SEA-ME-WE 3 အင်တာနက်လိုင်း ချို့ယွင်းမှုဖြစ်နေစဉ် ကုန်းတွင်းနယ်စပ်ဖြတ်ကျော်လိုင်းဖြင့် ချိတ်ဆက်ပေးထား အင်တာနက်မြန်နှုန်း အနည်းငယ်သာလျော့ကျမည်ဟုဆို

ပရင့်ထုတ်ရန်

မြန်မာနိုင်ငံအတွက် အင်တာနက် အဓိကသုံးစွဲရာလိုင်းဖြစ်သည့် ရေအောက်အင်တာနက်ဆက်ကြောင်း  SEA-ME-WE 3 လိုင်း ချို့ယွင်းပြတ်တောက်မှု ဖြစ်ပေါ်နေသောကြောင့် ပြုပြင်နေဆဲကာလအတွင်း ကုန်းတွင်းနယ်စပ်ဖြတ်ကျော် (Cross Border) လိုင်းဖြင့်ပါ ချိတ်ဆက်ပေးထားသည်ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း ပြင်ပဆက်သွယ်ရေးဌာနရှိ အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက အောက်တိုဘာ ၁၃ ရက်တွင် ပြောသည်။

ယင်းသို့ နယ်စပ်ဖြတ်ကျော်အင်တာနက်လိုင်းဖြင့် ချိတ်ဆက်ပေးထားသောကြောင့် အင်တာနက်မြန်နှုန်းမှာ အနည်း ငယ်သာ လျော့ကျမည်ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

အောက်တိုဘာ ၁၀ ရက်က အဆိုပါ SEA-ME-WE 3 အင်တာနက်လိုင်း ချို့ယွင်းပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပြီး
ပြန်လည်ပြုပြင်ချိန် တစ်ပတ်ခန့်ကြာမြင့်မည်ဟုလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ထားသည်။

ဦးစိုင်းစောလင်းထွန်းက “SEA-ME-WE 3 ကို ပြုပြင်တာ ခုနစ်ရက်လောက်ကြာမယ်လို့ ခန့်မှန်းထားပါတယ်။ အခုလို
ပြုပြင်နေဆဲအချိန်မှာ Cross Border နဲ့  SEA-ME-WE 3  နှစ်လိုင်းလုံး ချိတ်ဆက်အသုံးပြု ထားတဲ့အတွက် အင်တာနက်မြန်နှုန်းကတော့ ဒီလောက်အထိ နှေးကွေးသွားမှာမဟုတ်ပါဘူး။အနည်း ငယ်လောက်ပဲဖြစ်မှာပါ ”ဟု ပြောသည်။

လက်ရှိချို့ယွင်းပြတ်တောက်မှု ဖြစ်ပေါ်နေသော အင်တာနက်ဆက်ကြောင်းမှာ ကုန်းတွင်းပိုင်းတွင် တည်ရှိသည့် အတွက် အမြန်ဆုံးပြုပြင်ပေးနိုင်မည်ဟုလည်း ၎င်းက ဆိုသည်။ SEA-ME-WE 3 အင်တာနက် ဆက်ကြောင်း ချို့ယွင်းပြတ်တောက်မှုများ ဖြစ်ပေါ်ရာတွင် ပင်လယ်ရေအောက်ဘက်တွင် ပြတ်တောက်ပါက ပြည်ပရှိ SEA-ME-WE 3 ရေအောက်ကေဘယ်လ်ပြုပြင်ရေးအဖွဲ့ကို ခေါ်ယူပြင်ဆင်ရပြီး ကုန်းတွင်းပိုင်း ပြတ်တောက်ပါက ပြည်တွင်းရှိ အင်ဂျင်နီယာများဖြင့်သာ ပြန်လည်ပြုပြင်လေ့ရှိသည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် အင်တာနက်ဆက်သွယ်ရေးအသုံးပြုနိုင်ရန်အတွက် ရေအောက်ကေဘယ်လ်ဆက် ကြောင်းဖြစ်သည့်SEA-ME-WE 3၊ ဂြိုဟ်တုဆက်ကြောင်းနှင့် နယ်စပ်ဖြတ်ကျော်ဖိုက်ဘာဆက်ကြောင်းဖြင့် ချိတ်ဆက်ထားပြီး ရေအောက်ကေဘယ်လ် ဆက်ကြောင်း SEA-ME-WE 3 ကို အဓိကထား သုံးစွဲနေ ရသည်။

အဆိုပါ SEA-ME-WE 3 ရေအောက် ကေဘယ်လ်ဆက်ကြောင်းသည် အာရှနှင့် ဥရောပရှိ နိုင်ငံပေါင်း ၃၄ နိုင်ငံနှင့် အဖွဲ့အစည်းစုစုပေါင်း ၆၄ ခုက ချိတ်ဆက်အသုံးပြုနေသည်။ အဆိုပါအင်တာနက်ဆက်ကြောင်း SEA-ME-WE 3 အတွက် အမေရိကန်ဒေါ်လာ ၁၄၃၄ သန်း ရင်းနှီးမြှုပ်နှံကာ ချိတ်ဆက်ထားပြီး မြန်မာနိုင် ငံက အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့် ပါဝင်မြှုပ်နှံထားသည်။

အဆိုပါ SEA-ME-WE 3 အင်တာနက် ဆက်ကြောင်းမှာ ပြီးခဲ့သည့်ဇူလိုင်လအတွင်းကလည်း ပြတ်တောက်မှု
ဖြစ်ပေါ်ခဲ့ရာ ပြင်ဆင်ခဲ့ရသေးသည်။