www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > စီးပွားရေး > ဆောင်းပါး > ဆီးဂိမ်းအပြီး ခရီးသွားဈေးကွက် အမြတ်ထွက်ပါ့မလား

ဆီးဂိမ်းအပြီး ခရီးသွားဈေးကွက် အမြတ်ထွက်ပါ့မလား

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

“မြန်မာနိုင်ငံမှာ ဘတ် ၅၀၀(ကျပ် ၁၅၀၀၀) လောက်နဲ့ဆို တည်းစရာနေရာရှိလား” မြန်မာနိုင်ငံကို အလည်လာချင်တဲ့ ထိုင်းနိုင်ငံသားတစ်ယောက် မေးလိုက်တဲ့စကားပါ။

ထိုင်းနိုင်ငံမှာတော့ လွန်ခဲ့တဲ့ငါးနှစ်လောက်ကတည်းက ဘတ် ၅၀၀ ဆိုရင် စရိတ်ခြွေတာတဲ့ ခရီး သွားတွေတည်းခို လို့ရတဲ့အနေအထားမျိုး ရနိုင်ပါတယ်။ အခုအချိန်အထိလည်း မပြောင်းလဲပါဘူး။

မြန်မာနိုင်ငံမှာတော့ ကျပ် ၁၅၀၀၀ ဆိုရင် လေအေးပေးစက်မပါတဲ့ အခန်းကျဉ်းကျဉ်း တည်းခိုခန်းပဲ ရပါလိမ့်မယ်။

ဒီဇင်ဘာလဆိုရင် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ကျင်းပတော့မှာဖြစ်ပါ တယ်။ နှစ်ပေါင်း ၄၄ နှစ်အကြာမှ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ပြန်လည်ကျင်းပခွင့်ရရှိတာပါ။ ငွေကျပ် သန်းပေါင်းများစွာ အကုန်အကျ ခံကျင်းပထားတာမို့လို့ ပြိုင်ပွဲကြီးနှင့်အတူ ဆုတံဆိပ်များကို မျှော်မှန်းကြသလို အခြားအကျိုးအမြတ် တစ်စုံတစ်ရာ လည်း မျှော်မှန်းကြပါတယ်။

ခေတ်သစ်စီးပွားရေး

ခေတ်သစ်စီးပွားရေးကတော့ အားကစားကိုလည်း အလွတ်မပေးတော့ပါဘူး။ ဒီတော့ အားကစားကို အမှီပြုပြီး စီးပွားရေးအခွင့်အလမ်းတွေကို ဖန်တီးလာကြပါတယ်။ မြန်မာနိုင်ငံမှာ ဒီဆီးဂိမ်းနဲ့ပတ်သက်ပြီး စီးပွားရေး အခွင့်အလမ်း များစွာထဲက ခရီးသွားကဏ္ဍက ထင်ရှားလာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ခန့်မှန်းပါတယ်။

အားကစားအနောက်က စီးပွားရေးလည်း ထပ်ကျပ်မကွာလိုက်ပါလာသည့်ထုံးစံအတိုင်းပင် လာရောက်ယှဉ်ပြိုင်ကြ မည့် အိမ်နီးချင်းနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းရှင်များလည်း လာရောက်ကြမည်မှ မလွဲ။

ကျင်းပပြီးစီးခဲ့တဲ့ Sea Games ပြိုင်ပွဲတွေသာမက နိုင်ငံတကာအားကစားပြိုင်ပွဲတွေမှာ ပြိုင်ပွဲပြီးရင် စီးပွားရေး တစ်ဟုန်ထိုး တိုးတက်လာကြတဲ့ အစဉ်အလာကောင်းများတွေရှိခဲ့ပါတယ်။

လက်လွတ်မခံသင့်

အားကစားပြိုင်ပွဲ အိမ်ရှင်နိုင်ငံတွေဟာ အထူးသဖြင့် ခရီးသွားကဏ္ဍ (Tourism Sites) မှာ အရင်ကထက် တစ်ဆင့်တိုး
အောင်မြင်လာကြပါတယ်။ အလှည့်ကျအိမ်ရှင်စနစ်အရ အိမ်ရှင်ပြန်ဖြစ်ဖို့ နောက်ထပ် နှစ် ပေါင်း ၂၂ နှစ် ထပ်စောင့် ရဦးမှာမို့ အခြားအိမ်ရှင်နိုင်ငံတွေက ရထားခဲ့ဖူးတဲ့အခွင့်အရေးကို လက်လွတ် မခံသင့်ပါဘူး။

ဆီးဂိမ်းပြိုင်ပွဲကို အဓိကစပွန်ဆာပေးထားတဲ့ Alpine  ရေသန့်နဲ့ Blue Mountain အချိုရည်ထုတ်တဲ့ လွယ်ဟိန်း ကုမ္ပဏီပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းက “ကမ္ဘာမှာ အားကစား ပြိုင်ပွဲတွေ ကျင်းပပြီးစီးခဲ့တဲ့ အတွေ့အကြုံအရ အိမ်ရှင်နိုင်ငံတွေဟာ စီးပွားရေးတွေထိုးတက်သွားခဲ့ကြတဲ့ အစဉ်အလာကောင်း တွေရှိတယ်။ ဒီအခွင့်အရေးကို ကျွန်တော်တို့လည်း ယူဖို့လိုတယ်”လို့ ပြောထားပါတယ်။

ခရီးသွားကဏ္ဍ

Sea  Games နဲ့အတူ မြန်မာနိုင်ငံရဲ့ခရီးသွားကဏ္ဍသည်လည်း အခြားအားကစားပြိုင်ပွဲများရဲ့ အိမ်ရှင် နိုင်ငံတွေ လိုပဲ အောင်မြင်ဖြစ်ထွန်းလာမယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက မျှော်လင့်ထားကြပါတယ်။

နိုင်ငံတကာခရီးသွားပြပွဲသွားပြီး ကြေညာနေစရာမလိုဘဲ ရရှိလာမည့်အခွင့်အရေးကို ဖမ်းဆုပ်နိုင်ရေးက အင်မတန် အရေးကြီးပါတယ်။ အိမ်ရှင်နိုင်ငံတွေ ရရှိဖူးထားတဲ့အခွင့်အရေးတွေရနိုင်ဖို့က အားသာချက် များရှိသလို အားနည်း ချက်များကလည်း မနည်းလှပါဘူး။

နေရာသစ်

ဆယ်စုနှစ်ပေါင်းများစွာ ကမ္ဘာ့နိုင်ငံများနှင့် ပေါင်းကူးဆက်ဆံမှုကင်းမဲ့နေခဲ့တဲ့ မြန်မာနိုင်ငံဟာ ၂၀၁၁ ခုနှစ်မှာ
တော့ နိုင်ငံရေးအပြောင်းအလဲတွေနဲ့အတူ ကမ္ဘာလှည့်ခရီးသွားတွေအဖို့ အသစ်အဆန်းလှည့် ပတ်စရာ
နိုင်ငံတစ်ခု ဖြစ်လာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရှေးဟောင်းအမွေအနှစ်တွေ၊ သဘာဝ အလှရှုခင်းတွေက ကျော်ကြားသလို ခရီးသွားကုန်ကျစရိတ် ကလည်း ကျော်ကြားတယ်လို့ ခရီးသွားတွေက ဆိုကြပါတယ်။ တချို့ခရီးသွားတွေကတော့ ရင်ဆို့စရာနှုန်းထားတွေလို့ မှတ်ချက်ချပြီး ပြန်သွားကြပါတယ်။

စရိတ်

မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတစ်ယောက်အနေနဲ့ သာမန်အဆင့်ဟိုတယ်မှာနေပြီးစားမယ်၊ လည်မယ်၊ သွားမယ်ဆိုရင် အမေရိကန်ဒေါ်လာ ၁၅၀ ကနေ ၃၀၀ လောက်ကို ကျမှာပါ။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ လာအို၊ ကမ္ဘောဒီးယား
နိုင်ငံတွေမှာတော့ ဒေါ်လာ ၅၀လောက်ဆို တစ်နေ့တာ ကောင်းကောင်းလည် ပတ်နိုင်ပါပြီ။ အိမ်နီးချင်း နိုင်ငံတွေ ထက် ဟိုတယ်နဲ့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှု အားနည်းနေ ပေမယ့် စရိတ်က သုံးဆလောက်ကွာပါတယ်။ အိမ်နီးချင်းနိုင်ငံသားတွေ အများဆုံးလာရောက်ကြမယ့် ဆီးဂိမ်းပြိုင်ပွဲမှာ ဒီလိုစရိတ်ထောင်းပုံနဲ့တော့ အိမ်နီးချင်း
နိုင်ငံဧည့်သည်တွေ စိတ်ပျက်သွားနိုင်စရာ အဓိကအကြောင်းရင်းတစ်ချက်လည်းဖြစ်နေတယ်လို့ ခရီးသွားလုပ်ငန်းရှင်
တွေက သုံးသပ်ပါတယ်။

ဟိုတယ်ခန်း

၂၀၁၂ ခုနှစ်က ကမ္ဘာလှည့်ခရီးသွား တစ်သန်းကျော် စံချိန်တင်ဝင်ရောက်ခဲ့ချိန်မှာတော့ ဟိုတယ်အခန်း မလုံလောက် မှုပြဿနာ အကြီးအကျယ်ကြုံတွေ့ခဲ့ရပါတယ်။အဲဒီပြဿနာကို လာမည့်နှစ်မှာ အပြည့် အ၀ဖြေရှင်းဖို့ကလည်း မဖြစ်နိုင်သေးဘူးလို့ ခရီးသွားလုပ်ငန်းအသိုင်းအ၀ိုင်းက ဆိုထားပါတယ်။

နိုင်ငံတကာမီဒီယာတွေမှာလည်း မြန်မာနိုင်ငံ၏ ဟိုတယ်အခန်းမလုံလောက်မှုက နောက်လာမည့် ငါးနှစ်တိုင်
ပြေလည်ရန် မရှိဆိုပြီး သုံးသပ်ထားပါတယ်။

ဆီးဂိမ်းပြိုင်ပွဲကျင်းပမယ့်ကာလက ခရီးသွားဧည့်သည် အ၀င်ဆုံးကာလနှင့်လည်း တိုင်ဆိုင်နေတဲ့အတွက် ဟိုတယ် အခန်း မလုံလောက်တဲ့ ပြဿနာက ကြီးမားဖြေရှင်းရမယ့် ကိစ္စလို့ ခရီးသွားလုပ်ငန်း ရှင်များက သုံးသပ်ထားပါတယ်။

အရည်အသွေး

လက်ရှိ ရန်ကုန်မြို့မှာ ဟိုတယ်အခန်းမလုံလောက်မှု ဖြစ်တယ်ဆိုတာ ဟိုတယ်အခန်းအရေအတွက် မလုံလောက်ခြင်း ထက် နိုင်ငံခြားသားတွေ တည်းခိုနေထိုင်နိုင်မယ့် အဆင့်မီ ဟိုတယ်အခန်း နည်းပါး နေတာဖြစ်ပါတယ်။ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင်လ အထိ ရန်ကုန်မြို့မှာ ဟိုတယ် ၂၁၃ လုံးရှိပြီး အခန်း ၉၂၉၄ ခန်းရှိပါတယ်။ ဒါပေမဲ့ အဲဒီအရေအတွက် တိုင်း နိုင်ငံခြားသားတွေ တည်းခိုနေထိုင်ဖို့ အဆင့်မမီလို့ အဆင့်မီဟိုတယ်တွေမှာပဲ စုပြုံတိုးနေတာက ဟိုတယ်အခန်း မလုံလောက်ခြင်းအတွက် အကြောင်းတစ်ချက်
ဖြစ်နေတယ်လို့ လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးနှောင်းနှောင်းဟန်ကတော့ “ဆီးဂိမ်းကို လာပြိုင်တဲ့
နိုင်ငံတွေက သူတို့ Fan တွေက ပါလာကြမယ်။ သန်းပေါင်း များစွာသောပရိသတ်တွေကလည်း ကြည့်နေကြမှာပါ။ ဒီဆီးဂိမ်းအရှိန်နဲ့ ကိုယ့်နိုင်ငံအကြောင်းကို ကျယ်ကျယ် ပြန့်ပြန့်ပိုသိသွားတာပေါ့။ ဒါပေမဲ့ ဧည့်သည်အလုံအလောက် လက်ခံနိုင်ဖို့ ဟိုတယ်အခန်းတွေ မရှိတာက ရင်ဆိုင်ရမယ့် ပြဿနာတစ်ခုပဲ”လို့ ပြောပါတယ်။

ကြိုမှာထား

Sea Games ကာလအတွင်းမှာ အဲဒီလိုဟိုတယ်အခန်းမလောက်မငနဲ့ ကမောက်ကမဖြစ်မှာစိုးလို့ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနက ပြိုင်ပွဲကျင်းပမယ့်နေရာတွေနားမှာ ဟိုတယ်အခန်းများ ကြိုတင်ယူထားတာလည်းရှိပါတယ်။ ဒါကြောင့် ပြိုင်ပွဲကာလမှာ ခရီးသွားလုပ်ငန်းတွေက ဟိုတယ်အခန်း မလုံလောက်မှာစိုးလို့ အဲဒီရက်တွေမှာ ခရီးသွား လက်မှတ် (booking) လျှော့လက်ခံထားရတယ်လို့ ဆိုပါတယ်။

Nature Dream Tour Co., Ltd. ရဲ့ မန်နေဂျင်း ဒါရိုက်တာ ဒေါ်စံပယ်အောင်က “Sea Games အတွင်း မှာတော့ လက်မှတ်တွေကို ရှောင်ရောင်းထားရတယ်။ Sea Games ပြီးရင် ခရီးသွားကဏ္ဍ တိုးတက် လာမယ်ဆိုတာ အတိုင်း အတာတစ်ခုထိတော့မှန်ပါတယ်။ ဒီကိုလာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေက မြန်မာနိုင်ငံကို စိတ်ဝင်စားလို့ လာတာပါ”ဟု ပြောသည်။

တကယ်တော့ အဲဒီအချိန်က လာသမျှဧည့်သည်ကို လက်ခံပေးနိုင်ရင် ၀င်ငွေအများကြီးရနိုင်မှာပါ။ အခုတော့ အားကစားနဲ့ ပတ်သက်သူတွေပဲ လာနိုင်သလိုဖြစ်နေပါတယ်။

ပုံရိပ်ကောင်း

Sea Games ပြိုင်ပွဲမှာ နိုင်ငံရဲ့ပုံရိပ်ကောင်းကို ပြရမှာမို့လို့ ကြိုဆိုရေးအစ ဟိုတယ်၊ လုံခြုံရေး၊ စားသောက်ရေးတွေမှာ ဂရုပြုဆောင်ရွက်ရမှာပါ။ ဒါမှ လာရောက်သော ပရိသတ်တွေအပြင် ရုပ်သံက ကြည့်နေတဲ့ ကမ္ဘာတစ်ဝန်းက လူတွေ လည်း လာလည်ချင်စိတ်ပေါက်လာမှာပါလို့ စီးပွားရေးလုပ်ငန်းရှင် တွေက ဆိုပါတယ်။

ရန်ကုန်ဟိုတယ်ဇုန်ဥက္ကဋ္ဌ ဦးတင်ဝင်းကတော့ “Sea Games နဲ့အတူ ခရီးသွားကဏ္ဍတိုးတက်လာဖို့ မျှော်မှန်းတယ်။ အဓိက,ကတော့ ဧည်ခံဖို့ ကောင်းဖို့လိုတယ်၊ ပြရုပ်ကောင်းဖို့ လိုတယ်။ ဒါဆို ကြော်ငြာ စရာမလိုဘဲနဲ့ တစ်ဆင့်စကား တစ်ဆင့်နဲ့ လာကြမှာပါ”လို့ ပြောပါတယ်။

ဝန်ကြီးဌာနကလည်း ဈေးနှုန်း၊ အရည်အသွေးတွေနဲ့ ပတ်သက်ပြီး ရေတိုပဲထိန်းထားနိုင်ပါတယ်။ ညွှန်ကြားချက်တွေ ထုတ်ပေမယ့် ဈေးကွက်အနေအထားအရ ဈေးတွေ ပြန်ပြန်တက်နေတာက သာဓကပါပဲ။

ဝန်ဆောင်မှု

ဝန်ဆောင်မှုနှင့်ပတ်သက်လို့ကတော့ ဇွန်လထဲမှာလုပ်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ဧည့်ကြိုဝန်ဆောင်မှုတွေ အားနည်းတယ်လို့ ဖိုရမ်သို့တက်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်အချို့က ဆိုပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကတော့ “ကမ္ဘာ့စီးပွားရေးဖိုရမ်မှာTraining ပေးထားတဲ့ ဗော်လန်တီယာ လုပ်တဲ့ လူငယ်လေးတွေဟာ ပွဲထဲမှာ ကိုယ့်ဖုန်းနဲ့ကိုယ်ပဲ အလုပ်ရှုပ်နေတာကို စိတ်မကောင်းစွာ တွေ့ခဲ့ရတယ်။ ဒါတွေဟာ နိုင်ငံ့ပုံရိပ်ကို အများကြီးထိခိုက်စေတယ်။ ကိုယ့်နိုင်ငံကို လာတဲ့ဧည့်သည်ကို ကိုယ့်ဘက်က သူတို့ လိုအပ်တာကို အကောင်းဆုံးဖြည့်ပေးဖို့လိုတယ်။ အခုက ကိုယ့်အစုနဲ့ကိုယ်ပဲ အလုပ်ရှုပ်နေကြတယ်”လို့ မှတ်ချက်ပြု ထားပါတယ်။

ဧည့်သည်တွေ စံချိန်တင်ဝင်ရောက်လာရင် ဟိုတယ်ခန်း မလုံလောက်ဘူးဆိုတာ လက်ခံလို့ရတဲ့အဖြစ် ဆိုပေမယ့် ဟိုတယ်အခန်းခ အဆမတန်ကြီးမြင့်လာတာကတော့ မဖြစ်သင့်တဲ့ကိစ္စလို့ စီးပွားရေးပညာ ရှင်တွေနဲ့ ခရီးသွား လုပ်ငန်းရှင်များက သုံးသပ်ပါတယ်။

စီးပွားရေးပညာရှင် ဦးလှမောင်ကတော့ “ ပွဲလန့်တုန်း ဖျာခင်းမယ့် စိတ်ဓာတ်တွေနဲ့ ရေရှည်စီးပွားရေး မျှော်ကိုးခြင်း မရှိတဲ့ Mind-Set (စဉ်းစားတွေးခေါ်ပုံ)တွေ ပြောင်းလဲဖို့လိုအပ်တယ်”လို့ မှတ်ချက်ပြုပါ တယ်။

စရိတ်ကြီးတယ်

ဟိုတယ်လုပ်ငန်းရှင်တွေကတော့ အခြေခံအဆောက်အအုံစရိတ်စက,က ကြီးတယ်။ မြေဈေးကြီးတယ်။ ရေမီး လိုမျိုးကအစ စိတ်မချရဘူး။ မီးစက်သုံးရတာမျိုးရှိတယ်။ ဒါကြောင့် စရိတ်ကျေအောင် ဈေးနှုန်းမြှင့် ရတာပါလို့ တုံ့ပြန်ပါတယ်။

ဟိုတယ်လုပ်ငန်းတစ်ခုက အရင်းကျေဖို့ အနည်းဆုံး ငါးနှစ်ကို စောင့်ရမှာဆိုတော့ နောက်တစ်ချက်က လည်း
ဈေးကွက်စီးပွားရေးအရ ၀ယ်လိုအား(လာတည်းသူ)များရင် ဈေးတက်တာ သဘာဝပဲလို့လည်း ချေပပါတယ်။

ပရိသတ်ရဲ့ ယဉ်ကျေးမှု

မြန်မာနိုင်ငံအားကစားပရိသတ်တွေရဲ့ လက်ခံအားပေးပုံနဲ့ လုံခြုံရေးဆိုင်ရာတွေကလည်း သတင်းမီဒီယာတွေမှာ
ဖော်ပြခံရလောက်တဲ့အထိ ကျော်ကြားမှုရှိနေပြန်ပါတယ်။Sea Games ပြိုင်ပွဲလုပ်မယ့် ၀ဏ္ဏသိဒ်္ဓိကွင်းမှာ လုပ်ခဲ့တဲ့
မြန်မာနေရှင်နယ်လိဂ်ရဲ့ နောက်ဆုံးပွဲမှာ ပရိသတ်တွေ ဆူပူမှုတွေလုပ်၊ ရန်ပွဲ တွေဖြစ်ခဲ့ရလို့ ဘောလုံးပွဲ ရပ်ဆိုင်းခဲ့ ရပါတယ်။ လုံခြုံရေးအားနည်းမှုကြောင့်လို့ ပြည်တွင်းမီဒီယာများ၏ မီးမောင်းထိုးပြမှုတာလည်း ခံခဲ့ရပါတယ်။
မြန်မာဘောလုံးသမိုင်းတစ်လျှောက် အကြီးဆုံးပြစ်ဒဏ်တွေလည်း ချမှတ်ခံခဲ့ရပါတယ်။

Sea Games ပြိုင်ပွဲကျင်းပဖို့ ငါးလသာသာလိုတဲ့အချိန်မှာ ဖြစ်ခဲ့တာမို့လို့ လုံခြုံရေးပြင်ဆင်မှုတွေ အပေါ်လည်း
မေးခွန်း ထုတ်စရာတွေဖြစ်လာခဲ့ပါတယ်။ Sea Games ပြိုင်ပွဲမှာ အိမ်နီးချင်းနိုင်ငံတွေက ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် အားကစားသမားပေါင်း ၃၀၀၀ ကျော်ရှိပါတယ်။ သူတို့ကို လာရောက်အားပေး မယ့်ပရိသတ်တွေ ဘယ်လောက်
တောင်များမလဲဆိုတာ ခန့်မှန်းလို့မရပါဘူး။ အဲဒီအိမ်နီးချင်း ၁၀ နိုင်ငံက ဧည့်ပရိသတ်တွေကို ခရီးစဉ် ကုန်ကျ စရိတ်တွေ၊ အခန်းနှုန်းထားတွေနဲ့ သင့်လျော်တဲ့ ၀န်ဆောင်မှု ပေးနိုင်ဖို့၊ ဧည့်သည်တွေရဲ့ လုံခြုံရေး၊ အစားအသောက် ကအစ အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်မှသာ ရတောင့်ရခဲအိမ်ရှင်အခွင့်အရေးကို အပိုင်အသုံးချသလို ဖြစ်မှာပါ။ အားကစားပြိုင်ပွဲအပြီးမှာ အိမ်ရှင်နိုင်ငံ တွေရဲ့ ခရီးသွားလုပ်ငန်းစီးပွားရေး တစ်ဟုန်ထိုးတိုးတက်တတ်တဲ့ အစဉ်အလာကို ထိန်းသိမ်းနိုင်မလား ဆိုတာကတော့ ပွဲပြီးမှပဲ အဖြေထွက်လာမှာ မလွဲပါဘူး။