်လေသည်။

မြို့များ တိုးချဲ့ခြင်း၊ တပ်များ တိုးချဲ့ခြင်း၊ စက်ရုံများ တိုးချဲ့ခြင်း၊ လမ်းတံတားပိုက်လိုင်းများ တိုးချဲ့ခြင်း၊ သတ္တုတူး
ဖော်ရေး လုပ်ငန်းများတိုးချဲ့ခြင်းနှင့် အိမ်ခြံမြေရောင်းဝယ်ရေးသမားများက လယ်ယာမြေကို အခြား အထူးစီးပွားရေး ဇုန်အနီး၊ လေယာဉ်ကွင်းအနီး၊ စီမံကိန်းလုပ်ငန်းများအနီးတွင် အနာဂတ် အလားအလာကောင်းသည်ဟု ၀ါဒဖြန့်ကာ အရောင်းအ၀ယ်လုပ်ခြင်းစသော ကိစ္စများစွာတို့ကြောင့် လယ်ယာမြေ အမြောက်အမြား ပျောက်ကွယ်လျက် ရှိသည်။

လျော့နည်း ပျောက်ကွယ်သွားခြင်းနှင့် ပတ်သက်၍ လယ်သမားများ၏ ပြန်လည် တောင်းဆိုချက်၊ အရေးဆိုချက်၊ ဆန္ဒပြချက်များကြောင့် တပ်မတော်အပါအ၀င် အစိုးရဌာနများနှင့် လယ်ယာမြေကို ဥပဒေမဲ့၊ မတရား၊ မသင့်လျော် မမှန်ကန်စွာ သိမ်းယူ၊ ၀ယ်ယူသူများက သမာသမတ်ကျကျ ပြန်လည်ပေးအပ်သည် များကို ပြည်သူ့လွှတ်တော်မှ
ပြည်သူ့ကိုယ်စားလှယ်များ၏ တင်ပြချက်အရနှင့် နိုင်ငံတော်သမ္မတကြီး၏ မိန့်ကြားချက်အရ လိုက်နာဆောင်ရွက်
နေကြသည်များ ရှိလာသည်။

သို့ဆိုလျှင် အချိန်ကာလတစ်ခု သတ်မှတ်၍ ယခုအခါ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် လယ်ယာဧက စုစုပေါင်း မည်မျှရှိသည်ကို စစ်တမ်းထုတ်၍ စာရင်းကောက်မှတ်တမ်းပြုရန် လိုအပ်လျက်ရှိလေတော့သည်။