လမ်းဘေးစားသောက်ဆိုင်များကို အောက်တိုဘာ တတိယပတ်မှ စတင်ကာ ပညာပေးစစ်ဆေးသွားမည်

ပရင့်ထုတ်ရန်

လမ်းဘေးစားသောက်ဆိုင်များကို အောက်တိုဘာတတိယပတ်မှစတင်ကာ ပညာပေး စစ်ဆေးမှုများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှ တာဝန်ရှိသူများက ပြောသည်။

ကျန်းမာရေးနှင့် ညီညွတ်မှုအားနည်းသည့် လမ်းဘေးဆိုင်များကို ပညာပေးပုံစံဖြင့် လက်တွေ့ကွင်းဆင်းကာ တစ်ထိုင်တည်း စစ်ဆေးပြီး လမ်းညွှန်မှုပေးသွားမည်ဟု ယင်းတို့က ပြောသည်။

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က “လမ်းဘေးဆိုင်တွေအများစုက သန့်ရှင်းမှု အပိုင်းအားနည်းတယ်။ ကျန်းမာရေးနဲ့မညီညွတ်တာများတယ်။ ဒါကြောင့် စစ်ဆေးမှာပါ”ဟု ပြောသည်။

ဆရာဝန်များ၊ သြဂဲနစ်ဆိုင်ရာပညာရှင်များနှင့် အချက်အပြုတ်နည်းစနစ်များ စနစ်တကျကျွမ်းကျင်သူများ စုစုပေါင်း ၁၅ ဦးခန့် ပါဝင်သောအဖွဲ့ဖြင့် စစ်ဆေးမည်ဖြစ်သည်။

“မသန့်ရှင်းတာတွေတွေ့ရင် တစ်ခါတည်း ဘယ်လိုလုပ်ရမယ်လို့ ပြောပြမယ်။ ပညာပေးမယ်၊ စည်းရုံးမယ်”ဟု ဆိုသည်။ လမ်းဘေးဆိုင်အများစုမှာ ရေအလုံအလောက်ရရှိရန် ခက်ခဲခြင်းနှင့် နေရာအခက်အခဲများကြောင့် သန့်ရှင်းမှုအပိုင်းတွင် အားနည်းနေသည်။ လမ်းမများ၏ သန့်ရှင်းမှု အားနည်းခြင်းနှင့် ခွေးလေ ခွေးလွင့်များ၏
ပြဿနာကလည်း ၎င်းဆိုင်များ သန့်ရှင်းရေးလုပ်နိုင်မှုကို အကန့်အသတ်ဖြစ်စေသည်။

လမ်းဘေးစားသောက်ဆိုင်အများဆုံး ဖွင့်လှစ်ထားသည့် မြို့တွင်းနေရာများအပြင် အခြားမြို့နယ်များ အားလုံးကို လည်း ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် အချိန်ယူရမည်ဟု ၎င်းတို့ကဆိုသည်။

ဦးဗအုပ်ခိုင်က “လမ်းဘေးဆိုင်တွေကို လိုက်စစ်ဆေးလို့တော့ အခက်အခဲတော့ကြီးကြီးမားမားမရှိနိုင်ပါဘူး။ ကျွန်တော်တို့လည်း တရားဝင်ဖြစ်နေပါပြီ။ အရင်တုန်းကလည်း ဈေးတွေကို လိုက်စစ်ဆေးခဲ့တာ ပြဿနာ ကြီးကြီး မားမားမရှိခဲ့ပါဘူး။ လမ်းဘေးဆိုင်တွေကို ဆောင်ရွက်မှာကတော့ ပထမဆုံးပါပဲ”ဟု ပြောသည်။

မြို့တော်စည်ပင်ကိုလည်း ပူးပေါင်းဆောင်ရွက်နိုင်ရန် အကြောင်းကြားမည်ဖြစ်သည်။ လမ်းဘေး စားသောက်ဆိုင် များကို ဦးစွာဆောင်ရွက်ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် စားသောက်ဆိုင်ကြီးများကို စစ်ဆေး သွားရန် အစီအစဉ် ရှိကြောင်း မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းမှ တာဝန်ရှိသူများက ပြောသည်။

ယင်းသို့စစ်ဆေးရန်အတွက် လူအင်အားမှာမူ အသင်းဝင်များဖြစ်၍ သီးခြားကုန်ကျစရိတ်မရှိသော်လည်း လမ်းစရိတ်ကုန်မည်ဖြစ်ကြောင်း၊ ယင်းအတွက် သီးသန့်ရန်ပုံငွေမရှိဘဲ အသင်းသို့လှူဒါန်းထားသော ရန်ပုံငွေများထဲမှ သုံးစွဲမည်ဖြစ်ကြောင်း ဦးဗအုပ်ခိုင်က ပြောသည်။ သို့သော် ခန့်မှန်းကုန်ကျစရိတ် ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ဗဟန်းမြို့နယ်၊ ဆရာစံလမ်းရှိ လမ်းဘေးထမင်းဆိုင်တစ်ဆိုင်မှ ဆိုင်ရှင်က “ကျွန်မတို့ ဆိုင်က ငါးပိဖြစ်တုန်းက ဆိုလည်း ငါးပိချက်လိုမျိုးပဲ ရောင်းပါတယ်။ သန့်ရှင်းအောင်လည်း လုပ်ထားပါတယ်။ အခု သူတို့ ပညာပေးပုံစံနဲ့ လုပ်မှာဆိုတော့ကောင်းပါတယ်”ဟု ပြောသည်။

ရေကျိုငါးပိတွင် ဓာတ်မြေသြဇာပါဝင်သည့်သတင်းများကြောင့် ငါးပိရောင်းအားများ ကျဆင်းခဲ့ပြီးနောက် တွင် ပြည်သူများစားသုံးနိုင်သော ငါးပိဈေးကွက်ပေါ်ထွန်းရေး အလုပ်ရုံဆွေးနွေးပွဲအား ငါးပိလုပ်ငန်းရှင်များ နှင့် ပူးပေါင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း အသင်းမှတာဝန်ရှိသူများက ပြောသည်။

မြန်မာနိုင်ငံတွင် အစားအသောက်၊ ဆေးဝါးများနှင့်ပတ်သက်ပြီး စစ်ဆေးပေးသည့် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ခံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရှိသည်။ ယင်းကအခါအားလျော်စွာ
ဆေးဝါးများနှင့် စားသောက်ကုန်များကို စစ်ဆေးပြီး ထုတ်ပြန်ပေးလေ့ရှိသည်။

၂၀၀၉ ခုနှစ်ကမူ အန္တရာယ်ရှိသောဆိုးဆေးများပါဝင်သဖြင့် ငါးပိအမျိုးမျိုးကို စားသုံးရန်မသင့်ဟု တရားဝင်
ကြေညာချက်ထုတ်ပြန်ခဲ့ရသည်။ ငါးပိမတိုင်မီ အချဉ်ရည်တွင် ဆာလဖြူရစ်အက်စစ်တွေ့ရှိခြင်း၊ ငရုတ်သီးမှုန့်များ တွင် ဆိုးဆေးအသုံးပြုခြင်း၊ လက်ဖက်တွင် ဆိုးဆေးအသုံးပြုခြင်းများကိုလည်း တွေ့ရှိထားခဲ့သည်။

ယင်းသို့စစ်ဆေးပညာပေးနိုင်ပါက လူထုစားသုံးသည့်အစားအစာများတွင် အတိုင်းအတာတစ်ခုအထိ သန့်ရှင်းသွား မည်ဖြစ်သည်။

ဦးဗအုပ်ခိုင်က “ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆိုင်လေးတွေ ပေါ်လာမယ်။ ဒါဆို အပြင်မှာဝယ်စားရတဲ့သူတွေ ကလည်း ကိုယ့်အိမ်မှာ စားရသလို သန့်သန့်ရှင်းရှင်းနဲ့စားရမယ်”ဟု ပြောသည်။

အစိုးရကျန်းမာရေးဝန်ကြီးဌာနနှင့် လူထုအခြေပြုလူမှုအဖွဲ့အစည်းများ ယင်းသို့ ကိုယ်စီကိုယ်စီ ဆောင်ရွက်နိုင်ပါက လူအများစု၏ ကျန်းမာရေးနှင့် အစားအသောက်လုံခြုံရေးအတွက် အားတက်ဖွယ်ရာဖြစ် သည်ဟု ဆရာဝန် စာရေး ဆရာတစ်ဦးက ဆိုသည်။

လူအများတမ်းတနေသော ဘေးကင်းလုံခြုံစိတ်ချရသည့် စားသောက်နေထိုင်မှုဘ၀ကို မျှော်မှန်းနိုင်ပြီဟုလည်း ဆိုနိုင်မည်ဖြစ်သည်။